မြန်မာ့နိုင်ငံရေးအကျပ်အတည်းကိုဖြေရှင်းရန် NCA အသိသက်သေနိုင်ငံများ အပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် ကြားဝင်ဆောင်ရွက်သင့်ကြောင်း NCA လက်မှတ်ထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ခြောက်ဖွဲ့ ထုတ်ပြန်

မြန်မာ့နိုင်ငံရေးအကျပ်အတည်းကိုဖြေရှင်းရန် NCA အသိသက်သေနိုင်ငံများ အပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် ကြားဝင်ဆောင်ရွက်သင့်ကြောင်း NCA လက်မှတ်ထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ခြောက်ဖွဲ့ ထုတ်ပြန်
Published 18 October 2023

မြန်မာ့နိုင်ငံရေးအကျပ်အတည်းကို ဖြေရှင်းရန် NCA အသိသက်သေနိုင်ငံများအပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် ကြားဝင်ဆောင်ရွက်သင့်ကြောင်း တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ခြောက်ဖွဲ့က ထုတ်ပြန်သည်။

ယင်းထုတ်ပြန်ချက်ကို ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)၊ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် (DKBA)၊ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး/ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA PC)၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU)၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်  (PNLO) နှင့် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) တို့က ပူးတွဲထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

အားလုံးပါဝင်ရေးမူကို အခြေခံသော NCA စာချုပ်တွင် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းအားလုံး အတူတကွ ပါဝင်လက်မှတ်ရေးထိုးခွင့် မရရှိခဲ့ခြင်းသည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၏ အားနည်းချက်တစ်ရပ်ဖြစ်ခဲ့သည့်အပြင် ပြီးခဲ့သည့်ကာလများတွင် NCA စာချုပ်ကို အဆင့်ဆင့် အကောင်အထည်ဖော်ဆောင်ခဲ့သော်လည်း မျှော်မှန်းသလောက် ရလာဒ်များ မရရှိခဲ့ကြောင်း၊ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလနောက်ပိုင်း နိုင်ငံရေးအခြေအနေ အပြောင်းအလဲကြီးစွာ ဖြစ်ပေါ်လာသဖြင့် NCA အကောင်အထည်ဖော်ဆောင်နိုင်မှု လုံးဝရပ်စဲသွားခဲ့ရသလို မတည်ငြိမ်မှုများ၊ လက်နက်ကိုင်ပဋိပက္ခများလည်း တစ်နေ့ထက်တစ်နေ့ ပိုမိုကြီးထွားလာခဲ့ကြောင်း၊ မိမိတို့အနေဖြင့် မူလ NCA ပြဋ္ဌာန်းချက်များကို အကောင်အထည် မဖော်နိုင်တော့သည့်အတွက် လက်ရှိနိုင်ငံရေးအကျပ်အတည်း ဖြေရှင်းနိုင်ရေး၊ ပြည်သူလူထုအား အကျပ်အတည်းမျိုးစုံ လွတ်မြောက်ရေးတို့အတွက် NCA ၏ အနှစ်သာရ သုံးချက်ဖြစ်သည့် နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရေး၊ သက်ဆိုင်သူအားလုံး ပါဝင်သော အဓိပ္ပာယ်ပြည့်ဝသည့် နိုင်ငံရေးဆွေးနွေးပွဲများ ဖြစ်မြောက်ရေးနှင့် အရပ်သားများကို အကာအကွယ်ပေးရေး စသည့်မူများကို ကိုင်စွဲကာ တစိုက်မတ်မတ် အားထုတ်ကြိုးပမ်းနေဆဲဖြစ်ကြောင်း NCAs EAO ခြောက် ဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အာဆီယံအပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်း၏ မြန်မာ့နိုင်ငံရေး အကျပ်အတည်းကို ကျော်လွှားနိုင်ရန်အတွက် ကြိုးပမ်းဆောင်ရွက်ခဲ့မှုများသည်လည်း တိုးတက်မှုမရှိသေးကြောင်း၊ လက်ရှိနိုင်ငံရေးပြဿနာများကို အမြန်ဆုံးဖြေရှင်းကာ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကို မတည်ဆောက်နိုင်ပါက တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှု မရှိနိုင်သလို စစ်ရေးပဋိပက္ခများ ပိုမိုကျယ်ပြန့်လာပြီး အိမ်နီးချင်းနိုင်ငံများ၏ တည်ငြိမ်မှု၊ ဖွံ့ဖြိုးတိုးတက်မှုနှင့် စီးပွားကူးသန်းရောင်းဝယ်မှုများကိုပါ ထိခိုက်လာနိုင်သည်ကို သတိပြုစေလိုကြောင်း၊ ထို့ကြောင့် မြန်မာ့နိုင်ငံရေးအကျပ်အတည်းကို ဖြေရှင်းရန် NCA အသိသက်သေနိုင်ငံများအပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် ကြားဝင်ဆောင်ရွက်သင့်ကြောင်း တိုက်တွန်းအပ်ပါသည်ဟု NCAsEAO ခြောက်ဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

NCA လက်မှတ်ရေးထိုးခြင်း ရှစ်နှစ်ပြည့်အခါသမယတွင် သက်ဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် နိုင်ငံရေးပြဿနာများကို ဖြေရှင်းနိုင်မည့် နိုင်ငံရေးဝန်းကျင်ကို ဖော်ဆောင်သွားရန်၊ ဖမ်းဆီးထိန်းသိမ်းခံထားရသူအားလုံး ပြန်လွှတ်ပေးရန်၊ လက်ရှိ အကြမ်းဖက်ပဋိပက္ခများကို လျှော့ချရပ်စဲပြီး ယနေ့ ရင်ဆိုင်ကြုံတွေ့နေရသည့် နိုင်ငံရေး အကျပ်အတည်းကို ငြိမ်းချမ်းသောနည်းဖြင့် တွေ့ဆုံဆွေးနွေး ညှိနှိုင်းဖြေရှင်းကြရန် သက်ဆိုင်ရာအဖွဲ့အစည်းအားလုံးကို တိုက်တွန်းအပ်ကြောင်း NCAsEAO ခြောက်ဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။