တပ်မတော်ဆေးတက္ကသိုလ်မှ နိုင်ငံတကာတက္ကသိုလ်များသို့ အဆင့်မြင့်ဆေးပညာများကို လေ့လာသင်ကြားရန် စေလွှတ်ရာတွင် ဆေးပညာမဟာသိပ္ပံ ဘွဲ့ရရှိသူ ၄၀၊ ပါရဂူဘွဲ့ရရှိသူ ၂၄ ဦးနှင့် တော်ဝင်သမားတော်ဘွဲ့ရရှိသူ ၂၂၇ ဦးတို့ ရှိခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ပြောကြားသည်။
အောက်တိုဘာ ၂ ရက်က ပြင်ဦးလွင်မြို့ ပြုလုပ်သည့် အမှတ် (၁) တပ်မတော်ဆေးရုံ (ခုတင်-၇၀၀)၊ နှစ်(၁၀၀)ပြည့်အခမ်းအနား၊ ဓာတ်ရောင်ခြည်နှင့် ကင်ဆာရောဂါကုသဆောင်ဖွင့်ပွဲနှင့် အကြိမ်(၃၀)မြောက် မြန်မာ့တပ်မတော်ဆေးပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲတွင် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်းလည်း ဖြစ်သည်။
ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက တပ်မတော်ဆေးတက္ကသိုလ်အနေဖြင့် ဆေးပညာဘွဲ့များအပြင် ပညာရပ်ပိုင်းဆိုင်ရာ အဆင့်မြင့်ဘွဲ့များဖြစ်သည့် ဆေးပညာဘွဲ့လွန် ဒီပလိုမာအမျိုးအစားပေါင်း ၁၆ ခု၊ ဆေးပညာမဟာသိပ္ပံဘွဲ့ အမျိုးအစားပေါင်း ၂၇ ခုနှင့် ပါရဂူဘွဲ့အမျိုးအစားပေါင်း ၃၄ ခု တို့ကို တိုးချဲ့ဖွင့်လှစ်ပေးနိုင်ပြီးဖြစ်ကြောင်း၊ ထိုသို့ တိုးမြှင့်ဖွင့်လှစ်ပေးခဲ့သည့်အတွက် ယခုအချိန်အထိ ဆေးပညာဘွဲ့ရရှိသူ ၄၈၄၅ ဦး၊ သွားဘက်ဆိုင်ရာ ဆေးပညာဘွဲ့ရရှိသူ ၈၉ ဦး၊ ဒီပလိုမာဘွဲ့ရရှိသူ ၅၉၀၊ ဆေးပညာမဟာသိပ္ပံဘွဲ့ရရှိသူ ၂၇၈၂ ဦး၊ သွားဘက်ဆိုင်ရာ မဟာသိပ္ပံဘွဲ့ရရှိသူ ၅ဝနှင့် ပါရဂူဘွဲ့ရရှိသူ ၄၂၁ ဦးရှိခဲ့သည်ကို တွေ့ရှိရကြောင်း၊ ထို့အပြင် နိုင်ငံတကာတက္ကသိုလ်များသို့ စေလွှတ်ပြီး အဆင့်မြင့်ဆေးပညာများကို လေ့လာသင်ကြားစေခဲ့ရာ နိုင်ငံတကာတက္ကသိုလ်များမှ ဆေးပညာမဟာသိပ္ပံ ဘွဲ့ရရှိ သူ ၄၀၊ ပါရဂူဘွဲ့ရရှိသူ ၂၄ ဦးနှင့် တော်ဝင်သမားတော်ဘွဲ့ရရှိသူ ၂၂၇ ဦးတို့ ရှိခဲ့သည်ကို တွေ့ရမည်ဖြစ်ကြောင်း ပြောကြားသည်။
တပ်မတော်ဆေးတက္ကသိုလ်နည်းတူ တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာတက္ကသိုလ်တွင်လည်း သူနာပြုနှင့်ဆေးဘက်ဆိုင်ရာဒီပလိုမာသင်တန်း ခုနစ်မျိုး၊ သူနာပြုနှင့်ဆေးဘက်ဆိုင်ရာ ဘွဲ့လွန်သင်တန်းအမျိုးအစား ခြောက်ခုနှင့် ပါရဂူသင်တန်းအမျိုးအစား သုံးခုတို့ကို တိုးမြှင့်ဖွင့်လှစ်ပေးနိုင်ခဲ့ကြောင်း၊ ထိုသို့ဖွင့်လှစ်ပေးနိုင်ခဲ့သည့်အတွက် တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာတက္ကသိုလ်မှ သူနာပြုနှင့် ကျွမ်းကျင်သူစုစုပေါင်း ၄၁၅၈ ဦး၊ ဘွဲ့လွန်ဒီပလိုမာ ရရှိသူ ၅၂၆ ဦး၊ မဟာဘွဲ့ရရှိသူ ၆၄၁ ဦးနှင့် ပါရဂူဘွဲ့ရရှိသူ ၃၀ ရှိခဲ့သည်ကို တွေ့ရှိရကြောင်း၊ ထို့ပြင် သူနာပြုနှင့်ကျွမ်းကျင်သူများကို နိုင်ငံတကာသို့စေလွှတ်ပြီး ပညာသင်စေခဲ့ရာ နိုင်ငံတကာတက္ကသိုလ်များမှ မဟာဘွဲ့ရရှိသူ ငါးဦးနှင့် ပါရဂူဘွဲ့ရရှိသူ နှစ်ဦး ရှိခဲ့သည်ကိုလည်း တွေ့ရှိရကြောင်း ၎င်းက ဆိုသည်။
တက္ကသိုလ်ကြီးများက သင်တန်းသားများ၊ ကျောင်းဆင်းအရာရှိများကို အမှတ် (၁) တပ်မတော် ဆေးရုံ(ခုတင်-၇၀၀) အပါအဝင် တပ်မတော်ဆေးရုံကြီးများတွင် လက်တွေ့ဆေးပညာဆက်လက်သင်ကြားပြီး ပြုစုပျိုးထောင်ပေးနေခြင်းကြောင့် ခေတ်မီတပ်မတော်(Standard Army) တည်ဆောက်ရေးအတွက် အရေးကြီးဆုံးဖြစ်သည့် ဆေးဘက်ပညာ ပိုင်းဆိုင်ရာ လူ့စွမ်းအားအရင်းအမြစ်များကို ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပေးနိုင်ခြင်းဖြစ်သကဲ့သို့ မြန်မာပြည်သူပြည်သားတို့အတွက် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း ဆောင်ရွက်ပေးရာတွင်လည်း များစွာအထောက်အကူပြုလျက်ရှိသည်ဟုဆိုရမည် ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။
အဆိုပါအခမ်းအနားများသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း)နှင့်အတူ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီးမောင်မောင်အေး၊ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများ၊ အငြိမ်းစားဆေးဝန်ထမ်းတပ်ဖွဲ့ဝင် အရာရှိကြီးများ၊ ဆေးဝန်ထမ်းတပ်ဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။















