မြန်မာအီလက်ထရွန်နစ်မဲပေးစက်နှင့်စပ်လျဉ်း၍ ရှင်းလင်းပြသခြင်းနှင့် လက်တွေ့သရုပ်ပြ စမ်းသပ်မဲပေးခြင်းကို ကာကွယ်ရေးဝန်ကြီးဌာနတွင် ပြုလုပ်

မြန်မာအီလက်ထရွန်နစ်မဲပေးစက်နှင့်စပ်လျဉ်း၍ ရှင်းလင်းပြသခြင်းနှင့် လက်တွေ့သရုပ်ပြ စမ်းသပ်မဲပေးခြင်းကို ကာကွယ်ရေးဝန်ကြီးဌာနတွင် ပြုလုပ်
Published 8 September 2023

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က မြန်မာအီလက်ထရောနစ်မဲပေးစက်နှင့်စပ်လျဉ်း၍ ရှင်းလင်းပြသခြင်းနှင့် လက်တွေ့သရုပ်ပြ စမ်းသပ်မဲပေးခြင်းကို စက်တင်ဘာ ၇ ရက်တွင် ကာကွယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ကျင်းပခဲ့ကြောင်း သိရသည်။ 

အဆိုပါအခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်း၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်လင်းထွန်းနှင့် ကာကွယ်ရေးဝန်ကြီးဌာနမှ အရာထမ်း၊ အမှုထမ်းများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ထို့နောက် အခမ်းအနားတွင် ဦးစွာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များနှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးတာဝန်ရှိသူများက ရှင်းလင်းဆွေးနွေးပြီး အရာထမ်း၊ အမှုထမ်း ၁၆၀ က မဲပေးစက်ဖြင့် လက်တွေ့ဆန္ဒမဲပေးခဲ့ကြောင်း သိရသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ကျင်းပမည့် ရွေးကောက်ပွဲများတွင် ခေတ်နှင့်လျော်ညီစွာ နည်းပညာအကူအညီရယူ၍ Myanmar Electronic Voting Machine (MEVM) စက်များအား ပြည်တွင်းနည်းပညာရှင်များဖြင့် မြန်မာနိုင်ငံအခြေအနေနှင့်ကိုက်ညီမှုရှိစွာ ဖန်တီးဆောင်ရွက်ထားရှိမှုသည် အဆင့်အတန်းပြည့်မီသော ရွေးကောက်ပွဲများ ဖော်ဆောင်နိုင်ရေးအားထုတ်ကြိုးပမ်းဆောင်ရွက်ခြင်းဖြစ်ကြောင်း UEC ၏ ထုတ်ပြန်မှုအရ သိရသည်။

 ထို့ပြင် မဲဆန္ဒရှင်များအနေဖြင့် အချိန်တိုအတွင်း ရိုးရှင်းလွယ်ကူစွာ မဲပေးစက် အသုံးပြုမဲပေးနိုင်သည့်အတွက် မဲလက်မှတ်ရိုက်နှိပ်မှုကုန်ကျစရိတ်၊ မဲရုံသုံးပစ္စည်း ဝယ်ယူမှု ကုန်ကျစရိတ်စသည့် သမားရိုးကျစရိတ်များအား လျှော့ချနိုင်ခြင်း၊ ယခင်အခြေအနေတွင် အကြောင်းအမျိုးမျိုးကြောင့် ဖြစ်ပေါ်နိုင်သည့် ပယ်မဲများမရှိနိုင်တော့သည့်အတွက် မဲဆန္ဒရှင်တို့၏ ဆန္ဒမဲများ အဟောသိကံဖြစ်မှုမရှိနိုင်တော့ခြင်း၊ မဲရလဒ်များကို အချိန်တိုအတွင်းသိရှိနိုင်ခြင်း၊ မဲလက်မှတ်များဖောင်းပွစွာ ရိုက်နှိပ်မှုကဲ့သို့သော မဲမသမာမှုများ မရှိနိုင်တော့ခြင်း အကျိုးကျေးဇူးများ ရရှိနိုင်မည်ဖြစ်ကြောင်း UEC က ထုတ်ပြန်သည်။

ထို့အတူ မဲပေးရာတွင်လည်း မဲဆန္ဒရှင်များအနေဖြင့် မိမိတို့မဲပေးရွေးချယ်ခဲ့သည့် ပါတီ/ကိုယ်စားလှယ်လောင်းကို ဆန္ဒမဲဖြတ်ပိုင်းတွင် မျက်မြင်တွေ့ရှိပြီးမှ မဲပုံးအတွင်းသို့ ရောက်ရှိသွားသည့်အတွက် စိတ်ချယုံကြည်မှု အပြည့်ဖြင့် မဲပေးနိုင်သည့်အပြင် မဲရလဒ်နှင့်စပ်လျဉ်း၍ အငြင်းပွားမှုတစ်စုံတစ်ရာ ပေါ်ပေါက်ပါကလည်းမဲရလဒ်များဖော်ပြသည့် ဖြတ်ပိုင်းအား မဲဆန္ဒရှင်များ ဆန္ဒပြုခဲ့သည့် ဆန္ဒမဲဖြတ်ပိုင်းများနှင့် တိုက်ဆိုင်စစ်ဆေးနိုင်သည့်အတွက် ပွင့်လင်းမြင်သာမှုရှိရှိ ဆောင်ရွက်ထားသည်ကို တွေ့ရှိရမည်ဖြစ်ကြောင်း UEC ၏ ထုတ်ပြန်မှုအရသိရသည်။

အထက်ပါကဲ့သို့ MEVM စက်ကို အများပြည်သူကျယ်ကျယ်ပြန့်ပြန့် သိရှိနားလည်စေရန်အတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် ဝန်ကြီးဌာန/အဖွဲ့ အစည်းများသို့သွားရောက်၍ သရုပ်ပြရှင်းလင်းဆွေးနွေးခြင်းများကို မဲဆန္ဒရှင်အသိပညာပေး လုပ်ငန်းတစ်ရပ်အနေဖြင့် ဆောင်ရွက်လျက်ရှိရာ စက်တင်ဘာ ၇ ရက်အထိ ဝန်ကြီးဌာန/အဖွဲ့အစည်း ၃၃ ခု၌ အရာထမ်း၊ အမှုထမ်း စုစုပေါင်း ၆၄၇၄ ဦးတို့မှ လက်တွေ့စမ်းသပ်မဲပေးခြင်းများ ဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်း၊ ဆောင်ရွက်ရာတွင်လည်း စက်နှင့်ပတ်သက်၍ ချွတ်ယွင်းချက်တစ်စုံတစ်ရာမျှ ဖြစ်ပေါ်ခြင်းမျိုးမရှိသည့်အပြင် အချိန်တိုအတွင်း အခက်အခဲမရှိ ရိုးရှင်းလွယ်ကူစွာဖြင့် စမ်းသပ်မဲပေးခဲ့တွေ့ရှိရကြောင်း၊ ဝန်ကြီးဌာန/အဖွဲ့အစည်းများမှ အရာထမ်း၊ အမှုထမ်းများ၏ လက်တွေ့မဲပေးမှု အတွေ့အကြုံများမှတစ်ဆင့် အကြံပြုဆွေးနွေးချက်များရှိပါကလည်း  ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် ယင်းအကြံပြုချက်များအပေါ် သုံးသပ်၍ ပိုမိုကောင်းမွန်သည့်စနစ်အဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်မည်ဖြစ်ကြောင်း UEC က ထုတ်ပြန်သည်။

Most Read

Most Recent