နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် မြန်မာနိုင်ငံအချုပ်အခြာအာဏာကို အပြည့်အဝလေးစားပြီး မြန်မာနိုင်ငံတွင် နိုင်ငံရေးအသွင်ကူးပြောင်းမှု၊ ငြိမ်းချမ်းရေးနှင့် အမျိုးသားသင့်မြတ်ရေး ဖော်ဆောင်ရန် အပြုသဘောဆောင် ကူညီနိုင်ရန်မျှော်လင့်ကြောင်း တရုတ်အာရှရေးရာအထူးကိုယ်စားလှယ် ပြောကြား

နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် မြန်မာနိုင်ငံအချုပ်အခြာအာဏာကို အပြည့်အဝလေးစားပြီး မြန်မာနိုင်ငံတွင် နိုင်ငံရေးအသွင်ကူးပြောင်းမှု၊ ငြိမ်းချမ်းရေးနှင့် အမျိုးသားသင့်မြတ်ရေး ဖော်ဆောင်ရန် အပြုသဘောဆောင် ကူညီနိုင်ရန်မျှော်လင့်ကြောင်း တရုတ်အာရှရေးရာအထူးကိုယ်စားလှယ် ပြောကြား
Published 16 October 2023

နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် မြန်မာနိုင်ငံအချုပ်အခြာအာဏာကို အပြည့်အဝလေးစားပြီး မြန်မာနိုင်ငံတွင် နိုင်ငံရေးအသွင်ကူးပြောင်းမှု၊ ငြိမ်းချမ်းရေးနှင့် အမျိုးသားသင့်မြတ်ရေးဖော်ဆောင်ရန် အပြုသဘောဆောင် ကူညီနိုင်ရန်မျှော်လင့်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာ အထူးကိုယ်စားလှယ် မစ္စတာတိန့်ရှိးကျွင်းက ပြောကြားသည်။

အောက်တိုဘာ ၁၅ ရက်တွင်ကျင်းပသည့် NCA ရှစ်နှစ်မြောက်နှစ်ပတ်လည်ပွဲ၌ ဂုဏ်ပြုစကားတွင် တရုတ်အာရှရေးရာအထူးကိုယ်စားလှယ်က ထိုသို့ထည့်သွင်းပြောကြားခြင်းဖြစ်သည်။

“မြန်မာနိုင်ငံက မိမိနိုင်ငံအခြေအနေနဲ့ ကိုက်ညီတဲ့ မြန်မာနိုင်ငံထူးခြားချက်ရှိတဲ့ ဖွံ့ဖြိုးတိုးတက်မှုလမ်းကြောင်း စူးစမ်းရှာဖွေခြင်း၊ မြန်မာနိုင်ငံက နိုင်ငံတကာမျက်နှာစာတွင် တရားဝင်အခွင့်အရေး အကျိုးစီးပွားနှင့် အမျိူးသားဂုဏ်သိက္ခာအား ကာကွယ်စောင့်ရှောက်ခြင်းကို တရုတ်နိုင်ငံက ထောက်ခံအားပေးပါတယ်။ နိုင်ငံတကာအသိုင်းအဝိုင်းကလည်း မြန်မာနိုင်ငံအချုပ်အခြာအာဏာကို အပြည့်အဝလေးစားပြီး မြန်မာနိုင်ငံက နိုင်ငံရေးအသွင်ကူးပြောင်းမှုနှင့် ငြိမ်းချမ်းရေးနှင့် အမျိုးသားသင့်မြတ်ရေးဖော်ဆောင်ရန် အပြုသဘောဆောင်စွာ ကူညီသွားနိုင်ဖို့ မျှော်လင့်ပါတယ်။ ဆွေမျိုးချစ်ကြည်ရင်းနှီးသူအချင်းချင်း ကောင်းမွန်စေရန်မျှော်လင့်သလို အိမ်နီးချင်းအချင်းချင်းလည်း ကောင်းမွန်စေဖို့မျှော်လင့်ကြပါတယ်။ တရုတ်နိုင်ငံက မြန်မာနိုင်ငံယုံကြည်အားကိုးရတဲ့ အိမ်နီးချင်းကောင်း၊ မိတ်ဆွေကောင်း၊ မိတ်ဖက်ကောင်းဖြစ်ပါတယ်။ မြန်မာနိုင်ငံတိုးတက်ကောင်းမွန်လာပါစေ။ နိုင်ငံတော်ရေရှည်တည်ငြိမ်အေးချမ်း ပါစေလို့မျှော်လင့်ကြောင်း လှိုက်လှဲစွာဆုမွန်ကောင်းတောင်းပေးအပ်ပါတယ်” ဟု တရုတ်အာရှရေးရရာအထူးကိုယ်စားလှယ်က ပြောကြားသည်။

မြန်မာနိုင်ငံ အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးနှင့် တိုင်းရင်းသားပြည်သူများ သာယာချမ်းမြေ့ရေးအတွက် ငြိမ်းချမ်းရေးလိုအပ်ကြောင်း၊ ငြိမ်းချမ်းရေးသည် မြန်မာပြည်သူများ မျှော်လင့်တောင့်တရာဖြစ်ပြီး မြန်မာနိုင်ငံနှင့် မြန်မာနိုင်ငံ ပြည်သူများ၏ အရင်းခံအကျိုးစီးပွားနှင့် ကိုက်ညီကြောင်း၊ တရုတ်နိုင်ငံက မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်း စဉ်ကို ခိုင်မာစွာထောက်ခံအားပေးကြောင်း၊ မြန်မာနိုင်ငံဘက်အသီးသီး၏ လိုအပ်ချက်အရ မြန်မာနိုင်ငံတော်အချုပ် အခြာအာဏာကို အပြည့်အဝလေးစားသည့်အခြေအနေတွင် တရုတ်နိုင်ငံက ငြိမ်းချမ်းစွာဆွေးနွေးရန် တိုက်တွန်းသည့် အပြုသဘောဆောင်သော အခန်းကဏ္ဍမှနေပါဝင်ပြီး မြန်မာနိုင်ငံ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဖော်ဆောင်ရန် တက်တက်ကြွကြွကူညီတွန်းအားပေးလိုကြောင်း ၎င်းက ပြောကြားသည်။

“တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) ဟာ မြန်မာနိုင်ငံ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ထဲမှာ အရေးပါမှတ်တိုင်တစ်ခုဖြစ်ပါတယ်။ မြန်မာနိုင်ငံငြိမ်းချမ်းရေးလုပ်ငန်းစဉ်ရဲ့ သက်ဆိုင်ရာဘက်အသီးသီးက တံခါးဖွင့်ခြင်း၊ အားလုံးပါဝင်ခြင်း၊ ပြောင်းလွယ်ပြင်လွယ်ခြင်း၊ လက်တွေ့ကျခြင်းဟူသော သဘောထားကိုအရင်းခံ၍ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲကာ ငြိမ်းချမ်းရေးဆွေးနွေးခြင်းဆိုတဲ့ လားရာကြီးကို ဆက်လက်ကိုင်စွဲထားပြီး ငြိမ်းချမ်းရေးဆွေးနွေးခြင်းမှတစ်ဆင့် အပြန်အလှန်ယုံကြည်မှုများ အဆက်မပြတ်တိုးများလာစေခြင်းဖြင့် နောက်ဆုံးထာဝရ ငြိမ်းချမ်းရေးဖော်ဆောင်နိုင်ဖို့ မျှောင်လင့်ပါတယ်” ဟု တရုတ်အာရှရေးရာ အထူးကိုယ်စားလှယ်က ပြောကြားသည်။

တရုတ်နိုင်ငံအနေဖြင့် နှစ်နိုင်ငံ အစဉ်အလာ ချစ်ကြည်ရေးကို အလွန်အလေးထားပြီး မြန်မာပြည်သူတစ်ရပ်လုံးအပေါ်ချစ် ကြည်ရင်းနှီးသည့် မူဝါဒကိုကိုင်စွဲထားကြောင်း၊ တရုတ်နိုင်ငံက မြန်မာနိုင်ငံ၏ ယုံကြည်ရသောပူးပေါင်းဆောင်ရွက်မှုမိတ်ဖက်အဖြစ် ဆက်လက်ဆောင်ရွက်ပြီး နှစ်ဦးနှစ်ဖက် ချစ်ကြည်ရင်းနှီးစွာဆက်ဆံရေးကို တိုးမြှင့်သွားလိုကြောင်း၊ ထို့ပြင် “Belt and Road” အတူတကွတည်ဆောက်ရေးကိုလည်း အရှိန်မြှင့်တင်ပြီး တရုတ်-မြန်မာ အေးအတူပူအမျှ အသိုက်အဝန်း အနှစ်သာရကိုလည်း အဆက်မပြတ်ပြည့်ဝလာစေရန် ဆောင်ရွက်လိုကြောင်း  တရုတ်အာရှရေးရာအထူးကိုယ်စားလှယ်က ပြောကြားသည်။