ကုန်သွယ်ရေးစခန်း၊ စစ်ဆေးရေးစခန်းနှင့် လုံခြုံရေးဂိတ်များတွင် လာဘ်ပေးလာဘ်ယူမှုများမရှိစေရေး၊ မလိုအပ်ဘဲအချိန်ကြန့်ကြာမှုများ မဖြစ်ရေးကြပ်မတ်ရန်နှင့် လာဘ်ပေးလာဘ်ယူမှုများအား ဖော်ထုတ်တွေ့ရှိပါက တာဝန်ရှိသူအဆင့်ဆင့်ကိုအရေးယူရန် နစကဒုတိယဥက္ကဋ္ဌ ပြောကြား

ကုန်သွယ်ရေးစခန်း၊ စစ်ဆေးရေးစခန်းနှင့် လုံခြုံရေးဂိတ်များတွင် လာဘ်ပေးလာဘ်ယူမှုများမရှိစေရေး၊ မလိုအပ်ဘဲအချိန်ကြန့်ကြာမှုများ မဖြစ်ရေးကြပ်မတ်ရန်နှင့် လာဘ်ပေးလာဘ်ယူမှုများအား ဖော်ထုတ်တွေ့ရှိပါက တာဝန်ရှိသူအဆင့်ဆင့်ကိုအရေးယူရန် နစကဒုတိယဥက္ကဋ္ဌ ပြောကြား
Published 28 July 2023

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့များအနေဖြင့် ကုန်သွယ်ရေးစခန်း၊ စစ်ဆေးရေးစခန်းနှင့် လုံခြုံရေးဂိတ်များတွင် လာဘ်ပေးလာဘ်ယူမှုများမရှိစေရေး၊ အချိန်ကြန့်ကြာမှုများမဖြစ်ရေး ကြပ်မတ်ရန်နှင့် လာဘ်ပေးလာဘ်ယူမှုများအား ဖော်ထုတ်တွေ့ရှိပါက တာဝန်ရှိသူအဆင့်ဆင့်ကို အရေးယူရန် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ  ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ပြောကြားသည်။

ဇူလိုင် ၂၇ ရက်က ကျင်းပသည့် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင် ကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေး (၄ /၂၀၂၃)တွင် နစကဒုတိယဥက္ကဋ္ဌက ထိုသို့ ထည့်သွင်းပြောကြားခြင်းဖြစ်သည်။

နစကဒုတိယဥက္ကဋ္ဌက နိုင်ငံ့စီးပွားမြှင့်တင်ရေးအစည်းအဝေးတွင် နိုင်ငံတော်ဝန်ကြီးချုပ်က တရားမဝင်ကုန်သွယ်မှုများနှင့် သယံဇာတပစ္စည်းများတရားမဝင်ထုတ်လုပ်ခြင်းများသည် မိမိတို့ နိုင်ငံ့စီးပွားရေးအပေါ် ထိုးနှက်ချက်များပင်ဖြစ်ကြောင်းဟု ပြောကြားခဲ့ကြောင်း၊ ၂၀၂၃ ခုနှစ် ဇွန်လအတွင်း ကချင်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးအတွင်းတွင် သယံဇာတများကို တရားမဝင်တူးဖော်သည့် ဘက်ဟိုးယန္တရား ၅၇ စီး၊ ခန့် မှန်းတန်ဖိုး ကျပ် ၄ ဒသမ ၅၃၁ ဘီလျံ ဖမ်း ဆီးနိုင်ခဲ့ကြောင်း၊ ၂၀၂၂ ခုနှစ် ဇန်နဝါရီလမှ ၂၀၂၃ ခုနှစ် ဇွန်လအထိ တရားမဝင်သစ်မျိုးစုံ အမှုတွဲ ၁၄၆၂ မှု၊ ခန့်မှန်းတန်ဖိုး ကျပ် ၄ ဒသမ ၄၂၁ ဘီလျံ ဖမ်းဆီးရမိခဲ့ပြီး ဖမ်းဆီးရမိမှုစုစုပေါင်း၏ ၃ ဒသမ ၄၈ ရာခိုင်နှုန်း ဖြစ်ကြောင်း၊ သို့သော် နိုင်ငံအတွင်း သယံဇာတပစ္စည်းများ တရားမဝင်ထုတ်လုပ်နေမှုများသည် ရှိနေဆဲပင်ဖြစ်ကြောင်း၊ ထို့ကြောင့် တ ရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့များအနေဖြင့် နိုင်ငံ၏သယံဇာတပစ္စည်းများ တရားမဝင်ထုတ်လုပ်မှုကိုလည်း ထိထိရောက်ရောက် တားဆီး၊ စစ်ဆေးအရေးယူကြရန် တိုက်တွန်းပြောကြားလိုကြောင်း ပြောကြားသည်။

ထို့ပြင် အခြေခံစားသုံးကုန်ပစ္စည်းများ တိုးမြှင့်ထုတ်လုပ်ရေးအစည်းအဝေးတွင် နိုင်ငံတော်ဝန်ကြီးချုပ်က ကုန်စည်ပို့ဆောင်ရေးနှင့်ပတ်သက်ပြီး လမ်းခရီးတွင်ရှိသော ဂိတ်များ၌ မလိုလားအပ်သည့် ကုန်ကျစရိတ်များ မရှိစေရေး တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် တာဝန်ရှိသူများက အလေးထားကြပ် မတ်ဆောင်ရွက်သွားရန်”ဟု မှာကြားခဲ့ကြောင်း၊ ထို့ကြောင့် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့များအနေဖြင့် သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်အလိုက်တွင် ဖွင့်လှစ်ထားသည့် ကုန်သွယ်ရေးစခန်းများ၊ စစ်ဆေးရေးစခန်းများနှင့် လုံခြုံရေးဂိတ်များတွင် လာဘ်ပေးလာဘ်ယူမှုများ မရှိစေ ရေး၊ မလိုအပ်ဘဲ အချိန်ကြန့်ကြာမှုများ မဖြစ်ရေး အလေးထားကြပ်မတ်ဆောင်ရွက်ကြရန်နှင့် လာဘ်ပေးလာဘ်ယူမှုများကို စိစစ်ဖော်ထုတ်တွေ့ရှိပါက တာဝန်ရှိသူအဆင့်ဆင့်ကို ထိထိရောက်ရောက် အရေးယူရန် မှာကြားလိုကြောင်း နစကဒုတိယဥက္ကဋ္ဌက ပြောကြားသည်။

ယင်းအပြင် တရားမဝင်ကုန်သွယ်မှုများသည် ရှောင်ကွင်းလမ်းများ အသုံးပြုသယ် ဆောင်မှုများရှိသကဲ့သို့ တရားဝင်ကုန်သွယ်မှုလမ်းကြောင်းအတိုင်း စစ်ဆေးရေးဂိတ်များ၊ လုံခြုံရေးဂိတ်များကိုငွေပေးပြီး ဖြတ်သန်းနေ မှုများလည်းရှိနေကြောင်းကို ဖမ်းဆီးရမိ စစ်ကြောချက်များအရ သိရှိရကြောင်း၊ အထူးအဖွဲ့ဥက္ကဋ္ဌများနှင့် ဌာနဆိုင်ရာတာဝန်ခံ ညွှန်ကြားရေးမှူးချုပ်များအနေဖြင့် မိမိတို့တာဝန်ယူရသည့် စစ်ဆေးရေးဂိတ်၊ လုံခြုံရေး ဂိတ်များတွင်လာဘ်ပေးလာဘ်ယူမှုများမရှိအောင် ကြပ်ကြပ်မတ်မတ်ဆောင်ရွက်ကြရန် အလေးထားမှာကြားလိုကြောင်းနှင့် ပြည်ထောင်စုအဆင့်က ဝင်ရောက်စစ်ဆေးဖော် ထုတ်တွေ့ရှိခဲ့လျှင် သက်ဆိုင်ရာတာဝန်ကျ ဝန်ထမ်းများအပြင် တာဝန်ရှိသူအဆင့်ဆင့်ကိုပါ ထိထိရောက်ရောက် အရေးယူသွားမည်ဖြစ်ကြောင်း နစကဒုတိယဥက္ကဋ္ဌက ဆိုသည်။

တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရာတွင် မည်သို့သော စိန်ခေါ်မှုများရှိနေပါစေ အောင်မြင်အောင် ဆောင်ရွက်ရမှာဖြစ်ကြောင်း၊ တရားမဝင် ကုန်ပစ္စည်းများကို နယ်စပ်ဒေသနှင့် ကုန်သွယ်မှုလမ်းကြောင်းပေါ်မှ တားဆီးစစ်ဆေးမှုအပြင် သိုလှောင်ရုံများနှင့် စျေးကွက်များအထိ ဝင်ရောက်စစ်ဆေးအရေး ယူနိုင်ရေး ဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ ပြည်တွင်းက သယံဇာတပစ္စည်းများ တရားမဝင်ထုတ်လုပ်နေမှုကိုလည်း ထိထိရောက်ရောက် တားဆီးစစ်ဆေးအရေးယူကြရန်လိုကြောင်း၊ ကုန်သွယ်မှုလမ်းကြောင်းတစ် လျှောက်တွင်ရှိသည့်ဂိတ်များတွင် မလိုလားအပ်သည့် ကုန်ကျစရိတ်များနှင့် အချိန်ကြန့်ကြာမှုများမရှိစေရေး အထူးအဖွဲ့ ဥက္ကဋ္ဌများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက အလေးထားကြပ်မတ် ဆောင်ရွက်ကြရန် တိုက်တွန်း ပြောကြားလိုကြောင်း နစကဒုတိယဥက္ကဋ္ဌက ပြောကြားသည်။