BRI ညီလာခံတွင် မြန်မာ့ရေပြင်မှဖမ်းဆီးရရှိသည့် ရေထွက်ကုန်နှင့် မွေးမြူရေးရေထွက်ကုန် ပစ္စည်းများ တရုတ်နိုင်ငံသို့ တင်ပို့ရေးဆိုင်ရာ သဘောတူစာချုပ်ချုပ်ဆိုမည်

BRI ညီလာခံတွင် မြန်မာ့ရေပြင်မှဖမ်းဆီးရရှိသည့် ရေထွက်ကုန်နှင့် မွေးမြူရေးရေထွက်ကုန် ပစ္စည်းများ တရုတ်နိုင်ငံသို့ တင်ပို့ရေးဆိုင်ရာ သဘောတူစာချုပ်ချုပ်ဆိုမည်
မြိတ်ဆိပ်ကမ်းမှ ငါးဖမ်းလှေကြီးများကို တွေ့ရစဉ်
မြိတ်ဆိပ်ကမ်းမှ ငါးဖမ်းလှေကြီးများကို တွေ့ရစဉ်
Published 14 September 2023

BRI ညီလာခံတွင် မြန်မာနိုင်ငံ၏သဘာဝရေပြင်မှဖမ်းဆီးရရှိသည့် ရေထွက်ကုန်နှင့် မွေးမြူရေးရေထွက်ကုန်ပစ္စည်းများ တရုတ်နိုင်ငံသို့ တင်ပို့ရေးဆိုင်ရာ သဘောတူစာချုပ်ချုပ်ဆိုမည်ဖြစ်ကြောင်း စိုက်ပျိုးရေး၊မွေးမြူ ရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနမှ သိရသည်။

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကွမ်ရှီးကျွမ့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်နင်းမြို့တွင် ကျင်းပမည့် ခေတ်သစ်ပိုးလမ်းမကြီးဖော်ဆောင်မှု (Belt And Road Initiative-BRI)တွင် ပါဝင်သည့်နိုင်ငံများအတွက် သွင်းကုန်နှင့်ပို့ကုန် အစားအစာဘေးအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ အဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်မှုညီလာခံနှင့် တရုတ်-အာဆီယံကုန်စည်ပြပွဲသို့တက် ရောက်ရန် စက် တင်ဘာ ၁၃ ရက်တွင် ရန်ကုန်မြို့မှ တရုတ်နိုင်ငံသို့ လေကြောင်းခရီးဖြင့် ထွက်ခွာသွားသည်။

ပြည်ထောင်စုဝန်ကြီး ဦးဆောင်၍ စီမံကိန်းဦးစီးဌာနနှင့် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်များပါဝင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် စက်တင် ဘာ ၁၄ ရက်မှ ၁၇ ရက်အထိကျင်းပမည့် ခေတ်သစ်ပိုးလမ်းမကြီးဖော်ဆောင်မှု (Belt And Road Initiative-BRI)တွင် ပါဝင်သည့် နိုင်ငံများအတွက် သွင်းကုန်နှင့်ပို့ကုန်အစားအစာဘေးအန္တရာယ်ကင်းရှင်းရေး ဆိုင်ရာအဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်မှုညီလာခံနှင့် တရုတ်-အာဆီယံ ကုန်စည်ပြပွဲများသို့ သက်ဆိုင်ရာအဖွဲ့ဝင်နိုင်ငံများမှ ကိုယ် စားလှယ်များ တက်ရောက်ကြမည်ဖြစ်ပြီး ညီလာခံတွင် မြန်မာနိုင်ငံ၏ သဘာဝရေပြင်မှ ဖမ်းဆီးရရှိသည့်ရေထွက် ကုန်ပစ္စည်းနှင့် မွေးမြူရေးရေထွက်ကုန်ပစ္စည်းများ တရုတ်နိုင်ငံသို့ တင်ပို့ရေးဆိုင်ရာ SPS သဘောတူစာချုပ်များ ချုပ်ဆိုမည်ဖြစ်ကြောင်း သိရသည်။

၂၀၂၃-၂၀၂၄ဘဏ္ဍာနှစ် ငါးလအတွင်း ပြည်ပသို့ ရေထွက်ပစ္စည်းတင်ပို့မှုမှ ဒေါ်လာ  ၂၄၄ သန်းကျော်ရရှိပြီး ယခင်နှစ်ကာလတူထက် ဒေါ်လာ ၂၈ သန်းကျော် လျော့ကျခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာနမှ သိရသည်။

၂၀၂၃-၂၀၂၄ဘဏ္ဍာနှစ် ဧပြီ ၁ ရက်မှ စက်တင်ဘာ ၁ ရက်အထိ ပြည်ပသို့ ရေထွက်ပစ္စည်းတင်ပို့မှုမှ ဒေါ်လာ ၂၄၄ ဒသမ ၄၈၉ သန်းရရှိခဲ့သည်။ ၂၀၂၂-၂၀၂၃ဘဏ္ဍာ နှစ်  စက်တင်ဘာ ၁ ရက်အထိ  ပြည်ပသို့ ရေထွက် ပစ္စည်းတင်ပို့မှုမှ ဒေါ်လာ ၂၇၃ ဒသမ ၂၁၇ သန်းရရှိခဲ့သည်။ အဆိုပါ ကာလတူနှစ်ခုကို နှိုင်းယှဉ်ပါက လက်ရှိ ဘဏ္ဍာနှစ် စက်တင်ဘာ ၁ ရက်အထိမှာ ယခင်နှစ်ကာလတူထက်  ဒေါ်လာ၂၈ ဒသမ ၇၂၈ သန်းလျော့ကျခဲ့ သည်။

နှစ်အလိုက် ပြည်ပသို့ ရေထွက်ပစ္စည်း တင်ပို့မှုအနေဖြင့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ဒေါ်လာ ၇၃၂ဒသမ ၁၅၆ သန်း၊ ၂၀၁၉ -၂၀၂၀ ဘဏ္ဍာနှစ်တွင်ဒေါ်လာ ၈၅၈ဒသမ ၉၆၀ သန်း၊၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် ဒေါ်လာ ၇၈၅ ဒသမ ၀၂၁ သန်း၊၂၀၂၁-၂၀၂၂ Mini Budget ကာလအတွင်း ဒေါ်လာ ၄၈၁ ဒသမ ၆၅၇ သန်းရရှိခဲ့သည်။

မြန်မာ့ရေထွက်ပစ္စည်းများကို နိုင်ငံပေါင်း ၄၅ နိုင်ငံသို့ နှစ်စဉ်တင်ပို့လျက်ရှိပြီး  အသားကဏ္ဍအနေဖြင့် လက်ရှိတွင်တိရစ္ဆာန်အရှင်များကိုသာ အိမ်နီးချင်နိုင်ငံသို့ နယ်စပ်ကတစ်ဆင့် အဓိကတင်ပို့လျက်ရှိသည်။