ဥရောပ ယူ-၁၇ ပြိုင်ပွဲများတွင် ရုရှားအသင်းကို UEFA က ပြန်လည်ယှဉ်ပြိုင်ခွင့်ပေးသည့်အပေါ် ကန့်ကွက်မှုများရှိနေ

ဥရောပ ယူ-၁၇ ပြိုင်ပွဲများတွင် ရုရှားအသင်းကို UEFA က ပြန်လည်ယှဉ်ပြိုင်ခွင့်ပေးသည့်အပေါ် ကန့်ကွက်မှုများရှိနေ
Photo: UEFA
Photo: UEFA
Published 28 September 2023

ဥရောပ ယူ-၁၇ ပြိုင်ပွဲများတွင် ရုရှားအသင်းကို ဥရောပဘောလုံးအဖွဲ့ချုပ်(UEFA)က ပြန်လည်ယှဉ်ပြိုင်ခွင့်ပေးသည့်အပေါ် ကန့်ကွက်မှုများရှိနေကြောင်း သိရသည်။

UEFA သည် ရုရှားက ယူကရိန်းအား ကျူးကျော်စစ်ဆင်နွှဲအပြီး (၁၉)လအကြာတွင်  ဥရောပ ယူ- ၁၇ အမျိုးသား/အမျိုးသမီးပြိုင်ပွဲများတွင် ရုရှားအသင်းအား ပြန်လည်ယှဉ်ပြိုင်ခွင့်ပြုသွားမည်ဖြစ်ကြောင်း စက်တင်ဘာ (၂၆) ရက်က အတည်ပြုကြေညာခဲ့သည်။

UEFA က ယင်းဖြစ်စဉ်အပေါ် ကြေညာချက်ထုတ်ပြန်ရာတွင် အရွယ်ရောက်ပြီးသူများ၏လုပ်ဆောင်မှုကြောင့် အရွယ်မရောက်သေးသူများအနေဖြင့် ပြစ်ဒဏ်မကျခံရသင့်ကြောင်း အကြောင်းပြခဲ့သည်။

UEFA သည် ရုရှား၏ ကျူးကျော်စစ်ဆင်နွှဲမှုကို ဝေဖန်ရှုတ်ချကြောင်း ထပ်လောင်းပြောဆိုပြီး ကျန်ရုရှားအသင်းအားလုံးကို စစ်ပွဲပြီးဆုံးကာ ငြိမ်းချမ်းရေးပြန်လည်တည်ဆောက်နိုင်ချိန်အထိ ပိတ်ပင်သွားမည်ဟု အတည်ပြုခဲ့သည်။

''UEFA ဟာ ရက်စက်ကြမ်းကြုတ်ပြီး ရန်စကျူးကျော်မှုကို ဆန့်ကျင်တဲ့ ပြယုဂ်အဖြစ် ရုရှားရဲ့အရွယ်ရောက်ပြီး အသင်းအားလုံးကို ဆက်လက်ပိတ်ပင်သွားပါမယ်။ ဒီအခြေအနေက စစ်ကြီးပြီးဆုံးပြီး ငြိမ်းချမ်းရေးကို ပြန်လည်တည်ဆောက်ချိန်အထိ ဆက်လက်ရှိသွားမယ်လို့ UEFA က ဆုံးဖြတ်ခဲ့ပါတယ်။ ဒါပေမဲ့ အရွယ်မရောက်သေးတဲ့သူတွေကိုတော့ ကျွန်တော်တို့ပြိုင်ပွဲတွေက ပိတ်ပင်တာဟာ သူတို့ရဲ့  ဖွံ့ဖြိုးတိုးတက်မှုအတွက် အခြေခံကျတဲ့ရပိုင်ခွင့်ကို အသိအမှတ်ပြုမှုနဲ့ ထိန်းသိမ်းမှု ဆုံးရှုံးစေပါတယ်။ ဒါ့အပြင် သူတို့ကို ကျွန်တော်တို့က ခွဲခြားဆက်ဆံရာလည်း ရောက်ပါတယ်။ ဥရောပတစ်ခွင်မှာ သူတို့ရဲ့အရည်အချင်းနဲ့အတူ ပြိုင်ပွဲဝင်ဖို့ အခွင့်အလမ်း စီစဉ်ပေးတာဟာ လင်းလက်တောက်ပပြီး စွမ်းဆောင်ရည်ပိုကောင်းတဲ့ အနာဂတ်မျိုးဆက်နဲ့ ပိုကောင်းတဲ့မနက်ဖြန်ဖြစ်လာဖို့ ကျွန်တော်တို့ မျှော်လင့်ထားပါတယ်။ ဒီအတွက် ကျွန်တော်တို့ ရင်းနှီးမြှုပ်နှံတာပါ''ဟု UEFA ဥက္ကဋ္ဌ  ဆယ်ဖာရင်က ပြောကြားခဲ့သည်။

အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်(FA) သည် UEFA ၏ဆုံးဖြတ်ချက်အပေါ် သဘောမတူကြောင်း တုံ့ပြန်ခဲ့ပြီး အင်္ဂလန်အသင်းအနေဖြင့် ရုရှားအသင်းနှင့်တွေ့ဆုံလျှင် ပွဲကစားမည်မဟုတ်ဟု အတည်ပြုခဲ့သည်။

''UEFA သက်တမ်းအလိုက်ပြိုင်ပွဲတွေမှာ ရုရှားအသင်းကို ပြန်လည်ယှဉ်ပြိုင်ခွင့်ပြုတဲ့ အနေအထားကို ကျွန်မတို့ ထောက်ခံအားမပေးပါဘူး။ အင်္ဂလန်အသင်းတွေဟာ ရုရှားအသင်းတွေနဲ့ မကစားဘူးဆိုတဲ့ဆုံးဖြတ်ချက်က ဆက်လက်ရှိနေမှာပါ''ဟု FA ၏ ပြောရေးဆိုခွင့်ရှိသူ အမျိုးသမီးတစ်ဦးက ပြောကြားခဲ့သည်။

ယူကရိန်းဘောလုံးအဖွဲ့ချုပ်ကလည်း UEFA အနေဖြင့် ယခုဆုံးဖြတ်ချက်အပေါ် ပြန်လည်စဉ်းစားပေးရန် အလေးအနက်တိုက်တွန်းပါကြောင်း ကြေညာချက်ထုတ်ပြန်ကာ ကန့်ကွက်ခဲ့သည်။

 

Most Read

Most Recent