ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ဘုရားသုံးဆူမြို့တွင် အောက်တိုဘာ ၁၈ ရက် ညနေ ၄ နာရီဝန်းကျင် ခန့်က အမျိုးသားတစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရကြောင်း မြို့ခံများထံမှ သိရသည်။
သေနတ်ဖြင့်ပစ်ခတ်ခံခဲ့ရသူမှာ ဘုရားသုံးဆူမြို့၊ အမှတ် (၃) ရပ်ကွက်၊ ထားဝယ်စုရပ်နေ ဦးသန်းထွန်း ဖြစ်ကြောင်း မြို့ခံတစ်ဦးက ပြောကြားသည်။
၎င်းကဆက်လက်ပြီး “ဦးသန်းထွန်းက သူ့အိမ်နားမှာဘဲ သေနတ်နဲ့ ပစ်ခတ်ခံခဲ့ရတာလို့ သိရတယ်။ ဘယ်ဘက်မျက်ခုံးပေါ်မှာ ကျည်ဖောက်ဝင် ဒဏ်ရာရရှိခဲ့တယ်။ ဒဏ်ရာက ပြင်းထန်တယ်လို့ သိရတယ်။ သူ့ကို ဘုရားသုံးဆူမြို့ ဆေးရုံမှာ ဆေးကုသမှုပေးထားတယ်” ဟု ပြောကြားသည်။
ဦးသန်းထွန်းအား မည်သည့်လက်နက်ကိုင်အဖွဲ့အစည်းက မည်သည့်အကြောင်းကြောင့် သေနတ်ဖြင့်ပစ်ခတ်ခဲ့သည်ကို မသိရသေးကြောင်း ၎င်းမြို့ခံက ဆိုသည်။