နစက၏ NSPNC နှင့် RCSS ကိုယ်စားလှယ်အဖွဲ့ တွေ့ဆုံပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များရှိရာ ဒေသများတွင် ရွေးကောက်ပွဲကျင်းပနိုင်ရေး၊ ဖွဲ့စည်းပုံပြင်ဆင်ရေးအပါအဝင် ငြိမ်းချမ်းရေးဆိုင်ရာ ကိစ္စရပ်များဆွေးနွေး

နစက၏ NSPNC နှင့် RCSS ကိုယ်စားလှယ်အဖွဲ့ တွေ့ဆုံပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များရှိရာ ဒေသများတွင် ရွေးကောက်ပွဲကျင်းပနိုင်ရေး၊ ဖွဲ့စည်းပုံပြင်ဆင်ရေးအပါအဝင် ငြိမ်းချမ်းရေးဆိုင်ရာ ကိစ္စရပ်များဆွေးနွေး
Published 22 September 2023

အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC)နှင့် ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ကိုယ်စားလှယ်အဖွဲ့တို့ ငြိမ်းချမ်းရေးတွေ့ဆုံ ဆွေးနွေးပွဲပထမနေ့ကို စက်တင်ဘာ ၂၁ ရက်က နေပြည်တော်ရှိ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုဌာန၌ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါတွေ့ဆုံဆွေးနွေးပွဲတွင် နှစ်ဖက်ဆွေးနွေးမည့် အစီအစဉ်များကို ဦးစွာဆွေးနွေးညှိနှိုင်းခဲ့ပြီး အမျိုးသားစည်းလုံးညီ ညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ အတွင်းရေးမှူးဒုတိယ ဗိုလ်ချုပ်ကြီးမင်းနိုင်နှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) အတွင်းရေးမှူး(၁)စဝ်စိုင်းငင်းတို့က နှုတ်ခွန်းဆက်အမှာစကားများ ပြောကြားခဲ့ကြောင်း သိရသည်။

ထို့နောက် NCA နှင့် NCA (၈) နှစ်မြောက်နှစ်ပတ်လည်နေ့အခမ်းအနားအား အလေးအနက်ထား၍ ကျင်းပနိုင်ရေးဆောင် ရွက်မည့်ကိစ္စ၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများရှိရာဒေသများတွင် လွတ်လပ်ပြီး တရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေး ပူးပေါင်းဆောင်ရွက်ရန်ကိစ္စ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများရှိရာ ဒေသများတွင် လူသားချင်းစာနာမှုအကူအညီပေးအပ်နိုင်ရေး ပူးပေါင်းဆောင်ရွက်ရန်ကိစ္စ၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ(၂၀၀၈ ခုနှစ်)တွင် ပြင်ဆင်သင့်သည့်ပုဒ်မများနှင့်  ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ စီးပွားရေးဆိုင်ရာ လိုအပ်ချက်များအပေါ် RCSS မှ ဆွေးနွေးချက်များတို့အား အပြန်အလှန်ဆွေးနွေး ညှိနှိုင်းခဲ့ကြောင်း သိရသည်။

ယင်းတွေ့ဆုံဆွေးနွေးပွဲသို့ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီးမင်းနိုင်နှင့် ညှိနှိုင်းရေးကော်မတီအဖွဲ့ဝင်များ၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS)အတွင်းရေးမှူး(၁) စဝ်စိုင်းငင်း၊ ဗဟိုအလုပ် အမှုဆောင်ကော်မတီဝင်စဝ်ဆောင်းဟန်နှင့် စဝ်အုမ်ခေး၊ ဗဟိုဦးစီးကော်မတီဝင် စဝ်စိုင်းဟန်နှင့် စဝ်စိုင်းလျဲန်းတို့ တက်ရောက်ခဲ့ကြောင်း သိရသည်။

ယနေ့(စက်တင်ဘာ ၂၂ ရက်)တွင် ဒုတိယနေ့ဆွေးနွေးပွဲကို ဆက်လက်ကျင်းပလျက်ရှိပြီး ပထမနေ့၌ မပြီးပြတ်သေးသည့် ကိစ္စရပ်များကို ဆွေးနွေးညှိနှိုင်းကာ နှစ်ဖက်သဘောထားများရယူမည်ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent