စက်မှုဇုန်မြေဧက ၆၀၀၀ ခန့်အား တစ်ဧက ကျပ်သိန်း ၅၀ ဖြင့် အိုးအိမ်က ကုမ္ပဏီကြီးတစ်ခု လက်ထဲသို့ ရောင်းချလိုက်သဖြင့် ယင်းကုမ္ပဏီကြီးက ချုပ်ကိုင်ဈေးကစားနေခြင်းမှာ တိုင်းပြည်အတွက် အကျိုးမရှိသည့်အပြင် စက်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုကို ရပ်တန့်စေကြောင်း မြို့ပြစီမံက

စက်မှုဇုန်မြေဧက ၆၀၀၀ ခန့်အား တစ်ဧက ကျပ်သိန်း ၅၀ ဖြင့် အိုးအိမ်က ကုမ္ပဏီကြီးတစ်ခု လက်ထဲသို့ ရောင်းချလိုက်သဖြင့် ယင်းကုမ္ပဏီကြီးက ချုပ်ကိုင်ဈေးကစားနေခြင်းမှာ တိုင်းပြည်အတွက် အကျိုးမရှိသည့်အပြင် စက်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုကို ရပ်တန့်စေကြောင်း မြို့ပြစီမံက
Published 19 December 2014
ဖြိုးဝေ

မြန်မာနိုင်ငံ၏ စက်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန် ဆောက်လုပ်ရေး ဝန်ကြီးဌာန မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးမှု ဦးစီးဌာနက လွန်ခဲ့သည့် ၁ဝ နှစ်ခန့်က မြေဧက ၆ဝဝဝ ခန့်အား စက်မှုဇုန်များအဖြစ် ဖော်ဆောင်ခဲ့ပြီး မြေတစ်ဧကလျှင် ကျပ်သိန်း ၅ဝ ဖြင့် ရောင်းချခဲ့သော်လည်း အဆိုပါမြေများအား ကုမ္ပဏီကြီးတစ်ခု လက်ထဲသို့သာ ပေးအပ်လုပ်ကိုင်စေခဲ့သဖြင့် မြေပေါ်တွင် အရောင်းအဝယ်ပြုလုပ်၍ ဈေးကစားမှု ပြုလုပ်နေခြင်းမှာ တိုင်းပြည်အတွက် အကျိုးမရှိသည့်အပြင် နိုင်ငံ၏စက်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုကိုပင် ရပ်တန့်စေကြောင်း မြို့ပြစီမံကိန်းပညာရှင် ဒေါက်တာကျော်လတ်က ဒီဇင်ဘာ ၁၃ ရက်တွင် ပြောကြားသည်။
“အိုးအိမ်က လွန်ခဲ့တဲ့ ၁ဝ နှစ်လောက်က မြေဧက ၆ဝဝဝ လောက်ကို အကောင်အထည်ဖော်ခဲ့တယ်။ အဲ့ဒါကို ကုမ္ပဏီကြီးတစ်ခုလက်ထဲကိုပဲ ထည့်လိုက်တယ်။ အခုအဲ့ဒီကုမ္ပဏီကြီးက တစ်ဧက တစ်ကွက်ကို သိန်း ၅ဝဝဝ လောက်နဲ့ ရောင်းနေတယ်။ အဲ့ဒါကြောင့် စက်မှုလုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်မှုက ရပ်နေတယ်။ အဲ့ဒီကိစ္စကလည်း တော်တော်လေး ခက်ခဲတဲ့ကိစ္စ ဖြစ်နေတယ်။ ဒီလိုမြေပေါ်မှာ အမြတ်တင်ပြီး အရောင်းအဝယ်လုပ် ဈေးကစားနေတာ (Land Speculation) တွေကို မီဒီယာသမားတွေက တိုက်ဖို့လိုတယ်။ တိုင်းပြည်အတွက် အကျိုးမရှိဘူး” ဟု ဒေါက်တာကျော်လတ်က ဆိုသည်။
ရန်ကုန်မြို့၏ စက်မှုဇုန်များတွင် ဈေးအမြင့်ဆုံးဖြစ်သည့် လှိုင်သာယာစက်မှုဇုန် မြေဈေးများမှာ ၂ဝဝ၅ ခုနှစ်ခန့်က သိန်း ၃ဝဝ ခန့်သာပေါက်ဈေးရှိခဲ့ပြီး လက်ရှိအချိန်တွင် မြေတစ်ဧကအား ကျပ်သိန်း ၅ဝဝဝခန့် ပေးအပ်နေရပြီး တရားမျှတမှုမရှိကြောင်း ဒေါက်တာကျော်လတ်က သုံးသပ်သည်။ ထိုသို့ မြေဈေးကစားမှုကိုလည်း မြေတစ်ဧကလျှင် ကျပ်သိန်း ၅ဝ ဖြင့်ရရှိခဲ့သည့် ကုမ္ပဏီကြီးကသာ လုပ်ဆောင်နေသည်ဟု ဒေါက်တာကျော်လတ်က ပြောကြားသည်။
“၂ဝဝ၅ ခုနှစ်လောက်တုန်းက လှိုင်သာယာမှာ တစ်ဧကကို ကျပ်သိန်း ၃ဝဝ လောက်နဲ့ရတယ်။ အခုဆို သိန်း ၅ဝဝဝ လောက်ဖြစ်နေတယ်။ အဲ့ဒါက မတရားကြီး။ မြေကွက်က ပုပ်သွားတာမဟုတ်တော့ ကုမ္ပဏီတစ်ခုတည်းက ကိုင်ပြီးလုပ်နေတာ။ အဲ့ဒါကြောင့်မို့လို ရန်ကုန်မြို့အတွက် မြန်မာနိုင်ငံအတွက် စက်မှုကဏ္ဍဖွံ့ဖြိုး တိုးတက်မှုကလည်း ရပ်နေတယ်” ဟု ဒေါက်တာကျော်လတ်က ဆိုသည်။
ရန်ကုန်မြို့တွင် စက်မှုဇုန်ပေါင်း ၂၉ခု အထိရှိနေပြီး အဆိုပါစက်မှုဇုန်များမှာ မြေကွက်လွတ်ပေါင်း ၂၃ဝဝ ကျော်နှင့် လုပ်ငန်းလုပ်ကိုင်မှုမရှိသည့် ဂိုဒေါင် ၁၂ဝဝ ကျော် အထိရှိနေသည်။ အဆိုပါမြေကွက်များအား လုံးပေါင်းမည်ဆိုပါက ဧကပေါင်း ၄၄၁၈ ဧက ကျော်ရှိနေပြီး ၂ဝ၁၅ ခုနှစ် ဖေဖော်ဝါရီလထက် နောက်မကျဘဲ လုပ်ငန်းလုပ်ကိုင်ခြင်း မရှိပါက နိုင်ငံတော်သို့ ပြန်လည်အပ်နှံရမည် ဖြစ်ကြောင်းနှင့် ဒီဇင်ဘာ ၁ ရက်နောက်ဆုံးထား၍ လုပ်ငန်းလုပ်ကိုင်မည့် စီမံကိန်းများ တင်ပြရမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့စက်မှုဇုန်များ စီမံခန့်ခွဲရေး ကော်မတီက အောက်တိုဘာ ၁ ရက်တွင် ထုတ်ပြန်ခဲ့သည်။ ထိုသို့ထုတ်ပြန်သော်လည်း လုပ်ငန်းစီမံကိန်းအား လာရောက်တင်ပြသည့် မြေကွက်ပိုင်ရှင်များ နည်းပါးခဲ့သည်။ စက်မှုဇုန်မြေကွက်လွတ်များအား လုပ်ငန်းလုပ်ဆောင်မှုမရှိပါက ပြန်လည်သိမ်းဆည်းမည်ဖြစ်ကြောင်း မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာနက မကြာခဏ ထုတ်ပြန်ခဲ့ဖူးသည်။ ထိုသို့ထုတ်ပြန်သော်လည်း အရေးယူမှုမရှိကြောင်း သိရသည်။
“နေပြည်တော် စက်မှုဇုန်မှာဆိုရင် လုပ်ငန်းတကယ်မလုပ်တဲ့ မြေကွက်တွေကို ပြန်သိမ်းတယ်။ ဒီမှာတော့ ဒီလိုသိမ်းတာ မရှိဘဲ ဖြစ်နေတယ်။ ဒီလိုဖြစ်နေတာက ဒီမှာက ပေါက်ရောက်မှု ပိုကြီးလို့ဖြစ်မယ်” ဟု ရေသန့်နှင့် အဆောက်အအုံဆိုင်ရာ ပညာရှင် ဦးနိုင်ထွန်းကဆိုသည်။
ရန်ကုန်မြို့ရှိ လူများ၏ လုပ်ငန်းလုပ်ကိုင်မှုဆိုင်ရာ စစ်တမ်းများအရ စက်မှုဇုန်များတွင် ၁၉ ရာခိုင်နှုန်း၊ အရောင်းအဝယ် လုပ်ငန်းများတွင် ၁၇ ရာခိုင်နှုန်း၊ ကုန်သည်နှင့် ကုန်သွယ်မှုဆိုင်ရာ လုပ်ငန်းများတွင် ၂၉ ရာခိုင်နှုန်း၊ အစိုးရလုပ်ငန်းများတွင် ၂၄ ရာခိုင်နှုန်းခန့် လုပ်ကိုင်နေပြီး စက်မှုလုပ်ငန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာစေရန် စက်ရုံအလုပ်ရုံများ များပြားလာစေရန် လိုအပ်နေသော်လည်း ထိုသို့ကုမ္ပဏီကြီးတစ်ခုက မြေဈေးကစား၍ ထိန်းချုပ်နေမှုကြောင့် စက်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်မှုမှာ ရပ်တန့်နေကြောင်း ဒေါက်တာကျော်လတ်က ထပ်ဆင့်ပြောကြားသည်။                            
 

Most Read

Most Recent