ပြည်သူများ၏ ဘဝနှင့်ဆန္ဒကို ငဲ့ညှာသောအားဖြင့် သက်ဆိုင်သူအားလုံးက ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ တစ်ဆင့်ပြီးတစ်ဆင့် အောင်မြင်စေရေး ကြိုးပမ်းကြရန် တိုက်တွန်းကြောင်း ပါတီ(၃၅)နှစ်မြောက် ကြေညာချက်တွင် တစညပါတီ ဖော်ပြ

ပြည်သူများ၏ ဘဝနှင့်ဆန္ဒကို ငဲ့ညှာသောအားဖြင့် သက်ဆိုင်သူအားလုံးက ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ တစ်ဆင့်ပြီးတစ်ဆင့် အောင်မြင်စေရေး ကြိုးပမ်းကြရန် တိုက်တွန်းကြောင်း ပါတီ(၃၅)နှစ်မြောက် ကြေညာချက်တွင် တစညပါတီ ဖော်ပြ
Published 25 September 2023

ပြည်သူများ၏ ဘဝနှင့်ဆန္ဒကို ငဲ့ညှာသောအားဖြင့် သက်ဆိုင်သူအားလုံးက ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ တစ်ဆင့်ပြီးတစ်ဆင့် အောင်မြင်စေရေး ကြိုးပမ်းကြရန် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီက တိုက်တွန်းပြောကြားခဲ့သည်။

ရန်ကုန်မြို့၊ တက္ကသိုလ်ရိပ်သာလမ်းရှိ ပါတီဌာနချုပ်တွင် စက်တင်ဘာ ၂၄ ရက်က ပြုလုပ်သော  တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၏ (၃၅) နှစ်မြောက် အထိမ်းအမှတ်အခမ်းအနားတွင် ထုတ်ပြန်သော ပါတီ၏ သဘောထားကြေညာချက်တွင် အထက်ပါအတိုင်း တိုက်တွန်းပြောကြားထားခြင်းဖြစ်သည်။

တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီသည် ပြည်သူများ အငြိမ်းချမ်းသည့် ပတ်ဝန်းကျင်အခြေအနေ၌ ဒုက္ခဆင်းရဲခံစားနေရသည့် အခြေအနေကို များစွာစာနာမိကြောင်းနှင့် ခေတ်အဆက်ဆက် ငြိမ်းချမ်းရေးရရှိစေရန် ကြိုးပမ်းခဲ့ကြသော်လည်း မအောင်မြင်ခဲ့ဘဲ နှစ်ပေါင်း(၇၀) ကျော် မငြိမ်းချမ်းသည့်ဘဝဖြင့် ပြည်သူများ ဒုက္ခကြီးစွာ ရင်ဆိုင်နေကြရခြင်းဖြစ်ကြောင်း ကြေညာချက်တွင် ပြောကြားထားသည်။

ထို့ပြင် တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးပါတီသည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို အမျိုးသားရေးလုပ်ငန်းဟု ခံယူကာ အစဉ်ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ယင်းပါတီ၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

ဆက်လက်ပြီး တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီသည် ပြည်သူတို့၏ အကျိုးစီးပွားကို ထိခိုက်စေသည့် မည်သည့် အကြမ်းဖက်မှုကိုမဆို ဆန့်ကျင်သွားမည်ဖြစ်ကြောင်း၊ ‘နိုင်ငံတော်နှင့် ပြည်သူအကျိုး အစဉ်ဦးတည် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ’ ဟူသည့် ခံယူချက်နှင့်အတူ နိုင်ငံတစ်ဝန်း ငြိမ်းချမ်းရေးလုပ်ငန်းများ အောင်မြင်ချောမွေ့ ရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူ့ဘဝ တည်ငြိမ်အေးချမ်းရေး နိုင်ငံတော်နှင့် ပြည်သူ့တို့၏ လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများတွင် ပြည်သူတစ်ရပ်လုံးနှင့်အတူ ပူးပေါင်းကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကြေညာချက်တွင် ပြောကြားထားသည်။

တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီသည် နိုင်ငံတော်၏ ပင်မအခြေခံအုတ်မြစ်ဖြစ်သော ‘တိုင်းရင်းသားစည်းလုံးညီညွတ်မှု’ ပိုမိုခိုင်မာစေရန် ပါတီက ချမှတ်ထားသော သဘောထားများနှင့်အညီ အစဉ်ကြိုးပမ်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ တိုင်းရင်းသားပြည်သူတို့၏ ဘဝနှင့် ဆန္ဒဖြစ်သော ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကြီး ဖြစ်ထွန်းရေးကို ရှေးရှုသည့် အမျိုးသားအင်အားစုကြီးတစ်ရပ်ဖြစ်သော နိုင်ငံရေးပါတီအနေဖြင့် အခိုင်အမာရပ်တည်သွားမည်ဖြစ်ကြောင်း ကြေညာချက်တွင် ပြောကြားထားသည်။

တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၏ (၃၅) နှစ်မြောက် အထိမ်းအမှတ်အခမ်းအနားကို အစီစဉ် ၁၁ ရပ်ဖြင့် ပြုလုပ်ခဲ့ကြောင်း သိရသည်။

“ဒီနေ့ ဒီရက်မှာ ကျွန်တော်တို့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီဟာ သက်တမ်း ၃၅ နှစ်ပြည့်ပြီးဖြစ်ပါတယ်။ ပါတီစုံစနစ်အတွင်းမှာ ဂုဏ်သိက္ခာရှိရှိ တည်တည်ငြိမ်ငြိမ်နဲ့ ရပ်တည်နိုင်ခဲ့ပါတယ်။ သက်တမ်း ၃၅ နှစ်အတွင်းမှာ အစိုးရအဖွဲ့ ငါးဖွဲ့ကို ဖြတ်သန်းခဲရပါတယ်။ နိုင်ငံရေးပါတီအနေနဲ့ သုံးကြိမ် သုံးခါ မှတ်ပုံတင်ခဲ့ရပါတယ်။ လောကဒဏ် အမျိုးမျိုးကို တွေ့ကြုံခံစားခဲ့ရပါတယ်။ အခက်အခဲ အကြပ်အတည်း အမျိုးမျိုးကို ခံနိုင်ရည်ရှိရှိနဲ့ ရင်ဆိုင်ကျော်လွှားနိုင်ခဲ့ပါတယ်။ အခုအချိန်မှာတော့ ပါတီဟာ ရင့်ကျတ်တဲ့ပါတီ အမျိုးသားနိုင်ငံရေးအင်အားစုတစ်ရပ် အနေနဲ့ အခိုင်အမာ ရပ်တည်လျက်ရှိနေပါတယ်။ ဒီလိုရပ်တည်နိုင်ဖို့အတွက် ကြိုးပမ်းဆောင်ရွက်ခဲ့ကြတဲ့ ပါတီအဖွဲ့အစည်း အဆင့်ဆင့်က ပါတီဝင်ရဲဘော်များ ပါတီပေါ်ထားရှိတဲ့ ယုံကြည်ချက် ခံယူချက် ဇွဲ လုံ့လ ဝီရိယ သတ္တိနဲ့ သစ္စာတို့ကြောင့် ဖြစ်ပါတယ်လို့ ကျွန်တော် အလေးအနက် ခံယူပါတယ်” ဟု တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီဥက္ကဋ္ဌ ဦးဟန်ရွှေက ပြောကြားသည်။

တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၏ ယနေ့သက်တမ်း ၃၅ နှစ်သည် အဆုံးမဟုတ်ဘဲ အစပင်ဖြစ်ကြောင်း၊ ပါတီ၏ ရည်မှန်းချက်ပန်းတိုင် မဟာဗျူဟာဖြစ်သည့် ပါတီအဓွန့်ရှည်တည်တန့်ခိုင်မြဲရေး လမ်းကြောင်းကို ဆက်လက်လျောက်လှမ်းကြရမည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

အဆိုပါ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၏ (၃၅) နှစ်မြောက်အခမ်းအနားတွင် ပါတီဥက္ကဋ္ဌ ဦးဟန်ရွှေက သဘာပတိအဖြစ် အဖွင့်မိန့်ခွန်းပြောကြားခြင်း၊ ပါတီဥက္ကဋ္ဌ ဦးဟန်ရွှေ၏ သဝဏ်လွှာကို ပါတီဒုတိယဥက္ကဋ္ဌ ဦးသိန်းထွန်းက ဖတ်ကြားခြင်း၊ ပါတီဗဟိုအလုပ်အမှုဆောင်ကော်မတီ၏ ဆွေးနွေးချက်များကို ပါတီအထွေထွေအတွင်းရေးမှူုး ဦးထွန်းရီက တင်ပြခြင်း၊ အခမ်းအနားသို့ တက်ရောက်လာသူများကိုယ်စားဆွေးနွေးခြင်း၊ ပါတီ(၃၅) နှစ်မြောက် အထိမ်းအမှတ်နေ့တွင် ထုတ်ပြန်သော ပါတီ၏ သဘောထားကြေညာချက်ကို တင်ပြခြင်းနှင့် ပါတီဥက္ကဋ္ဌ၏ သဝဏ်လွှာ၊ ဗဟိုအလုပ်အမှုဆောင် ကော်မတီ၏ ဆွေးနွေးတင်ပြချင်များ၊ ပါတီ၏ သဘောထားကြေညာချက်များနှင့် စပ်လျဉ်း၍ အခမ်းအနားသို့ တက်ရောက်လာသူများ၏ သဘောထားကို ရယူခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၏ (၃၅) နှစ်မြောက် အထိမ်းအမှတ်အခမ်းအနားသို့ ပြည်ထောင်စုကြ့ံခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ မြန်မာနိုင်ငံတောင်သူလယ်သမား ဖွံ့ဖြိုးတိုးတက်ရေးပါတီနှင့် တိုင်းရင်းသားပါတီအချို့လည်း တက်ရောက်ခဲ့ကြောင်း သိရသည်။

Most Read

Most Recent