ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်မည့် နယ်ဘက်လက်နက်ကိုင်ဆောင်မှုဆိုင်ရာ ကြီးကြပ်မှုကော်မတီ ဖွဲ့စည်း

ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်မည့် နယ်ဘက်လက်နက်ကိုင်ဆောင်မှုဆိုင်ရာ ကြီးကြပ်မှုကော်မတီ ဖွဲ့စည်း
Published 15 August 2023

ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်မည့် နယ်ဘက်လက်နက်ကိုင်ဆောင်မှုဆိုင်ရာ ကြီးကြပ်မှုကော်မတီကို ဇူလိုင် ၁၀ ရက်က ဖွဲ့စည်းလိုက်ကြောင်း ပြည်ထောင်စုအစိုးရအဖွဲ့က ထုတ်ပြန်သည်။

ပြည်ထောင်စုအစိုးရအဖွဲ့သည် လက်နက်ဥပဒေပုဒ်မ ၄၊ ပုဒ်မခွဲ (က) အရ နယ်ဘက်လက်နက်ကိုင်ဆောင်မှုဆိုင်ရာ ကြီးကြပ်မှုကော်မတီကို ဖွဲ့စည်းခဲ့သည်။

နယ်ဘက်လက်နက်ကိုင်ဆောင်မှုဆိုင်ရာ ကြီးကြပ်မှုကော်မတီတွင် ဥက္ကဋ္ဌအဖြစ် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ အတွင်းရေးမှူးအဖြစ် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ရဲချုပ်နှင့် တွဲဖက်အတွင်းရေးမှူးအဖြစ် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ရဲဦးစီးအရာရှိချုပ်တို့က တာဝန်ယူဆောင်ရွက်မည်ဖြစ်သည်။

ယင်းကော်မတီတွင် အဖွဲ့ဝင်များအဖြစ် ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ဥပဒေရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ အကျဉ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာ၏ သတ္တုတွင်းဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၏ တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်နှင့် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) စစ်ဦးစီးဗိုလ်မှူးကြီးတို့က တာဝန်ယူဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

နယ်ဘက်လက်နက်ကိုင်ဆောင်မှုဆိုင်ရာ ကြီးကြပ်မှုကော်မတီသည် ပြည်ထောင်စုအစိုးရ၏ သဘောတူညီချက်ဖြင့် နယ်ဘက်လက်နက်ကိုင်ဆောင်မှုဆိုင်ရာ မူဝါဒများ ချမှတ်ခြင်း၊ သံရုံးနှင့် သံတမန်များ၊ ပြည်ပနိုင်ငံများမှလာရောက်သော နိုင်ငံတော်အဆင့်အကြီးအကဲ၏ လုံခြုံရေးအတွက် သေနတ်နှင့် ခဲယမ်းသယ်ယူခွင့်၊ ကိုင်ဆောင်ခွင့်ပြုခြင်းနှင့်စပ်လျဉ်း၍ မူဝါဒချမှတ်ခြင်း၊ လိုင်စင်ဖြင့် ကိုင်ဆောင်ခွင့်ပြုသည့် သေနတ်နှင့် ခဲယမ်းအမျိုးအစားများ သတ်မှတ်ပေးခြင်း စသည်တို့ကို ဆောင်ရွက်ရမည်ဖြစ်သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ၂၀၂၃ ခုနှစ်၊ မေ ၁၁ ရက်တွင် လက်နက်ဥပဒေကို ပြဋ္ဌာန်းခဲ့သည်။

လက်နက်အဓိပ္ပာယ်ဖွင့်ဆိုချက်တွင် ဓားများ၊ ဒူးလေးများ၊ သေနတ်များနှင့် ပေါက်ကွဲစေတတ်သော ပစ္စည်းများနှင့် အမြောက်များပါဝင်ပြီး သေနတ်အဓိပ္ပာယ်ဖွင့်ဆိုချက်တွင် ပစ္စတိုအုပ်စုဝင် သေနတ်များ၊ ရိုင်ဖယ်အုပ်စုဝင် သေနတ်များ၊ စက်သေနတ်ကလေးအုပ်စုဝင် သေနတ်များ၊ စက်ကလေးအုပ်စုဝင် သေနတ်များ၊ ပြောင်းချောသေနတ်များ၊ ဗုံးပစ်သေနတ်များ၊ လေယာဉ်ပစ်စက်သေနတ်ကြီး အုပ်စုဝင်သေနတ်များ စသည်တို့ပါဝင်ကြောင်း ဖော်ပြထားသည်။

နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ရပ်ရွာအေးချမ်းသာယာရေးတို့ကို ထိခိုက်စေနိုင်သော လက်နက်ကိုင်ဆောင်ခြင်းနှင့် လက်နက်ကိုင်ဆောင်ကျူးလွန်သည့် ပြစ်မှုများကို တားဆီးကာကွယ်ရန်၊ လက်နက်သယ်ယူခွင့်၊ လက်နက်ကိုင်ဆောင်ခွင့်၊ တရားဝင်လက်ဝယ်ထားရှိခွင့်တို့နှင့် စပ်လျဉ်း၍ ဥပဒေနှင့်အညီ ထိန်းချုပ်ကြပ်မတ်နိုင်ရန်နှင့် တရားမဝင်လက်နက်ကိုင်ဆောင်ခြင်းကို တားဆီးကာကွယ်ရန်တို့အတွက် လက်နက်ဥပဒေကို ပြဋ္ဌာန်းရခြင်းဖြစ်ကြောင်း လက်နက်ဥပဒေ ရည်ရွယ်ချက်အခန်းတွင် ဖော်ပြထားသည်။

လက်နက်ဥပဒေပုဒ်မ ၁၉ (က)တွင် နိုင်ငံတော်ပိုင်လက်နက် သို့မဟုတ် ဥပဒေအရ ကိုင်ဆောင်ခွင့်ရှိသူပိုင် သေနတ်၊ ခဲယမ်းကို ခိုးယူခြင်း သို့မဟုတ် ခိုးမှုကျူးလွန်ရန်အားထုတ်ခြင်းမပြုရဟုဆိုသည်။

ထို့ပြင် လက်နက်ဥပဒေပုဒ်မ ၁၉၊ ပုဒ်မခွဲများတွင် နိုင်ငံတော်ပိုင်လက်နက် သို့မဟုတ် ဥပဒေအရ ကိုင်ဆောင်ခွင့်ရှိသူ ပိုင်ဆိုင်သော လက်နက်၊ ခဲယမ်းများကို ရောင်းချခြင်း၊ အခြားသူတစ်ဦးအား လွှဲပြောင်းပေးအပ်ခြင်း၊ လုယူခြင်းနှင့်ဖျက်ဆီးခြင်းများကို မပြုလုပ်ရန်လည်း တားမြစ်ထားသည်။

ထိုသို့ ပုဒ်မ ၁၉ ပါ တားမြစ်ချက်များကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို အနည်းဆုံးထောင်ဒဏ် ၁၀ နှစ်မှ အများဆုံးထောင်ဒဏ် တစ်သက်အထိဖြစ်စေ၊ သေဒဏ်ဖြစ်စေ ချမှတ်ရမည်ဟု ပြဋ္ဌာန်းထားသည်။

လက်နက်တစ်ခုခုကို တစ်ဦးဦးအား ဘေးအန္တရာယ်ဖြစ်စေရန် သို့မဟုတ် ခြောက်လှန့်ရည်ရွယ်၍ အများပြည်သူနှင့် သက်ဆိုင်သောနေရာတွင်သယ်ယူခြင်း၊ ကိုင်ဆောင်သွားလာခြင်း၊ လက်ဝယ်ထားရှိခြင်း သို့မဟုတ် ပြသခြင်းမပြုရန် အခန်း (၆)၊ ပုဒ်မ ၁၅ (က)တွင် တားမြစ်ထားသည်။

ထို့ပြင် သေနတ် သို့မဟုတ် လက်နက်ခဲယမ်းတစ်ခုခုကို လိုင်စင် သို့မဟုတ် ခွင့်ပြုမိန့် စည်းကမ်းချက်များနှင့်အညီမဟုတ်ဘဲ သယ်ယူခြင်း၊ လက်ဝယ်ထားရှိခြင်း၊ ကိုင်ဆောင်သွားလာခြင်း သို့မဟုတ် အသုံးပြုခြင်းမပြုရန် ပုဒ်မ ၁၅ (ခ)တွင် တားမြစ်ထားသည်။