မူဆယ်မြို့ရှိ မြန်မာ-တရုတ်နယ်စပ် လူဝင်/ထွက်ဂိတ်များဖြစ်သည့် နန်းတော်ဂိတ်၊ ဆင်ဖြူဂိတ်နှင့် မန့်ဝိန်းဂိတ်တို့တွင် ယာယီသွားလာခွင့်ကတ်ဖြင့် တစ်ရက်လျှင် ဂိတ်တစ်ခုစီ၌ လူဦးရေ ၂၀၀ ခန့် ဖြတ်သန်းခွင့်ပြုပြီး တိုကင်ယူဆောင်သူများအား ငါးရက်အထိ ကြိုတင်ထုတ်ပေးထားကြောင်း စက်တင်ဘာ ၁၅ ရက်တွင် မူဆယ်မြို့ခံတစ်ဦးထံမှ သိရသည်။
“ဒီရက်တွေမှာတော့ လာတိုးတဲ့သူတွေ မရှိတော့ပါဘူး။ တိုကင်ကြိုပေးထားလိုက်ပြီလေ။ တိုကင်ကို သုံးရက်မှ ငါးရက်အထိ တစ်ဖြတ်စီ ကြိုပေးထားတယ်။ တစ်ဖြတ်ပြီးရင် နောက်ထပ် သုံးရက်မှ ငါးရက် တစ်ဖြတ်ထပ်ပေးမယ်။ မူဆယ်မှာရှိတဲ့ ဂိတ်သုံးပေါက်လုံးမှာတော့ တစ်ပေါက်ကို တစ်ရက်မှာ လူ ၂၀၀ ခန့် ခွင့်ပြုတယ်လို့ ကြားပါတယ်” ဟု ယင်းမြို့ခံက ပြောကြားသည်။
မြန်မာ-တရုတ် လူဝင်/လူထွက်ဂိတ်သည် မူဆယ်မြို့တွင် သုံးပေါက်ရှိပြီး မည်သည့်ဒေသမှ မည်သူမဆို ယာယီဖြတ်သန်းခွင့်ကတ်ဖြင့် ဖြတ်သန်းသွားလာခွင့်ကို စက်တင်ဘာ ၄ ရက်မှစတင်၍ ပြန်လည်ခွင့်ပြုခဲ့ပြီး ထိုသို့ဝင်ထွက်/ခွင့် ပြုရာတွင် ကနဦး၌ နန်းတော်ဂိတ်နှင့် ဆင်ဖြူဂိတ်ကိုသာ ဖွင့်လှစ်ပေးခဲ့သည်။
ထိုသို့ ဂိတ်နှစ်ခုဖွင့်လှစ်ခဲ့ပြီးနောက် စက်တင်ဘာ ၁၃ ရက်တွင် ကျန်ရှိသည့် မန့်ဝိန်းဂိတ်မှ ဖြတ်သန်းသွားလာခွင့်ကို ထပ်မံခွင့်ပြုခဲ့ရာ လာရောက်သူများပြားခဲ့၍ လူစုလူဝေးများ ဖြစ်ပေါ်ခဲ့ကြောင်း၊ မူဆယ်မြို့ရှိ တည်းခိုခန်းများ မလောက်တော့သည့်အတွက် တန်းစီအိပ်စောင့်သူများလည်းရှိခဲ့ကြောင်း သိရသည်။
အဆိုပါယာယီဖြတ်သန်းခွင့်ကတ်ဖြင့် ဝင်ထွက်/ခွင့်ပြုရာတွင် ကတ်အသစ်ပြုလုပ်ရန် တိုကင်ရယူရာ၌ တိုကင်တန်းစီးကာ တိုကင်များအား အခကြေးငွေဖြင့် ပြန်လည်ရောင်းစားသည့်ဖြစ်စဉ်များလည်းရှိကြောင်း ဒေသခံများ၏ ပြောကြားချက်များအရ သိရသည်။
“တုံကင်တန်းစီးယူပြီး ပြန်ရောင်းစားတယ်လို့တော့ ကျွန်တော်လည်ကြားတယ်။ ဘယ်လောက်ပေါက်လည်းဆိုတာတော့ ကျွန်တော်လည်း မသိဘူး။ ယွမ် တစ်ရာကနေ သုံးရာအထိ သူများတင်တာတော့ ကျွန်တော်လည်းတွေ့တယ်။ ကျွန်တော်တို့ကျတော့ စာအုပ်ရှိတော့ တန်းမစီရတဲ့အတွက် သိပ်တော့မသိဘူး။ ကျွန်တော်တို့က စာအုပ်က တစ်နှစ်စာရှိပြီးသားဆိုတော့ ကျွန်တော်တို့ကျတော့ မလိုဘူးလေ။ တခြားမြို့ကသူတွေဆိုတော့ မှတ်ပုံတင်ရှိရင် အကုန်လုပ်လို့ရတော့။ ဟိုဘက်ကို ခြောက်ညအိပ် ခုနစ်ရက်ပဲ ခွင့်ပြုတယ်။ ခုနစ်ရက်ကျော်ရင် ဖမ်းပိုင်ခွင့်ရှိတယ်။ ခုနစ်ရက်ပြီးရင် ပြန်လာ၊ ပြန်ဝင်ချင်ရင် နောက်တစ်ခေါက် ပြန်လုပ်ပေါ့” ဟု မူဆယ်မြို့ခံတစ်ဦးက ပြောကြားသည်။
ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်မြို့ရှိ မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ် လူဝင်/ထွက်ဂိတ်များမှတစ်ဆင့် မြန်မာနိုင်ငံ မည်သည့်ဒေသမှ မည်သူမဆို ဝင်/ထွက်သွားလာနိုင်သော တရားဝင်ခြောက်ညအိပ် ခုနစ်ရက်နေထိုင်သွားလာခွင့် ယာယီနယ်စပ်ဖြတ်သန်းခွင့်ကတ်ပြား(TBP)တစ်ခါသုံးကတ်များကို စက်တင်ဘာ ၄ ရက်မှစ၍ ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
မူဆယ်မြို့ မြန်မာ-တရုတ် နှစ်နိုင်ငံလူဝင်/ထွက်ဂိတ်များဖြစ်သော နန်းတော်ဂိတ်နှင့် ဆင်ဖြူဂိတ်တို့မှ ယခုနှစ် နှစ်ဦးပိုင်းတွင် မူဆယ်မြို့နှင့် နမ့်ခမ်းမြို့တို့တွင် နေထိုင်ကြောင်း အိမ်ထောင်စုဇယားရှိသူများကိုသာ နှစ်နိုင်ငံဝင်/ထွက်စာအုပ်(BP)များကို စတင်ပြုလုပ်ပေးကာ ဝင်/ထွက်သွားလာခွင့်ပြုခဲ့ကြောင်း သိရသည်။
နယ်စပ်လူဝင်/ထွက်ဂိတ်များရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက စက်တင်ဘာ ၄ ရက်တွင် နိုင်ငံသားတိုင်း မိမိ၏နိုင်ငံသား စိစစ်ရေးကတ်အမှတ်(EID)မှန်ကန်ပါက တရားဝင် ခုနစ်ရက် နေထိုင်သွားလာခွင့်ရှိသည့် တစ်ခါသုံးနှစ်နိုင်ငံ ဝင်/ထွက်ကတ် (TBP) များကို အဝင်/အထွက် စာရွက်စာတမ်းဝန်ဆောင်ခ မြန်မာကျပ်ငွေ ၁၀၀၀ ဖြင့် ပြုလုပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။















