နစက တာဝန်ယူခဲ့သည့်ကာလအတွင်း တရားဥပဒေစိုးမိုးရေး တာဝန်ထမ်းဆောင်မှုအပိုင်းတွင် အားနည်းချက်များရှိခဲ့သဖြင့် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ အားနည်းချက်များကို ပြုပြင်ဆောင်ရွက်မည်

နစက တာဝန်ယူခဲ့သည့်ကာလအတွင်း တရားဥပဒေစိုးမိုးရေး တာဝန်ထမ်းဆောင်မှုအပိုင်းတွင် အားနည်းချက်များရှိခဲ့သဖြင့် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ အားနည်းချက်များကို ပြုပြင်ဆောင်ရွက်မည်
Published 9 August 2023

နစက တာဝန်ယူခဲ့သည့်ကာလအတွင်း တရားဥပဒေစိုးမိုးရေးတာဝန်ထမ်းဆောင်မှုအပိုင်းတွင် အားနည်းချက်များရှိခဲ့သဖြင့် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ အားနည်းချက်များကို ပြုပြင်ဆောင်ရွက်မည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဝန်ခံပြောကြားသည်။

သြဂုတ် ၈ ရက်က နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး ငုရွှေဝါခန်းမတွင် ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များနှင့် ပြည်ထောင်စုဝန်ကြီးဌာနများမှ တာဝန်ရှိသူများနှင့် တွေ့ဆုံရာတွင် ဗိုလ်ချုပ် မှူးကြီးမင်းအောင်လှိုင်က အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

အဆိုပါတွေ့ဆုံပွဲတွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က နိုင်ငံရေးဦးတည်ချက် တတိယအချက်အနေဖြင့် “ပြည်သူလူထု၏ လူမှုစီးပွားဘဝလုံခြုံရေးအတွက် ပြည်ထောင်စုတစ်ဝန်းလုံး တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး အပြည့်အဝရရှိစေရန် အလေးထားလုပ်ဆောင်ရေး” ဟူ၍ ချမှတ်ထားကြောင်း၊ တရားဥပဒေစိုးမိုးရေးဆိုရာတွင် အဆင့်အဆင့်သော အုပ်ချုပ်ရေးဆိုင်ရာအဖွဲ့အစည်းများ၊ အုပ်ချုပ်ရေးကို ထိန်းသိမ်းပေးသည့် တရားရေးမဏ္ဍိုင်တို့ပါဝင်ကြောင်း၊ ဥပဒေဆိုင်ရာကိစ္စရပ်များ ဆောင်ရွက်ရန်အတွက် ဥပဒေဆိုင်ရာအဖွဲ့အစည်းများက ဆောင်ရွက်ကြရကြောင်း၊ ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေး ဆောင်ရွက်ရာတွင် ပြည်ထဲရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အထွေထွေအုပ်ချုပ်ရေးနှင့် တရားရေးမဏ္ဍိုင်တို့သည် အဓိကအရေးကြီးကြောင်း၊ တရားဥပဒေစိုးမိုးရေးအတွက် အဓိကဆောင်ရွက်နေရသူ များသည် စွမ်းရည်ရှိသည့် ပုဂ္ဂိုလ်များ ဖြစ်ရန်လိုကြောင်း၊ မိမိတို့တာဝန်ထမ်းဆောင်ခဲ့သည့် ကာလအတွင်း တရားဥပဒေစိုးမိုးရေး တာဝန်ထမ်းဆောင်မှုနှင့်ပတ်သက်၍ အားနည်းချက်များရှိခဲ့ပြီး အုပ်ချုပ်ရေးပိုင်းဆိုင်ရာ အားနည်းချက်များသည် အစိုးရတစ်ရပ်၏ လုပ်ငန်းဆောင်ရွက်ချက်များကို ထိခိုက်စေနိုင်သဖြင့် ပြုပြင်ဆောင်ရွက်သွားရန်လိုကြောင်း ပြောကြားသည်။

ထို့ပြင် အစိုးရတစ်ရပ်အနေဖြင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးတွင် လုပ်ဆောင်ရမည့်လုပ်ငန်းတာဝန်များ များပြားကြောင်း၊ ပြည်ထောင်စုဝန်ကြီးဌာနများမှ တာဝန်ရှိသူများအနေဖြင့် မိမိတို့ ဦးဆောင်ကွပ်ကဲရသည့်ဌာနများအလိုက် လုပ်ထုံးလုပ်နည်း၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီ လုပ်ငန်းတာဝန်များကို အောင်မြင်အောင်ထိန်းကြောင်း ဆောင်ရွက်သွားရန် လိုကြောင်း၊ မိမိကိုယ်တိုင်အရည်အချင်းရှိပြီး စည်းကမ်းကောင်းမွန်ရန်လိုသကဲ့သို့ မိမိကွပ်ကဲရသည့် အဖွဲ့အစည်းကိုလည်း စည်းကမ်းစနစ်တကျရှိစေရေး ကွပ်ကဲနိုင်မှုအပြည့်အဝရှိရန်လိုကြောင်း၊ အစိုးရဌာနများသည် ပြည်သူကို အလုပ်အကျွေးပြုရသည့်ဌာနများဖြစ်သဖြင့် ဝန်ထမ်းများအနေဖြင့်လည်း ကောင်းမွန်သည့်စီမံခန့်ခွဲမှုရှိသည့်၊ လုပ်ငန်းတာဝန်ကျေပွန်သည့်၊ ပြည်သူ့အကျိုးကို ဖော်ဆောင်ပေးနိုင်သည့် ဝန်ထမ်းများဖြစ်ရန်လိုကြောင်း ၎င်းက ဆိုသည်။

မိမိတို့အနေဖြင့် နိုင်ငံတော်၏တာဝန်များကို ထမ်းဆောင်ခဲ့ရာတွင် အခက်အခဲ၊ အကြပ်အတည်းများစွာကို စုစည်းညီညွတ်သည့်အားဖြင့် ကျော်လွှားနိုင်ခဲ့ပြီးဖြစ်ကြောင်း၊ သို့သော်လည်း မိမိတို့နိုင်ငံအပေါ် စီးပွားရေးအရ၊ နိုင်ငံရေးအရ ပိတ်ဆို့မှုများရှိနေဆဲဖြစ်ကြောင်း၊ မိမိတို့နိုင်ငံ၌ ပြည်တွင်းကုန်ထုတ်လုပ်မှုလုပ်ငန်းများကို အောင်မြင်အောင် ဆောင်ရွက်နိုင်မည်ဆိုပါက မည်သည့်အခက်အခဲ၊ အကြပ်အတည်းကိုမဆို ကျော်လွှားနိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ဦးတည်ချက်များကို အောင်မြင်အောင် အကောင်အထည်ဖော်ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ နိုင်ငံ့ဝန်ထမ်းများအနေဖြင့် လူပုဂ္ဂိုလ်တစ်ဦး တစ်ယောက်အတွက်ဆိုသည်ထက် နိုင်ငံ၏ အကျိုးစီးပွားအတွက်သာ မိမိတို့၏ တာဝန်များကို ကျေပွန်စွာဖြင့် အလုပ်လုပ်ကြရန် တိုက်တွန်းမှာကြားလိုကြောင်း ၎င်းက ပြောကြားခဲ့သည်။

Most Read

Most Recent