ဝန်ကြီးဌာနများ၌ လုပ်ငန်းလည်ပတ်မှုမရှိဘဲ ရပ်တန့်နေရသည့် လုပ်ငန်းရပ်များ၊ စက်ရုံ၊ အလုပ်ရုံများ၊ လုပ်ငန်းဆောင်ရွက်ရန် အကြောင်းအမျိုးမျိုးဖြင့် မြေနေရာများရယူထားပြီး လုပ်ငန်းဆောင်ရွက်နိုင်ခြင်းမရှိသည်များ ရှိနေသည်ကို တွေ့ရှိရကြောင်း နစကဥက္ကဋ္ဌ ပြောကြား

ဝန်ကြီးဌာနများ၌ လုပ်ငန်းလည်ပတ်မှုမရှိဘဲ ရပ်တန့်နေရသည့် လုပ်ငန်းရပ်များ၊ စက်ရုံ၊ အလုပ်ရုံများ၊ လုပ်ငန်းဆောင်ရွက်ရန် အကြောင်းအမျိုးမျိုးဖြင့် မြေနေရာများရယူထားပြီး လုပ်ငန်းဆောင်ရွက်နိုင်ခြင်းမရှိသည်များ ရှိနေသည်ကို တွေ့ရှိရကြောင်း နစကဥက္ကဋ္ဌ ပြောကြား
Published 19 October 2023

ဝန်ကြီးဌာနများ၌ လုပ်ငန်းလည်ပတ်မှုမရှိဘဲ ရပ်တန့်နေရသည့် လုပ်ငန်းရပ်များ၊ စက်ရုံ၊ အလုပ်ရုံများ၊ လုပ်ငန်းဆောင်ရွက်ရန် အကြောင်းအမျိုးမျိုးဖြင့် မြေနေရာများ ရယူထားပြီး လုပ်ငန်းဆောင်ရွက်နိုင်ခြင်း မရှိသည်များရှိနေသည်ကို တွေ့ရှိရကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်စီးပွားရေးရာကော်မတီအစည်းအဝေးအမှတ်စဉ် (၈/၂၀၂၃) ကို အောက်တိုဘာ ၁၈ ရက် မွန်းလွဲပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်ရာ စီးပွားရေးရာကော်မတီဥက္ကဋ္ဌ၊ နစကဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားရာတွင် ထိုသို့ထည့်သွင်းပြောကြားခြင်းဖြစ်သည်။

ဝန်ကြီးဌာနများနှင့်ပတ်သက်၍ လုပ်ငန်းများဆောင်ရွက်ရာ၌ စျေးကွက်စီးပွားရေးစနစ်ဖြင့် ဆောင်ရွက်ချိန်တွင် ဝန်ကြီးဌာနများရှိ အချို့လုပ်ငန်းများ ဖျက်သိမ်းခြင်းများရှိသကဲ့သို့ အချို့လုပ်ငန်းများကို ပုဂ္ဂလိကသို့ လုပ်ပိုင်ခွင့်များပေးခြင်းနှင့် ဖက်စပ်ဆောင်ရွက်ခဲ့ခြင်းများရှိကြောင်း၊ ပြီးခဲ့သည့် အစိုးရလက်ထက်တွင် ဝန်ကြီးဌာနများမှ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် စီးပွားရေးလုပ်ငန်းအချို့ကို ရပ်တန့်ခဲ့သဖြင့် နိုင်ငံအတွက် ဝန်ထုပ်ဝန်ပိုးများ ဖြစ်ပေါ်စေခဲ့ကြောင်း၊ ထို့ကြောင့် မိမိတို့ တာဝန်ယူဆောင်ရွက်ချိန်တွင် လည်ပတ်သင့်သည့် စက်ရုံများနှင့် လုပ်ငန်းများကို ပြန်လည်လည်ပတ်နိုင်ရေး ဆောင်ရွက်ခဲ့ကြောင်း နစကဥက္ကဋ္ဌက ပြောကြားသည်။

အလားတူဝန်ကြီးဌာနများ၌ လုပ်ငန်းလည်ပတ်မှုမရှိဘဲ ရပ်တန့်နေရသည့် လုပ်ငန်းရပ်များ၊ စက်ရုံ၊ အလုပ်ရုံများ၊ လုပ်ငန်းဆောင်ရွက်ရန် အကြောင်းအမျိုးမျိုးဖြင့် မြေနေရာများ ရယူထားရှိပြီး လုပ်ငန်းဆောင်ရွက်နိုင် ခြင်းမရှိသည်များ ရှိနေသည်ကို တွေ့ရှိရကြောင်း၊ နိုင်ငံ့အကျိုးအတွက် ကြည့်မည်ဆိုပါက ၎င်းမြေနေရာများ၊ စက်ရုံ၊ အလုပ်ရုံများ လည်ပတ်နိုင်မည့်၊ ကုန်ထုတ်လုပ်မှု ဆောင်ရွက်နိုင်မည့် အဖွဲ့အစည်းများက လုပ်ဆောင်နိုင်ရန် လိုအပ်မည်ဖြစ်ကြောင်း၊ အဓိကအားဖြင့် နိုင်ငံအတွက်လိုအပ်သည့် ကုန်ထုတ်လုပ်မှုများ ဆောင်ရွက်နိုင်ရန်လိုကြောင်း နစကဥက္ကဋ္ဌက ပြောကြားသည်။

ထိုသို့ဆောင်ရွက်ရာတွင် အစိုးရပိုင်းဆိုင်ရာနှင့် ပုဂ္ဂလိကပိုင်းဆိုင်ရာများ စသည်ဖြင့် အပိုင်းလိုက်ဆောင်ရွက်ရန်လိုကြောင်းနှင့် ချမှတ်ထားသည့်မူဝါဒများ၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဆောင်ရွက်ရန်လိုကြောင်း၊ လုပ်ငန်းများဆောင်ရွက်ရန်အတွက် လွှဲပြောင်းပေးရာတွင်လည်း အမှန်တကယ် ကုန်ထုတ်လုပ်မှုလုပ်ငန်းများကို အောင်မြင်အောင် အကောင်အထည်ဖော်ဆောင်ရွက်နိုင်သူများကိုသာ ဆောင်ရွက်ခွင့်ပေးရန်လိုကြောင်းလည်း နစကဥက္ကဋ္ဌက ပြောကြားသည်။

နိုင်ငံတော်အစိုးရမှ ဆောင်ရွက်နေသည့် လုပ်ငန်းများသည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူလူထုအတွက် အထောက်အကူပြုသည့် လုပ်ငန်းများဖြစ်သဖြင့် နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများကို အောင်မြင်အောင် ဆောင်ရွက်သွားရန်လိုကြောင်း နစကဥက္ကဋ္ဌက ပြောကြားသည်။

ထို့ပြင် မိမိတို့အနေဖြင့် နှစ်စဉ်ဘတ်ဂျက်ငွေများကို ချထားပေးလျက်ရှိပြီး ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ဝန်ကြီးချုပ်များအနေဖြင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အမှန်တကယ် အကျိုးဖြစ်ထွန်းစေနိုင်မည့် လုပ်ငန်းများအတွက် အမှန်တကယ်လိုအပ်မည့် ငွေကြေးတောင်းခံမှုများကိုသာ ဖြစ်စေရန်လိုကြောင်း၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လမ်းပန်းဆက်သွယ်ရေး၊ ကျန်းမာရေး၊ ပညာရေးနှင့် အခြားကဏ္ဍများစွာတွင် သုံးစွဲရမည့် ငွေကြေးပမာဏများစွာရှိနေသည့်အတွက် စနစ်တကျ တွက်ချက်တောင်းခံသွားစေလိုကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များ၌ လုပ်ငန်းများဆောင်ရွက်ရာတွင် နိုင်ငံတော်ဘက်ဂျက်များကို အကျိုးရှိစွာဖြင့် အသုံးချနိုင်ရေး သတ်မှတ်ကာလများအတွင်း အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်ရန်လိုကြောင်းလည်း နစကဥက္ကဋ္ဌက ပြောကြားသည်။

အစည်းအဝေးသို့ ကောင်စီဝင်များဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ ဒုတိယဗိုလ်ချုပ်ကြီး ညိုစောနှင့် ဦးရွှေကြိမ်း၊ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များက Video Conferencing ဖြင့် တက်ရောက်ခဲ့ကြောင်း သိရသည်။

Most Read

Most Recent