ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်အမျိုးအစား လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်းလုပ်ငန်းအပါအဝင် လုပ်ငန်းသစ် ခြောက်ခုကို ရင်းနှီးမြှုပ်နှံမှုကော်မရှင်အစည်းအဝေးမှ ခွင့်ပြုခဲ့

ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်အမျိုးအစား လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်းလုပ်ငန်းအပါအဝင် လုပ်ငန်းသစ် ခြောက်ခုကို ရင်းနှီးမြှုပ်နှံမှုကော်မရှင်အစည်းအဝေးမှ ခွင့်ပြုခဲ့
Published 2 October 2023

ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်အမျိုးအစား လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်းလုပ်ငန်းအပါအဝင် လုပ်ငန်းသစ် ခြောက်ခုကို မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်အစည်းအဝေးမှ ခွင့်ပြုလိုက်ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်သည်။

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ (၃/၂၀၂၃)ကြိမ်မြောက်အစည်းအဝေးကို အောက်တိုဘာ ၂ ရက်တွင် နေပြည်တော်ရှိ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး၌ ကျင်းပခဲ့ပြီး အစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့် ကော်မရှင်အဖွဲ့ဝင်များ တက်ရောက်ကြသည်။

အစည်းအဝေးတွင် ဆောင်ရွက်ဆဲ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ရှစ်ခု၏ မတည်ငွေရင်း တိုးမြှင့်ခြင်းအပါအဝင်  လျှပ်စစ်ကဏ္ဍ၊ စက်မှုကဏ္ဍ၊ ဟိုတယ်နှင့် ခရီးသွားကဏ္ဍတို့မှ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းသစ် ခြောက်ခုကို ခွင့်ပြုပေးခဲ့ပြီး အဆိုပါလုပ်ငန်းများ၏ ရင်းနှီးမြှုပ်နှံမှုပမာဏမှာ အမေရိကန်ဒေါ်လာ ၇၂ ဒသမ ၉၈ သန်းနှင့် ကျပ် ၃၁၄၇၃၉ ဒသမ ၁၄၁ သန်းဖြစ်ကြောင်း၊ ယင်းလုပ်ငန်းများမှ ပြည်တွင်းအလုပ်အကိုင် အခွင့်အလမ်းပေါင်း ၂၆၀၀ ကျော်ကို ဖန်တီးပေးနိုင်မည်ဖြစ်ကြောင်းနှင့် အစည်းအဝေးမှ ခွင့်ပြုခဲ့သော လုပ်ငန်းများတွင် ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်အမျိုးအစား လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်းလုပ်ငန်းလည်း ပါဝင်ကြောင်း သိရသည်။

၂၀၂၃ ခုနှစ် ဩဂုတ်လကုန်အထိ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံထားသည့် နိုင်ငံ/ဒေသပေါင်း ၅၂ ခုအနက် ရင်းနှီးမြှုပ်နှံမှု အများဆုံးပြုလုပ်သော နိုင်ငံ/ဒေသများသည် စင်ကာပူနိုင်ငံ၊ တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံတို့ဖြစ်ပြီး စီးပွားရေးကဏ္ဍ ၁၂ ခုအနက် အများဆုံးရင်းနှီးမြှုပ်နှံထားသည့် ကဏ္ဍများသည် လျှပ်စစ်ကဏ္ဍတွင် စုစုပေါင်းရင်းနှီးမြှုပ်နှံမှု၏ ၂၈ ဒသမ ၄၅ ရာခိုင်နှုန်း၊ ရေနံနှင့် သဘာဝဓါတ်ငွေ့ကဏ္ဍတွင် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု၏ ၂၄ ဒသမ ၄၆ ရာခိုင်နှုန်း၊ စက်မှုကဏ္ဍတွင် စုစုပေါင်းရင်းနှီးမြှုပ်နှံမှု၏ ၁၄ ဒသမ ၃၈ ရာခိုင်နှုန်း ရင်းနှီးမြှုပ်နှံထားကြောင်း သိရသည်။

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်သည် ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံသူများက တင်ပြလာသည့် ရင်းနှီးမြှုပ်နှံမှုအဆိုပြုလွှာများအား စိစစ်ခွင့်ပြုခြင်းနှင့် လက်ရှိရင်းနှီးမြှုပ်နှံသူများအတွက် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဝန်ဆောင်မှုများကို မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေနှင့်အညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။