NCA မထိုးထားသည့်အဖွဲ့များ ငြိမ်းချမ်းရေးလိုချင်ပါက NCA ရှစ်နှစ်ပြည့်အခမ်းအနားသို့ လာတက်ခြင်းဖြင့် ငြိမ်းချမ်းရေးလမ်းကြောင်းပေါ်လျှောက်လှမ်း၍ရအောင် လမ်းခင်းရန်လိုကြောင်း နစကဥက္ကဋ္ဌ ပြောကြား

NCA မထိုးထားသည့်အဖွဲ့များ ငြိမ်းချမ်းရေးလိုချင်ပါက NCA ရှစ်နှစ်ပြည့်အခမ်းအနားသို့ လာတက်ခြင်းဖြင့် ငြိမ်းချမ်းရေးလမ်းကြောင်းပေါ်လျှောက်လှမ်း၍ရအောင် လမ်းခင်းရန်လိုကြောင်း နစကဥက္ကဋ္ဌ ပြောကြား
Published 29 September 2023

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခတ်မှုရပ်စဲရေးသဘောတူစာချုပ်(NCA) မထိုးထားသည့်အဖွဲ့များ ငြိမ်းချမ်းရေးလိုချင်ပါက NCA ရှစ်နှစ်ပြည့်အခမ်းအနားသို့ လာတက်ခြင်းဖြင့် ငြိမ်းချမ်းရေးလမ်းကြောင်းပေါ် လျှောက်လှမ်း၍ရအောင် လမ်းခင်းရန်လိုကြောင်း နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။

စက်တင်ဘာ ၂၈ ရက်က နေပြည်တော်ရှိ နစကဥက္ကဋ္ဌရုံးအစည်းအဝေးခန်းမ၌ ကျင်းပသည့် နစကအစည်းအဝေး(၄/၂၀၂၃) တွင် နစကဥက္ကဋ္ဌ ထိုသို့ထည့်သွင်းပြောကြားခြင်းဖြစ်သည်။

နစကဥက္ကဋ္ဌက လာမည့်အောက်တိုဘာ ၁၅ ရက်သည့်ငြိမ်းချမ်းရေးစာချုပ်ချုပ်ဆိုခြင်း၊ NCA လက်မှတ်ရေးထိုးတဲ့ ရှစ်နှစ်မြောက်နေ့ဖြစ်ကြောင်း၊ အဆိုပါအခမ်းအနားကို နိုင်ငံရေးအနှစ်သာရရှိရှိလုပ်ရန်ရှိကြောင်း၊ တိုင်းရင်းသားခေါင်းဆောင်များကိုလည်း လက်လှမ်းမီသလောက် ဖိတ်ထားကြောင်း၊  ပြည်ပနိုင်ငံများလည်း ယခုဖိတ်နေကြောင်း ပြောကြားသည်။

“ကျွန်တော် Personal အကုန်စာတွေ ရေးပြီးဖိတ်ပါတယ်။ တစ်ချို့ကလည်း တယ်လီဖုန်းနဲ့၊ တချို့ကလည်းစာနဲ့ရေးပြီး ဖိတ်တာတွေရှိတယ်။ တချို့လာနိုင်တယ်လို့လည်း ပြောတာရှိတယ်။ တချို့ကတော့သူလည်း မလာနိုင်ဘူး၊ သို့သော်လည်း အဓိကကျတဲ့ သူတို့ကိုယ်စားလှယ်တွေ လွှတ်ပေးမယ်လို့ ပြောတာတွေရှိပါတယ်။ ပြည်ပနိုင်ငံတွေက ဒီလိုသဘောထားရှိလို့ရှိရင် ကျွန်တော်တို့ တိုင်းရင်းသားခေါင်းဆောင်တွေ ပိုပြီးလိုလားတဲ့စိတ်ရှိဖို့လိုတာပေါ့။ အထူးသဖြင့် လက်မှတ်ရေးထိုးထားတဲ့အဖွဲ့တွေ အကုန်တက်နိုင်ဖို့လိုပါတယ်။ လက်မှတ်မထိုးထားတဲ့အဖွဲ့တွေ ကလည်းငြိမ်းချမ်းရေးကို လိုချင်တယ်ဆိုလို့ရှိရင် ဒီအခမ်းအနားကို လာတက်ခြင်းအားဖြင့် ငြိမ်းချမ်းရေးလမ်းကြောင်းပေါ်မှာ လျှောက်လှမ်းလို့ရအောင် လမ်းခင်းဖို့လိုပါတယ်။ အမုန်းတရားတွေဖြစ်နေပြီးတော့ လုပ်နေမယ်ဆိုရင်တော့ တိုင်းပြည်နစ်နာဖို့ပဲရှိတယ်။ ကျွန်တော်တို့ကတော့ Moving Forward ပဲ၊ ရှေ့ကိုသွားမှာပဲ။ ရသလောက် ကျွန်တော်လုပ်သွားမှာပဲ။ ရအောင်လုပ်သွားမယ်။ အဲဒီတော့ ဒီအပေါ်မှာ ကျွန်တော်တို့ အားလုံးသံသယရှင်းရှင်း၊ အာဃာတကင်းကင်းနဲ့ လုပ်ကြမယ်ဆိုရင်တော့ ကျွန်တော်တို့ မျှော်မှန်းချက်လမ်းကြောင်းကတော့ ရှောရှောရှုရှုရောက်မယ်ဆိုတာကိုတွေ့ပါတယ်။ ဒါလေးတွေ ၀ိုင်းဝန်းဆောင်ရွက်ပေးနိုင်ဖို့အတွက် တိုက်တွန်းလိုပါတယ်” ဟု နစကဥက္ကဋ္ဌ ကပြောကြားသည်။

ထို့ပြင် ဖက်ဒရယ်စနစ်ကျင့်သုံးခြင်းနှင့်ပတ်သက်၍ လူမျိုးကိုအခြေခံသည့် ဖက်ဒရယ်ကို ဆောင်ရွက်ခြင်းမဟုတ်ဘဲ ဒေသကို အခြေခံသည့် ဖက်ဒရယ်စနစ်ကို ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ နိုင်ငံတကာတွင်လည်း ဖက်ဒရယ်စနစ်ကိုကျင့်သုံးလျက်ရှိသည့် နိုင်ငံများရှိသော်လည်း တစ်နိုင်ငံနှင့်တစ်နိုင်ငံ ကျင့်သုံးမှုခြင်းတူညီမှုမရှိကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့် နိုင်ငံ၏အခြေအနေနှင့် လိုက်လျောညီထွေရှိသည့် ဖက်ဒရယ်စနစ်ကို ကျင့်သုံးရမည်ဖြစ်ကြောင်း၊ မိမိတို့နိုငံအနေဖြင့် အသက်ပေါင်းများစွာ ပေးဆပ်ပြီးမှသာ လွတ်လပ်ရေးရရှိခဲ့ခြင်းဖြစ်ကြောင်း၊ တိုင်းပြည်၏ ပကတိအခြေအနေကို တိုင်းရင်းသားပြည်သူများ အားလုံးမှန်မှန်ကန်ကန်သိရှိရန်လိုပြီး ဒေသတစ်ခုချင်း၊ လူမျိုးတစ်မျိုးချင်း အကျိုးထက် တိုင်းပြည်၏အကျိုးကိုရှေးရှု၍ဆောင် ရွက်စေလိုကြောင်း၊ စစ်မှန်သည့် ပြည်ထောင်စုတည်ဆောက်ရေးကို ဦးတည်ဆောင်ရွက်ရန်လိုကြောင်း နစကဥက္ကဋ္ဌက ဆိုသည်။

Most Read

Most Recent