မှတ်ပုံတင်ခွင့်ပြုထားသော နိုင်ငံရေးပါတီများ၏ ပါတီဝင်အင်အားစာရင်းများတွင် သတ်မှတ်ချက်နှင့် ကိုက်ညီမှုမရှိသည့် ပါတီဝင်များ ပါရှိနေသည်ကို တွေ့ရှိရသဖြင့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေပါ အရည်အချင်းများနှင့် ကိုက်ညီသူများကိုသာ ပါတီဝင်အဖြစ်စည်းရုံးရန် UEC တိုက်တွန်း 

မှတ်ပုံတင်ခွင့်ပြုထားသော နိုင်ငံရေးပါတီများ၏ ပါတီဝင်အင်အားစာရင်းများတွင် သတ်မှတ်ချက်နှင့် ကိုက်ညီမှုမရှိသည့် ပါတီဝင်များ ပါရှိနေသည်ကို တွေ့ရှိရသဖြင့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေပါ အရည်အချင်းများနှင့် ကိုက်ညီသူများကိုသာ ပါတီဝင်အဖြစ်စည်းရုံးရန် UEC တိုက်တွန်း 
Published 26 September 2023

မှတ်ပုံတင်ခွင့်ပြုထားသော နိုင်ငံရေးပါတီများ၏ ပါတီဝင်အင်အားစာရင်းများတွင် သတ်မှတ်ချက်နှင့် ကိုက်ညီမှုမရှိသည့် ပါတီဝင်များ ပါရှိနေသည်ကို တွေ့ရှိရသဖြင့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေပါ အရည်အချင်းများနှင့် ကိုက်ညီသူများကိုသာ ပါတီဝင်အဖြစ်စည်းရုံးရန်  ပြည်ထောင်စုနယ်မြေရွေးကောက်ပွဲအရာရှိ ဦးအောင်စိုးဝင်းက တိုက်တွန်းပြောကြားသည်။

စက်တင်ဘာ ၂၅ ရက်က ပြည်ထောင်စုနယ်မြေ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး အစည်းအဝေးခန်းမတွင် ကျင်းပသည့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုထားပြီးဖြစ်သော နိုင်ငံရေးပါတီများအနက် ပြည်ထောင်စုနယ်မြေအတွင်း အခြေစိုက်သော နိုင်ငံရေးပါတီများ၊ ပါတီရုံးခွဲ ဖွင့်လှစ်ထားသော နိုင်ငံရေးပါတီများ၏ ပါတီဝင်အင်အားစိစစ်ခြင်း လုပ်ငန်းဆောင်ရွက်ရန်အတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး၌ ၎င်းက အထက်ပါအတိုင်း တိုက်တွန်းပြောကြားခဲ့ခြင်း ဖြစ်သည်။ 

အစည်းအဝေးတွင် ပြည်ထောင်စုနယ်မြေရွေးကောက်ပွဲအရာရှိ ဦးအောင်စိုးဝင်းက နိုင်ငံရေးပါတီများက တင်ပြသောပါတီဝင်အင်အားစာရင်းများကို ကနဦးစစ်ဆေးချက်များအရ ဥပဒေနှင့်အညီ နေထိုင်သူစာရင်းတွင် မရှိသူများ၊ အမည်နှင့်နိုင်ငံသားစိစစ် ရေးကတ်အမှတ်တူနေသူများ၊ ဝန်ထမ်းများ၊ နေရပ်လိပ်စာမပြည့်စုံသူများ အစရှိသည့် သတ်မှတ်ချက်နှင့် ကိုက်ညီမှုမရှိသည့် ပါတီဝင်များ ပါရှိနေကြောင်းတွေ့ရှိသဖြင့် နိုင်ငံရေးပါတီများမှတ်ပုံ တင်ခြင်းဥပဒေပုဒ်မ ၁၀ ပါ အရည်အချင်းများနှင့် ကိုက်ညီသူများကိုသာ ပါတီဝင်အဖြစ်စည်းရုံးရမည်ဖြစ်ကြောင်းနှင့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ၊ နည်းဥပဒေနှင့် ကော်မရှင်က ထုတ်ပြန်ထားသော အမိန့်၊ ညွှန်ကြားချက်များကို အလေးအနက်ထားလိုက်နာဆောင်ရွက်ရန် လိုအပ်ကြောင်း ပြောကြားသည်။

ယင်းအစည်းအဝေးသို့ ပြည်ထောင်စုနယ်မြေအတွင်းရှိ ခရိုင်၊ မြို့နယ်ရွေးကောက်ပွဲအရာရှိများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဦးစီးဌာနတို့မှ တာဝန်ရှိသူများ၊ ပြည်ထောင်စုနယ်မြေအတွင်း ပါတီဌာနချုပ်ဖွင့်လှစ်ထားသည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊ အမျိုးသားနိုင်ငံရေးဒီမိုကရက် တစ်ပါတီတို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ယင်းနေ့၌ပင် ကယားပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး အစည်းအဝေးခန်းမ၌ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုထားပြီးဖြစ်သော နိုင်ငံရေးပါတီများအနက် ကယားပြည်နယ်အတွင်းရှိ ပါတီရုံးခွဲဖွင့်လှစ်ထားသော နိုင်ငံရေးပါတီ နှစ်ပါတီ၏ ပါတီဝင်အင်အားစိစစ်ခြင်း လုပ်ငန်းဆောင်ရွက်ရန် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပခဲ့သည်။ 

အစည်းအဝေးတွင် ကယားပြည်နယ် ရွေးကောက်ပွဲအရာရှိ ဦးကျော်ဆန်းဝင်းက နိုင်ငံရေးပါတီများက တင်ပြသော ပါတီဝင်အင်အားစာရင်းကို ကနဦးစစ်ဆေးချက်များအရ ဥပဒေနှင့်အညီ နေထိုင်သူစာရင်းတွင် မရှိသူများ၊ အမည်နှင့်နိုင်ငံသားစိစစ်ရေးကတ် အမှတ်တူနေသူများ၊ ဝန်ထမ်းများ၊ နေရပ်လိပ်စာ မပြည့်စုံသူများ အစရှိသည့် သတ်မှတ်ချက်နှင့် ကိုက်ညီမှုမရှိသည့် ပါတီဝင်များ ပါရှိနေကြောင်း တွေ့ရှိသဖြင့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၁၀ ပါ အရည်အချင်းများနှင့် ကိုက်ညီသူများကိုသာ ပါတီဝင်အဖြစ်စည်းရုံးရမည်ဖြစ်ကြောင်းနှင့် ပုဒ်မ ၂၄ အရ နိုင်ငံရေးပါတီများအနေဖြင့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ၊ နည်းဥပဒေနှင့် ကော်မရှင်က ထုတ်ပြန်ထားသော အမိန့်၊ ညွှန်ကြားချက်များကို အလေးအနက်ထား လိုက်နာဆောင်ရွက်ရန် လိုအပ်ကြောင်း ပြောကြားသည်။

အစည်းအဝေးသို့ ကယားပြည်နယ်အတွင်းရှိ ပြည်နယ်၊ ခရိုင်၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများမှ ရွေးကောက်ပွဲအရာရှိများ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနနှင့် ပြည်နယ်၊ ခရိုင်၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနတို့မှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ကယားပြည်နယ်အတွင်း ပါတီရုံးခွဲဖွင့်လှစ်ထားသည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီနှင့် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီတို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ထို့အတူ စက်တင်ဘာ ၂၄ ရက်ကလည်း ကချင်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး အစည်းအဝေးခန်းမတွင် မှတ်ပုံတင်ခွင့်ပြုပြီး နိုင်ငံရေးပါတီများက ပေးပို့တင်ပြလာသည့် သတ်မှတ်ပါတီဝင်အင်အား စာရင်းများ မှန်ကန်မှု ရှိ/မရှိ၊ မြေပြင်တွင် အမှန်တကယ် နေထိုင်ခြင်းရှိ/မရှိတို့နှင့်စပ်လျဉ်း၍ သက်ဆိုင်ရာအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနများ၊ သက်ဆိုင်ရာ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာနများနှင့် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများ ပူးပေါင်း၍ စိစစ်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းနှင့်စပ်လျဉ်း၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပခဲ့သည်။ 

အစည်းအဝေးတွင် ကချင်ပြည်နယ်ရွေးကောက်ပွဲအရာရှိ ဦးမျိုးမင်းဦးက နိုင်ငံရေးပါတီများမှတင်ပြထားသည့် သတ်မှတ်ပါတီဝင်အင်အားစာရင်းများ မှန်ကန်မှု ရှိ/မရှိ၊ မြေပြင်တွင် အမှန်တကယ်နေထိုင်ခြင်းရှိ/မရှိတို့ကို သက်ဆိုင်ရာမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနနှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများပူးပေါင်း၍ စိစစ်ခြင်းလုပ်ငန်းများကို သတ်မှတ်ကာလအတွင်း ဆောင်ရွက်မည်ဖြစ်သဖြင့် သက်ဆိုင်ရာပါတီအသီးသီး၏ မြို့နယ်တာဝန်ခံများက ပူးပေါင်းဆောင်ရွက်ရန်လိုအပ်ကြောင်း ပြောကြားသည်။

ထို့နောက် တက်ရောက်လာသည့် နိုင်ငံရေးပါတီများမှ ပြည်နယ်ပါတီဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့်ကော်မတီဝင်များ၊ ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အရာရှိနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ပူးပေါင်းစိစစ်ခြင်းလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်မည့် အခြေအနေများနှင့် လိုအပ်ချက်များကို ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

အစည်းအဝေးသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ ဒီမိုကရေစီပါတီသစ်(ကချင်)၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊ တိုင်းလိုင်(ရှမ်းနီ) အမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီနှင့် လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ(ဒူးလေးပါတီ) တို့မှ ပြည်နယ်ပါတီဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများ၊ ကော်မတီဝင်များ၊ ပြည်နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ(အဖွဲ့ဝင်) ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ထို့ပြင် ယင်းနေ့၌ပင် ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင်/မြန်အောင်ခရိုင်အတွင်းရှိ နိုင်ငံ‌ရေးပါတီများ၏ ပါတီဝင်အင်အားစာရင်းများ ပူးပေါင်းစိစစ်ခြင်းနှင့်စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးကို ဟင်္သာတခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။ 

အစည်းအဝေးတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးသန်းထွန်းက နိုင်ငံရေးပါတီများမှ တင်ပြထားသည့် သတ်မှတ်ပါတီဝင်အင်အားစာရင်းများ မှန်ကန်မှုရှိ မရှိ၊ မြေပြင်တွင် အမှန်တကယ်နေထိုင်ခြင်းရှိ မရှိတို့ကို သက်ဆိုင်ရာအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနနှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများပူးပေါင်း၍ စိစစ်ခြင်းလုပ်ငန်းများကို သတ်မှတ်ကာလအတွင်း ဆောင်ရွက်မည်ဖြစ်သဖြင့် သက်ဆိုင်ရာပါတီအသီးသီး၏ မြို့နယ်တာဝန်ခံများက ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်း ပြောကြားသည်။

ထို့နောက် တက်ရောက်လာသည့် နိုင်ငံရေးပါတီများမှဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့်ကော်မတီဝင်များ၊ ဟင်္သာတခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အရာရှိနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ပူးပေါင်းစိစစ်ခြင်းလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်မည့်အခြေအနေများနှင့် လိုအပ်ချက်များကို ရှင်းလင်းဆွေးနွေးကြရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်က ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

အစည်းအဝေးသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊ အမျိုးသားနိုင်ငံ‌ရေးဒီမိုကရက်တစ်ပါတီနှင့် ကရင်ပြည်သူ့ပါတီတို့မှ ပါတီဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများ၊ အလုပ်အမှုဆောင်များ၊ ဟင်္သာတခရိုင်၊ မြန်အောင်ခရိုင်နှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနနှင့် ခရိုင်၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

Most Read

Most Recent