ကုလသမဂ္ဂ၏ နောက်ဆုံးကိန်းဂဏန်းများအရ မြန်မာနိုင်ငံတစ်ဝန်းတွင် ပြည်တွင်းနေရပ်စွန့်ခွာသူဦးရေ နှစ်သန်းနီးပါးရှိလာပြီဖြစ်ကြောင်း UNOCHA Myanmar ဖော်ပြ

ကုလသမဂ္ဂ၏ နောက်ဆုံးကိန်းဂဏန်းများအရ မြန်မာနိုင်ငံတစ်ဝန်းတွင် ပြည်တွင်းနေရပ်စွန့်ခွာသူဦးရေ နှစ်သန်းနီးပါးရှိလာပြီဖြစ်ကြောင်း UNOCHA Myanmar ဖော်ပြ
Published 12 October 2023

ကုလသမဂ္ဂ၏ နောက်ဆုံးကိန်းဂဏန်းများအရ မြန်မာနိုင်ငံတစ်ဝန်းတွင် ပြည်တွင်းနေရပ်စွန့်ခွာသူဦးရေ နှစ်သန်းနီးပါးရှိလာပြီဖြစ်ကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး (UNOCHA Myanmar) က အောက်တိုဘာ ၁၂ ရက်တွင် သတင်းထုတ်ပြန်ဖော်ပြသည်။

၎င်းတို့အနက် လူဦးရေ ၁ ဒသမ ၇ သန်းနီးပါးသည် ၂၀၂၁ ခုနှစ် နိုင်ငံရေးအပြောင်းအလဲဖြစ်ပေါ်ပြီးနောက် ဖြစ်ပေါ်ခဲ့သော ပဋိပက္ခများနှင့် မလုံခြုံမှုများကြောင့် နေရပ်စွန့်ခွာထွက်ပြေးကြရသူများဖြစ်ကြောင်းလည်း UNOCHA Myanmar က သတင်းထုတ်ပြန်သည်။

ထို့ပြင် ကချင်ပြည်နယ်၊ လိုင်ဇာမြို့အနီးတွင် အောက်တိုဘာ ၉ ရက် ညပိုင်းက ဖြစ်ပွားခဲ့သော မြေပြင်ပေါက်ကွဲမှုကြောင့် ပြည်တွင်း နေရပ်စွန့်ခွာသူများ အထူးသဖြင့် အမျိုးသမီးများနှင့် ကလေးငယ်များအပါအဝင် အရပ်သားဒါဇင်နှင့်ချီကာ သေဆုံးခဲ့ပြီး ၅၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်းလည်း UNOCHA Myanmar ၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါပေါက်ကွဲမှုကြောင့် ကျေးရွာတစ်ရွာနှင့် လူဦးရေ ၆၀၀၀ ကျော် နေထိုင်သည့် အနီးနားရှိ ရွှေ့ပြောင်းအခြေချစခန်းတစ်ခု ထိခိုက်ခဲ့ကြောင်း UNOCHA Myanma  က သတင်းထုတ်ပြန်သည်။

စက်တင်ဘာ ၂၆ ရက်မှ အောက်တိုဘာ ၁ ရက်အထိ မြန်မာနိုင်ငံ အရှေ့တောင်ပိုင်းဘက်တွင် လူဦးရေ ၄၈၀၀ ခန့် အိုးမဲအိမ်မဲ့ဖြစ်ခဲ့ရပြီး အနောက်မြောက်ဘက်ရှိ စစ်ကိုင်းတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးတို့တွင် လက်နက်ကိုင်တိုက်ပွဲများကြောင့် လူဦးရေ ၁၃၀၀၀ ခန့် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရကြောင်း UNOCHA Myanmar က သတင်းထုတ်ပြန်သည်။

တိုက်ပွဲများကြောင့် ကယားပြည်နယ်၊ ဖရူဆိုမြို့နယ်တွင် ဒေသခံများအနီးနားရှိ သစ်တောထဲသို့ ထွက်ပြေးတိမ်းရှောင်နေကြရပြီး အမိုးအကာ၊ စားနပ်ရိက္ခာနှင့် အခြားသော အခြေခံပစ္စည်းများ အရေးပေါ်လိုအပ်လျက်ရှိကြောင်း UNOCHA Myanmar ၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စက်တင်ဘာနောက်ဆုံးပတ်မှစ၍ ကယားပြည်နယ်ရှိ အဓိကလမ်းများကို ပိတ်ဆို့ထားမှုကြောင့် ရှမ်းပြည်နယ်-ကယားပြည်နယ် နယ်စပ်တစ်လျှောက်ရှိ ကျေးရွာများမှ ဒေသခံများအနေဖြင့် လူမှုကယ်ဆယ်ရေးပစ္စည်း ပြတ်လပ်မှုများ ကြုံတွေ့နေရသကဲ့သို့ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများ ဝင်ရောက်ခွင့်မှာလည်း အဟန့်အတားဖြစ်နေကြောင်း UNOCHA Myanmar က သတင်းထုတ်ပြန်သည်။

၂၀၂၁၃ ခုနှစ်၊ ပထမနှစ်ဝက်အတွင်း လူသားချင်းစာနာမှုဆိုင်ရာ မဟာမိတ်အဖွဲ့အစည်းများက ရွှေ့ပြောင်းအခြေချပြည်သူ ခုနစ်သိန်းအပါအဝင် လူဦးရေ ၁ ဒသမ ၈ သန်းကျော်ကို အကူအညီပေးနိုင်ခဲ့ကြောင်း UNOCHA Myanmar က သတင်းထုတ်ပြန်သည်။

Most Read

Most Recent