မြန်မာနိုင်ငံအတွင်း ဆက်သွယ်ရေးလိမ်လည်မှုများ၊ အွန်လိုင်းလောင်းကစားမှုများနှင့် ရာဇဝတ်မှုများအား နှစ်နိုင်ငံ ပူးပေါင်းတိုက်ဖျက်နှိမ်နင်းရေးအတွက် မြန်မာနှင့် တရုတ် ဆွေးနွေး 

မြန်မာနိုင်ငံအတွင်း ဆက်သွယ်ရေးလိမ်လည်မှုများ၊ အွန်လိုင်းလောင်းကစားမှုများနှင့် ရာဇဝတ်မှုများအား နှစ်နိုင်ငံ ပူးပေါင်းတိုက်ဖျက်နှိမ်နင်းရေးအတွက် မြန်မာနှင့် တရုတ် ဆွေးနွေး 
Published 26 July 2023

မြန်မာနိုင်ငံအတွင်း ဆက်သွယ်ရေးလိမ်လည်မှုများ၊ အွန်လိုင်းလောင်းကစားမှုများနှင့် ရာဇဝတ်မှုများအား နှစ်နိုင်ငံ ပူးပေါင်းတိုက်ဖျက်နှိမ်နင်းရေးအတွက် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေနှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး ချန်းဟိုင်တို့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက သတင်းထုတ်ပြန်သည်။ 

ဇူလိုင် ၂၅ ရက်က နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာနတွင် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေနှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး ချန်းဟိုင်တို့ တွေ့ဆုံဆွေးနွေးရာတွင် အထက်ပါအချက်ကို ဆွေးနွေးခဲ့ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး၏ ထုတ်ပြန်ချက်အရ သိရသည်။ 

ထိုသို့တွေ့ဆုံရာတွင် တရုတ်သံအမတ်ကြီးက မြန်မာနိုင်ငံ နယ်စပ်ဒေသတွင် ဆက်သွယ်ရေးလိမ်လည်မှု ရာဇဝတ်မှုများ ပျံ့နှံ့နေမှုအတွက် တရုတ်-မြန်မာ နှစ်နိုင်ငံ၊ တရုတ်-မြန်မာ-ထိုင်း သုံးနိုင်ငံ ပူးပေါင်းတိုက်ဖျက်နှိမ်နင်းမှုများ ဆောင်ရွက်ခဲ့ရာ ကနဦးအနေဖြင့် ရလဒ်ကောင်းများ ရရှိခဲ့ကြောင်း၊ ထိုသို့ဆောင်ရွက်လျက်ရှိသော်လည်း မြန်မာနိုင်ငံမြောက်ပိုင်း အပါအဝင် မြန်မာနိုင်ငံ နယ်စပ်ဒေသများတွင် ဆက်သွယ်ရေးလိမ်လည်မှုများ ဆက်လက်များပြားနေဆဲဖြစ်ပြီး တရုတ်-မြန်မာနှစ်နိုင်ငံပြည်သူများ၏ ကိုယ်ပိုင်အကျိုးစီးပွားများကို ဆိုးရွားစွာ ထိခိုက်နေကြောင်း၊ တရုတ်နိုင်ငံအစိုးရသည် ယင်းအပေါ် များစွာအလေးထားပြီး တရုတ်ပြည်သူများကလည်း အလွန်မုန်းတီးကြောင်း၊ နှစ်ဦးနှစ်ဖက်သည် အားကောင်းသောအစီအမံများကို ဆက်လက်ဆောင်ရွက်၍ အခြားသက်ဆိုင်ရာအိမ်နီးချင်းနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်ကာ နောက်တစ်ဆင့် ပူးပေါင်းတိုက်ဖျက်နှိမ်နင်းမှုများ လုပ်ဆောင်သင့်ကြောင်း၊ ဆက်သွယ်ရေးလိမ်လည်မှုများ ခိုအောင်းနေသည့်နေရာများကို အစွမ်းကုန်နှိမ်နင်း၍ ပိတ်မိနေသော တရုတ်နိုင်ငံသားများကို ကယ်တင်ကာ မြန်မာနိုင်ငံပြည်တွင်းရှိ ဆက်သွယ်ရေးလိမ်လည်မှု၊ အွန်လိုင်းလောင်းကစားမှု အကြွင်းအကျန်များကို အမြစ်ဖြတ်ပစ်ရမည်ဖြစ်ကြောင်း၊ ရာဇဝတ်မှုကျူးလွန်သောအင်အားစုများနှင့် ၎င်းတို့၏အဖွဲ့ဝင်များကို ဥပဒေနှင့်အညီ အရေးယူပြီး တရုတ်-မြန်မာ ချစ်ကြည်ရင်နှီးစွာ ပူးပေါင်းဆောင်ရွက်မှု အလုံးစုံအခြေအနေကို ထိန်းသိမ်းကြမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ 

ထို့အတူ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေက တရုတ်နိုင်ငံ၏ စိုးရိမ်မှုများကို မြန်မာနိုင်ငံမှ များစွာအလေးထားကြောင်း၊ လတ်တလောကာလတွင် တရုတ်-မြန်မာနှစ်ဦးနှစ်ဖက်သည် ယင်းအကြောင်းအရာနှင့်စပ်လျဉ်း၍ အကြိမ်များစွာ ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း၊ မြန်မာနိုင်ငံ ဒုတိယဝန်ကြီးချုပ်၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ် နှင့် သံအမတ်ကြီး Mr. Chen Hai တို့အတူ ဆက်သွယ်ရေးလိမ်လည်မှုများ၊ အွန်လိုင်းလောင်းကစားမှုများနှင့်စပ်လျဉ်း၍ နက်ရှိုင်းစွာ ဆွေးနွေးခဲ့ကြောင်း၊ ဆက်သွယ်ရေးလိမ်လည်မှုများသည် မြန်မာနိုင်ငံ၏ ပုံရိပ်ကို ထိခိုက်စေပြီး ပြည်တွင်းပြည်ပမှ ပြည်သူများကို စိုးရိမ်ပူပန်မှုများ ဖြစ်စေကြောင်း၊ မြန်မာနိုင်ငံသည် ဆက်သွယ်ရေးလိမ်လည်မှုများနှင့် လောင်းကစားမှုများကို တိုက်ဖျက်နှိမ်နင်းရေးတွင် ရပ်တည်ချက်ပြတ်သားကြောင်း၊ မြန်မာနိုင်ငံသည် တရုတ်နိုင်ငံ အပါအဝင် သက်ဆိုင်ရာအိမ်နီးချင်းနိုင်ငံများနှင့်အတူ နောက်ဆက်တွဲ တိုက်ဖျက်နှိမ်နင်းရေးလှုပ်ရှားမှုများ ညှိနှိုင်းဆောင်ရွက်၍ ပုံမှန်ပူးပေါင်းဆောင်ရွက်ရေးယန္တရား ထူထောင်ရန် ဆွေးနွေးပြီး မြန်မာနိုင်ငံပြည်တွင်း၌ ဆက်သွယ်ရေးလိမ်လည်မှုများ၊ လောင်းကစားမှုများနှင့် ဆက်စပ်နေသော မသမာသူများကို ကြောက်ရွံ့တုန်လှုပ်စေကာ နှစ်နိုင်ငံပြည်သူများ၏ လုံခြုံရေးနှင့် အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ယင်းတွေ့ဆုံပွဲတွင် ရှိရင်းစွဲ ဆွေမျိုးပေါက်ဖော်ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများကို ပိုမို တိုးတက်ခိုင်မာရေး၊ မြန်မာ-တရုတ် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုစီမံကိန်းများ ဆက်လက် အကောင်အထည်ဖော်ရေး၊ နှစ်နိုင်ငံနယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးမြှင့်တင်ရန် ဆက်လက် ပူးပေါင်းဆောင်ရွက်သွားရေးနှင့် မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး ကြိုးပမ်းအားထုတ်မှုများတွင် တရုတ်နိုင်ငံမှ အပြုသဘော ဆက်လက်ကူညီဆောင်ရွက်ပေးသွားမည့် ကိစ္စများအပါအဝင် ဒေသတွင်း နှင့် နိုင်ငံတကာမျက်နှာစာ အထူးသဖြင့် အာဆီယံနှင့် ကုလသမဂ္ဂတို့တွင် အကျိုးတူပူးပေါင်း ဆောင်ရွက်ရေးကိစ္စရပ်များအပေါ် ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးအမြင်ချင်းဖလှယ်ခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။