ဒေါ်အောင်ဆန်းစုကြည်နှင့် အစိုးရအဖွဲ့မှတာဝန်ရှိသူများ ပုံမှန်တွေ့ဆုံလျက်ရှိကြောင်း နစက ပြောရေးဆိုခွင့်ရှိသူ ပြောကြား

ဒေါ်အောင်ဆန်းစုကြည်နှင့် အစိုးရအဖွဲ့မှတာဝန်ရှိသူများ ပုံမှန်တွေ့ဆုံလျက်ရှိကြောင်း နစက ပြောရေးဆိုခွင့်ရှိသူ ပြောကြား
Published 6 September 2023

ဒေါ်အောင်ဆန်းစုကြည်နှင့် အစိုးရအဖွဲ့မှတာဝန်ရှိသူများ ပုံမှန်တွေ့ဆုံလျက်ရှိကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် အစိုးရအဖွဲ့တာဝန်ရှိသူများ တွေ့ဆုံဆွေးနွေးမှုများ လုပ်ဆောင်နေခြင်း ရှိ၊ မရှိ The Daily Eleven သတင်းစာ၏ ဆက်သွယ်မေးမြန်းမှုအပေါ် "ပုံမှန်တွေ့ဆုံမှုမျိုးတွေတော့ ရှိပါမယ်။ အရင်ကတည်းကလည်း ဒီဘက်က တာဝန်ရှိသူတွေက တွေ့ဆုံနေတဲ့ဟာတွေ ရှိပါတယ်။ အဓိကကတော့ ပြည်ထဲရေးဝန်ကြီးဌာနအနေနဲ့ တွေ့ဆုံတာ ရှိပါတယ်။ ဒါကတော့ ပုံမှန်တွေ့ဆုံတာ ဖြစ်ပါတယ်။ ဒါတွေကတော့ ပုံမှန်လုပ်နေကြဖြစ်ပါတယ်" ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြန်လည်ဖြေကြားသည်။ 

နေပြည်တော် အကျဉ်းထောင်တွင် ထောင်ဒဏ်ချမှတ်ခံထားရသည့် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ တာဝန်ရှိသူများ ပုံမှန်တွေ့ဆုံလျက်ရှိသော်လည်း တွေ့ဆုံဆွေးနွေးသည့် အကြိမ်အရေအတွက်နှင့် ဆွေးနွေးသည့်အကြောင်းအရာများနှင့်ပတ်သက်၍ နစကဘက်က တစ်စုံတစ်ရာ ထုတ်ပြန်ထားခြင်း မရှိပေ။ 

ပြီးခဲ့သည့် ဇူလိုင် ၉ ရက်ကလည်း ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဒွန်ပရာမွတ်ဝီနိုင်းနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံခဲ့ကြောင်း နစကဘက်က အတည်ပြုထားပြီး နှစ်ဦးတည်း သီးသန့်တွေ့ဆုံခဲ့သည့်အတွက် ဆွေးနွေးသည့်အကြောင်းအရာများနှင့်ပတ်သက်၍ အသေးစိတ် သိရှိခြင်းမရှိကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားထားသည်။ 

အလားတူ ပြီးခဲ့သည့် ဇူလိုင်လအတွင်းကလည်း NLD အစိုးရ လက်ထက်တွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့် ဦးတီခွန်မြတ်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံခဲ့ကြောင်း သတင်းများထွက်ပေါ်ခဲ့သည်။

လက်ရှိတွင် ဒေါ်​အောင်ဆန်းစုကြည်သည် အမှု​ပေါင်း ၁၉ မှုဖြင့် ​ထောင်ဒဏ် ၃၂ နှစ် ချမှတ်ခံထားရပြီး ​၎င်းချမှတ်ခံထားရသည့် ပြစ်ဒဏ်များအနက်မှ ထောင်ဒဏ်နှစ်နှစ်အား ၂၀၂၁ ဒီဇင်ဘာ ၆ ရက်တွင် ​ပြစ်ဒဏ်မှ ​လျော့ချ​ပေးခဲ့ကာ ၂၀၂၃ ခုနှစ် သြဂုတ် ၁ ရက်တွင်လည်း ထောင်ဒဏ်ခြောက်နှစ်အား ထပ်မံ၍ လွတ်ငြိမ်းသက်သာခွင့်ပြုထားကြောင်း သိရသည်။

Most Read

Most Recent