အကြမ်းဖက်သမားများက ဒရုန်းများ အသုံးပြုလာခြင်းသည် စိန်ခေါ်မှုတစ်ရပ်ဖြစ်လာပြီး ဒုစရိုက်သမားများထံ ဒရုန်းအပါအဝင် စွမ်းအားမြှင့်လက်နက်များ မရောက်ရှိစေရေး ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရမည်ဖြစ်ကြောင်း ပြည်ထဲရေးဒုတိယဝန်ကြီး ပြောကြား

အကြမ်းဖက်သမားများက ဒရုန်းများ အသုံးပြုလာခြင်းသည် စိန်ခေါ်မှုတစ်ရပ်ဖြစ်လာပြီး ဒုစရိုက်သမားများထံ ဒရုန်းအပါအဝင် စွမ်းအားမြှင့်လက်နက်များ မရောက်ရှိစေရေး ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရမည်ဖြစ်ကြောင်း ပြည်ထဲရေးဒုတိယဝန်ကြီး ပြောကြား
Published 25 September 2023

အကြမ်းဖက်သမားများက ဒရုန်းများ အသုံးပြုလာခြင်းသည် စိန်ခေါ်မှုတစ်ရပ်ဖြစ်လာပြီး ဒုစရိုက်သမားများနှင့် ဂိုဏ်များ၏လက်တွင်းသို့ ဒရုန်းအပါအဝင် စွမ်းအားမြှင့် လက်နက်များ မရောက်ရှိစေရေး ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရမည်ဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်ဒုတိယဗိုလ်ချုပ်ကြီးနီလင်းအောင်က ပြောကြားသည်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ Jiangsu ပြည်နယ်၊ Lianyungang မြို့ရှိ Jinlin aizhou Bayview Conderence Center ၌ စက်တင်ဘာ ၁၉ ရက်မှ ၂၁ ရက်အထိ ကျင်းပခဲ့သည့် ဒုတိယအကြိမ် ကမ္ဘာလုံးဆိုင်ရာလုံခြုံရေး ပူးပေါင်းဆောင်ရွက်မှုညီလာခံ (၂၀၂၃) (Lianyungang ဖိုရမ်)တွင် ဆွေးနွေးပြောကြားရာတွင် ပြည်ထဲရေးဒုတိယဝန်ကြီးက ထိုသို့ထည့်သွင်းပြောကြားခြင်းဖြစ်သည်။

ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရဲချုပ်ဒုတိယဗိုလ်ချုပ်ကြီး နီလင်းအောင်က ကမ္ဘာလုံးဆိုင်ရာလုံခြုံရေးအစီအမံ (GSI) ပါ ကတိကဝတ်များသည် မြန်မာနိုင်ငံ၏ နိုင်ငံခြားရေးမူဝါဒတွင် အစဉ်တစ်စိုက်လိုက်နာကျင့်သုံးခဲ့သော အချုပ်အခြာအာဏာနှင့် နယ်မြေတည်တံ့ခိုင်မြဲမှုကို လေးစားလိုက်နာရေးနှင့် ပြည်တွင်းရေးကိစ္စရပ်များတွင် ဝင်ရောက်မစွက်ဖက်ရေးတို့ပါဝင်သည့် ငြိမ်းချမ်းစွာအတူ ယှဉ်တွဲနေထိုင်ရေးမူကြီးငါးရပ်နှင့် လိုက်လျောညီထွေရှိသဖြင့် အဆိုပါကမ္ဘာလုံးဆိုင်ရာလုံခြုံရေးအစီအမံ(GSI)ကို ထောက်ခံကြိုဆိုကြောင်း ပြောကြားသည်။

ထို့ပြင် မြန်မာနိုင်ငံအနေဖြင့် မူးယစ်ဆေးဝါးအန္တရာယ်တားဆီနှိမ်နင်းရေးအတွက် နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုသည့် Precursor Chemical များသည် မြန်မာနိုင်ငံတွင် ထုတ်လုပ်ထွက်ရှိခြင်းမဟုတ်ဘဲ မြန်မာနိုင်ငံပြင်ပမှ ဝင်ရောက်လာကြခြင်းဖြစ်သဖြင့် နိုင်ငံပေါင်းစုံမှ ပူးပေါင်းတားဆီးကြရန် လိုအပ်ကြောင်း၊ မူးယစ်ဆေးဝါးထုတ်လုပ်သူများ၊ ပြည်တွင်း/ပြည်ပ ဂိုဏ်းအဖွဲ့များနှင့် ပူးပေါင်းကျူးလွန်သူများကို ဖမ်းဆီးနိုင်မှသာ မူးယစ်ဆေးဝါးအန္တရာယ်အမြစ်ပြတ်သည်အထိ ဆောင်ရွက်နိုင်မည်ဖြစ်သဖြင့် အိမ်နီးချင်းနိုင်ငံများအကြား သတ်မှတ်ဆက်သွယ်ရေး လမ်းကြောင်းများမှတစ်ဆင့် သတင်းအချက်အလက်များကို အချိန်နှင့်တစ်ပြေးညီ ဖလှယ်ပြီး ပူးပေါင်းဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြည်ထဲရေးဒုတိယဝန်ကြီးက ပြောကြားသည်။

ထို့အတူ ဉာဏ်ရည်တုနည်းပညာ (Artificial Intelligence)နှင့် Chat GPT ကဲ့သို့ ဘာသာစကားဆိုင်ရာ နည်းပညာအသစ်များကို Online Scam Centre များတွင် အသုံးချနေကြောင်း၊ Online Scam နှင့်စပ်လျဉ်း၍ တရားဥပဒေစိုးမိုးရေးအဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ ငွေကြေးဆိုင်ရာ စုံစမ်းထောက်လှမ်းရေးအဖွဲ့များနှင့်သက်ဆိုင်ရာ ပုဂ္ဂလိကကုမ္ပဏီများအကြား လေးလေးနက်နက် ပူးပေါင်းဆောင်ရွက်ရန်နှင့် သတင်းအချက်အလက် ကျယ်ကျယ်ပြန့်ပြန့် မျှဝေဖလှယ်ရန်လိုအပ်ကြောင်း၊ လူကုန်ကူးသည့်လမ်းကြောင်းများ၊ ငွေကြေးလွှဲပြောင်း လက်ခံမှုများ သို့မဟုတ် ပြစ်မှုကျူးလွန် ပုံကျူးလွန်နည်းများစသည့် သတင်းအချက်အလက်များဖလှယ်ခြင်းဖြင့် လူတစ်ဦးချင်းစီကို ခေါင်းပုံဖြတ်ခံရခြင်းမှ အကာအကွယ်ပေးနှင့်မည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

စီးပွားရေးနှင့်ငြိမ်းချမ်းရေးတက္ကသိုလ် (IEP)က ထုတ်ဝေသော ကမ္ဘာလုံးဆိုင်ရာ အကြမ်းဖက်မှု ညွှန်းကိန်းအစီရင်ခံစာ (၂၀၂၃)အရ အကြမ်းဖက်အုပ်စုများသည် မောင်းသူမဲ့ယာဉ်များ (Drones)ကို အသုံးပြုလာသည်ဟု ဖော်ပြပါရှိကြောင်း၊ အကြမ်းဖက်သမားများက ဒရုန်းများ အသုံးပြုလာမှုသည် အနာဂတ်တွင် စိန်ခေါ်မှုတစ်ရပ်ဖြစ်လာမည်ဖြစ်ကြောင်း၊ ဒုစရိုက်သမားများနှင့် ဒုစရိုက်ဂိုဏ်းများ၏ လက်တွင်းသို့ ဒရုန်းအပါအဝင် စွမ်းအားမြှင့်လက်နက်များ မရောက်ရှိစေရေးအတွက် ကမ္ဘာလုံးဆိုင်ရာ၊ ဒေသဆိုင်ရာနှင့် နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်မှုတိုးမြှင့်ရမည်ဖြစ်ကြောင်း၊ ယင်းသို့တိုးမြှင့်မှုကို နယ်စပ်ဒေသထိန်းချုပ်ရေးအစီအမံများ ခိုင်မာအားကောင်းစေခြင်းမှတစ်ဆင့် ဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြည်ထဲရေးဒုတိယဝန်ကြီးက ဆွေးနွေးပြောကြားသည်။

ကမ္ဘာလုံးဆိုင်ရာလုံခြုံရေးပူး ပေါင်းဆောင်ရွက်မှုညီလာခံ (၂၀၂၃)ဖွင့်ပွဲအခမ်းအနားကို စက်တင်ဘာ ၂၀ ရက်တွင် ပြုလုပ်ခဲ့ပြီး ဖွင့်ပွဲအခမ်းအနားသို့ တရုတ်နိုင်ငံ၊ နိုင်ငံတော်ကောင်စီဝင်နှင့် ပြည်သူ့လုံခြုံရေး ဆိုင်ရာဝန်ကြီးဌာနဝန်ကြီး Mr.Wang Xiaohong တက်ရောက်အဖွင့်အမှာစကားပြောကြားကာ ညီလာခံကို အပိုင်းလေးပိုင်းခွဲ၍ ကျင်းပခဲ့ပြီး ညီလာခံသို့ မြန်မာနိုင်ငံအပါအဝင် နိုင်ငံပေါင်း ၃၀ ကျော်နှင့်အပြည်ပြည် ဆိုင်ရာရဲအဖွဲ့၊ လန်ချန်း-မဲခေါင် တရားဥပဒေစိုးမိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးစင်တာ၊ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့အပါအဝင် ဒေသတွင်းနှင့် နိုင်ငံတကာအဖွဲ့အစည်းများ၊ စုစုပေါင်း ၅၀ ကျော်မှ တရားဥပဒေစိုးမိုးရေးဆိုင်ရာ အရာရှိကြီးများနှင့် ကျွမ်းကျင်ပညာရှင်များ ၅၀၀ ဦးကျော် တက်ရောက်ခဲ့ကြောင်း သိရသည်။

Most Read

Most Recent