လဝကအနေဖြင့် ကောက်ယူပြီးစီးခဲ့သည့် အိမ်ထောင်စု ၁၄ ဒသမ ၈ သန်းကျော်ကို e-ID Server အတွင်း ဖြည့်သွင်းပြင်ဆင်အတည်ပြုပြီးလျှင် ရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက် တိကျမှန်ကန်သည့်မဲစာရင်း ရရှိမည်

လဝကအနေဖြင့် ကောက်ယူပြီးစီးခဲ့သည့် အိမ်ထောင်စု ၁၄ ဒသမ ၈ သန်းကျော်ကို e-ID Server အတွင်း ဖြည့်သွင်းပြင်ဆင်အတည်ပြုပြီးလျှင် ရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက် တိကျမှန်ကန်သည့်မဲစာရင်း ရရှိမည်
Published 16 August 2023

ကောက်ယူပြီးစီးခဲ့သည့် အိမ်ထောင်စု ၁၄ ဒသမ ၈ သန်းကျော်ကို e-ID Server အတွင်း ဖြည့်သွင်းပြင်ဆင်အတည်ပြုပြီးလျှင် ရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက် တိကျမှန်ကန်သည့်မဲစာရင်း ရရှိမည်ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က ပြောကြားသည်။

သြဂုတ် ၁၅ ရက်က နေပြည်တော်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်၊ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများနှင့် တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့ခြင်း ဖြစ်သည်။

ယင်းသို့တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီးက လက်ရှိ နိုင်ငံတော်အစိုးရ၏ ရှေ့လုပ်ငန်းစဉ် ငါးရပ်အနက် အရေးအကြီးဆုံးလုပ်ငန်းစဉ်မှာ “ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအားလုံး၏ အခွင့်အရေးများ နစ်နာမှုမရှိစေရေးနှင့် နည်းလမ်းကျနမှန်ကန်မှုရှိသည့် အထွေထွေရွေးကောက်ပွဲ တစ်ရပ်ဖြစ်စေရေး ဆောင်ရွက်ခြင်း၊ အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ခြင်းတို့ပြီးစီးပါက လွတ်လပ်ပြီးတရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကျင်းပ၍ ထွက်ပေါ်လာသည့်အစိုးရအား နိုင်ငံတော်တာဝန် လွှဲအပ်နိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည် ဆိုသည့် လုပ်ငန်းစဉ်ပင်ဖြစ်ကြောင်း၊ ယင်းလုပ်ငန်းစဉ်တစ်ခုလုံး မှန်ကန်မြန်ဆန်စွာ ဆောင်ရွက်နိုင်ရေးအတွက် မိမိတို့ဝန်ကြီးဌာနမှ မြေပြင်ကွင်းဆင်းစာရင်းကောက်ယူခြင်း၊ ပန်းခင်းစီမံချက်အဆင့် (၁)နှင့်(၂) ဆောင်ရွက်ခြင်း၊ e-ID စနစ်လုပ်ငန်းနှင့် ပြည်လုံးကျွတ်သန်းခေါင်စာရင်း ကောက်ယူခြင်း လုပ်ငန်းများကို တစ်ပြိုင်တည်း ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း ပြောကြားသည်။

ဇန်နဝါရီ ၃၁ ရက်အထိ e-ID Software ဖြင့် ထုတ်ယူထားသည့် အိမ်ထောင်စုစာရင်းနှင့် တိုက်ဆိုင်စစ်ဆေးကောက်ယူခဲ့သည့် အိမ်ထောင်စု ၁၂ သန်းကျော်၊ လက်ရှိဒေသ၌ အိမ်ထောင်စုမရှိသဖြင့် အလွတ်ပုံစံများဖြင့် ကောက်ယူခဲ့သည့်အိမ်ထောင်စု ၂ ဒဿမ ၈ သန်း‌ကျော်၊ စုစုပေါင်းအိမ်ထောင်စု ၁၄ ဒဿမ ၈ သန်း‌ကျော် ကောက်ယူပြီးစီးပြီ ဖြစ်ကြောင်း၊ ယင်းစာရင်းအချက်အလက်များကို ရုံးချုပ်ရှိ e-ID Server အတွင်း ဖြည့်သွင်းပြင်ဆင်အတည်ပြုပြီးလျှင် ရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက် တိကျမှန်ကန်သည့်မဲစာရင်းကို ရရှိမည်ဖြစ်ကြောင်း၊ မဲပေးပိုင်ခွင့်ရှိသူနိုင်ငံသားတိုင်း နိုင်ငံသားဆိုင်ရာ ကိုင်ဆောင်သင့်သည့် ကတ်ပြားတစ်မျိုးမျိုး ကိုင်ဆောင်မဲပေးနိုင်ရေးအတွက် ပန်းခင်းစီမံချက်ကို ၂၀၂၁ ခုနှစ်၊ မေ ၃ ရက်မှ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၃ ရက်အထိ ၁၈ လတာကာလအတွင်း တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လူဦးရေပမာဏ ၃ ဒဿမ ၄ သန်းကျော်ကို ကိုင်ဆောင်ကတ်ပြားတစ်မျိုုးမျိုး ထုတ်ပေးနိုင်ရေး လျာထားဆောင်ရွက်ခဲ့ကြောင်း၊ စတင်ဆောင်ရွက်ချိန်မှ ၂၀၂၃ ခုနှစ်၊ ဇူလိုင် ၃၁ ရက်အထိ လူဦးရေ ၃ ဒဿမ ၃ သန်းကျော် (၉၇ ဒဿမ ၀၆) ရာခိုင်နှုန်းကို နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးနိုင်ခဲ့ကြောင်း၊ သို့သော် နိုင်ငံတစ်ဝန်း အကြောင်းအမျိုးမျိုးကြောင့် နိုင်ငံသားကတ်ပြားမရှိသေးသူများ ကျန်ရှိနေသေးသည့်အတွက် ၂၀၂၂ ခုနှစ်၊ ဩဂုတ် ၁ ရက်မှ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၃၁ ရက်အထိ ၁၇ လတာကာလအား ပန်းခင်းစီမံချက်အဆင့် (၂) အဖြစ် သတ်မှတ်၍ ယင်းကာလအတွင်း (၁၈) နှစ်ပြည့် လာမည့်လူဦးရေကို ခန့်မှန်းတွက်ချက်ပြီး လူဦးရေ ၁ ဒဿမ ၇ သန်းကျော်ကို နိုင်ငံသားကတ်ပြားထုတ်ပေးနိုင်ရေး လျာထားဆောင်ရွက်လျက်ရှိရာ ၂၀၂၃ ခုနှစ်၊ ဇူလိုင် ၃၁ ရက်ထိ လူဦးရေ ကိုးသိန်းကျော် (၅၆ ဒဿမ ၃၉) ရာခိုင်နှုန်းကို နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးနိုင်ခဲ့ကြောင်း၊ ယင်းလုပ်ငန်းသည် မဲပေးခွင့်ရှိပါလျက် နိုင်ငံသားကတ်မရှိသဖြင့် မဲမပေးရသူမရှိစေရေးအတွက် ဆောင်ရွက်ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

ထို့ပြင် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၁ ရက်မှ ၁၅ ရက်အထိ စမ်းသပ်သန်းခေါင်စာရင်းကို တိုင်းဒေသကြီး/ ပြည်နယ်အားလုံးမှ မြို့နယ် ၂၀ ကို ရွေးချယ်ပြီး ယင်းမြို့နယ်များ၏ စာရင်းကောက်ကွက် ၁၀၀ ကို နမူနာရွေးချယ်ကောက်ယူသွားမည်ဖြစ်ရာ စမ်းသပ်သန်းခေါင်စာရင်း အောင်မြင်စွာကောက်ယူနိုင်ရေး ကြိုတင်ပြင်ဆင်ထားကြရမည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။ 

ထို့အတူ နိုင်ငံတော်အစိုးရက ဆောင်ရွက်နေသည့် e-Government စနစ်၏ အခြေခံအကျဆုံးဖြစ်သည့် e-ID စနစ်လုပ်ငန်းကို ဆောင်ရွက်လျက်ရှိရာတွင် လက်ရှိ ကောက်ယူရရှိသည့် ကိုယ်ရေးအချက်အလက်များကို e-ID ကိုယ်ရေးအချက်အလက် မှတ်ပုံတင်ခြင်းစနစ် (e-ID Biographic Registration System) အတွင်းသို့လည်းကောင်း၊ အိမ်ထောင်စုစာရင်း မှတ်ပုံတင်ခြင်း ဆော့ဝဲလ်ပရိုဂရမ် (Household Registration Software Program) အတွင်းသို့ လည်းကောင်း ထည့်သွင်းဆောင်ရွက်လျက်ရှိရာ ၂၀၂၃ ခုနှစ်၊ ဩဂုတ် ၁၀ ရက်အထိ လူဦးရေ ၅၁ သန်းကျော်၊ အိမ်ထောင်စု ၁၃ သန်း‌ကျော် ထည့်သွင်းထားပြီးဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

ယခုအခါ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် Biometric အချက်အလက်များကို ဦးတည်အုပ်စုများ အလိုက်ကောက်ယူလျက်ရှိရာ ၂၀၂၃ ခုနှစ်၊ ဩဂုတ် ၁၀ ရက်အထိ လူဦးရေ ခုနစ်သိန်းကျော် ကောက်ယူပြီးစီးပြီဖြစ်ကြောင်း၊ ယခုလုပ်ငန်းစဉ်များသည် ဌာန၏ လက်ငင်းဆောင်ရွက်နေသည့် လုပ်ငန်းများဖြစ်ပြီး လုပ်ငန်းပမာဏနှင့် အချိန်ကာလ သတ်မှတ်ချက်များအတိုင်း ပြီးစီးအောင်မြင်ရေးအတွက် မဖြစ်မနေကြိုးပမ်းဆောင်ရွက်ကြရမည့် လုပ်ငန်းများဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။

Most Read

Most Recent