ထွန်းထွန်းမင်းနှင့် သွေးသစ်ဝင်းလှိုင်တို့ ထိုးသတ်မည့် MLWC-8 ၏ ဝင်ကြေးများကို ကျပ် ၁၀၀၀၀၀၊ ၅၀၀၀၀၊ ၂၀၀၀၀၊ ၁၀၀၀၀ သတ်မှတ်

ထွန်းထွန်းမင်းနှင့် သွေးသစ်ဝင်းလှိုင်တို့ ထိုးသတ်မည့် MLWC-8 ၏ ဝင်ကြေးများကို ကျပ် ၁၀၀၀၀၀၊ ၅၀၀၀၀၊ ၂၀၀၀၀၊ ၁၀၀၀၀ သတ်မှတ်
Published 19 August 2023

 

ထွန်းထွန်းမင်းနှင့် သွေးသစ်ဝင်းလှိုင်တို့ အဓိကခေါင်ပွဲအဖြစ် ယှဉ်ပြိုင်ထိုးသတ်မည့် မြန်မာ့ရိုးရာလက်ဝှေ့ကမ္ဘာ့ချန်ပီယံရှစ် (MLWC-8) ပြိုင်ပွဲ၏ ရုံဝင်ကြေးများကို ကျပ်(၁)သိန်း၊ (၅) သောင်း၊ (၂) သောင်း၊ (၁) သောင်း သတ်မှတ်ထားကြောင်း သိရသည်။

ပြိုင်ပွဲကျင်းပရေးအဖွဲ့အစည်းသည် ရုံဝင်ကြေးများကို ကျပ်(၁)သိန်းအထိ သတ်မှတ်ရောင်းချနေသော်လည်း ရုံအတွင်းဝင်ဆံ့သည့်လူဦးရေ၏ တစ်ဝက်ခန့်ကိုသာ ကြည့်ရှုခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။ မြန်မာရိုးရာလက်ဝှေ့ကမ္ဘာ့ချန်ပီယံရှစ် (MLWC-8) ပြိုင်ပွဲကို သြဂုတ်(၂၀) ရက်တွင် ရန်ကုန်မြို့ရှိ သိမ်ဖြူလက်ဝှေ့အားကစားရုံ၌ မွန်းလွဲ (၂) နာရီမှစ၍ တွဲဆိုင်း (၆)ဆိုင်းဖြင့် ကျင်းပမည် ဖြစ်ပြီး အလဲထိုးစနစ်သတ်မှတ်ထားကြောင်း သိရသည်။ 

ပြိုင်ပွဲတွင် ပထမခေါင်တွဲဆိုင်းအဖြစ်(၈၀) ကီလိုတန်း၌ မကျေပွဲပြန်လည်ထိုးသတ်မည့် ထွန်းထွန်းမင်းနှင့် သွေးသစ်ဝင်းလှိုင်တို့ (၅)ချီ ယှဉ်ပြိုင် ထိုးသတ်မည်ဖြစ်သည်။ ထွန်းထွန်းမင်းနှင့် သွေးသစ်ဝင်းလှိုင်သည် ပြီးခဲ့သည့် ဇန်နဝါရီလအတွင်း ပထမအကြိမ်တွေ့ဆုံယှဉ်ပြိုင်ထိုးသတ်ထားသည်။ ထိုစဉ် က အမှတ်ပေးစနစ်ဖြင့် ကျင်းပခဲ့ခြင်းဖြစ်ပြီး (၅)ချီ ပြည့်သည်အထိ အလဲထိုးနိုင်ခြင်းမရှိသောကြောင့် အမှတ်ဖြင့်ဆုံးဖြတ်ရာ သွေးသစ်ဝင်းလှိုင်က အနိုင်ရခဲ့သည်။ 

သွေးသစ်ဝင်းလှိုင်အနေဖြင့် မြန်မာပြည်ချန်ပီယံ ထွန်းထွန်းမင်းကို အမှတ်ဖြင့်အနိုင်ရခဲ့ခြင်းဖြစ်သည်။ ပထမအချီနှင့် ဒုတိယအချီတွင် ထွန်းထွန်းမင်း၏ ခြေကန်ချက်များ ကောင်းမွန်ခဲ့သလို သွေးသစ်ဝင်းလှိုင်၏ တန်ပြန်ထောက်လက်သီးများ ကလည်း ထိရောက်မှုရှိခဲ့သည်။ စတုတ္ထအချီတွင် သွေးသစ်ဝင်းလှိုင်၏ လက်သီးချက်များကြောင့် ထွန်းထွန်းမင်း အမှတ်စဉ် (၂)ကြိမ်ရေတွက်ခံရပြီး (၅)ချီပြီးဆုံးသည်အထိ အလဲမထိုးနိုင်ကြသောကြောင့် ဒိုင်(၃)ဦးစလုံး၏ အဆုံးအဖြတ်ဖြင့် သွေးသစ်ဝင်းလှိုင် အနိုင်ရခဲ့သည်။ 

ဒုခေါင်တွဲဆိုင်းအဖြစ် (၇၅) ကီလိုတန်းတွင် ထွန်းမင်းအောင်နှင့် ဂျပန်ဖိုက်တာ တိုခဲရှီတို့ (၅)ချီ ယှဉ်ပြိုင်ထိုးသတ်မည်ဖြစ်သည်။ တိုခဲရှီသည် ရိုးရာ လက်ဝှေ့ကျော်များဖြစ်သည့် တူးတူး၊ ရွှေရာမာန်၊ အောင်ခိုင်၊ စောမင်းအောင်တို့နှင့် ထိုးသတ်ဖူးသည့် အတွေ့အကြုံရှိသူဖြစ်ပြီး ထွန်းမင်းအောင်မှာမူ အသက် (၁၆) နှစ်သာရှိသေးသည့် လူငယ်ဖိုက်တာ ဖြစ်သည်။ 

တတိယခေါင်တွဲဆိုင်းအဖြစ် (၇၁) ကီလိုတန်းတွင် ကျော်စွာဝင်းနှင့် ထိုင်းနိုင်ငံသား မွေထိုင်းဖိုက်တာ အဗတ်တာတို့ (၅)ချီယှဉ်ပြိုင်ထိုးသတ်မည်ဖြစ်သည်။ အဗတ်တာသည် One Championship က ကျင်းပသည့် One Friday Fights မွေထိုင်းပြိုင်ပွဲများတွင် ဝင် ရောက်ယှဉ်ပြိုင်ထိုးသတ်နေသူဖြစ်ပြီး ပြီးခဲ့သည့် ဇူလိုင်လအတွင်း နောက်ဆုံးထိုးသတ်ခဲ့သည့်ပြိုင်ပွဲတွင် တူရကီဖိုက်တာကို အမှတ်ဖြင့်အနိုင်ရထားသည်။ 

အခြားတွဲဆိုင်းများအဖြစ် စိန်လုံးချောနှင့် မိုးထက်အောင်တို့ (၅) ချီစိန်ခေါ် ပွဲ၊ ဟံသာဝတီနှင့် စီတိုးတို့ (၄) ချီစိန်ခေါ်ပွဲ၊ တိုင်းကျော်နှင့် ဝူသောဒို တို့ (၄) ချီစိန်ခေါ် ပွဲများ ယှဉ်ပြိုင်ထိုးသတ်မည်ဖြစ်သည်။ ပြိုင်ပွဲကို Sky Net Sports ရုပ်သံလိုင်းများမှ တိုက်ရိုက်ထုတ်လွှင့်ပြသမည်ဖြစ်သည်။

Most Read

Most Recent