နစကဥက္ကဋ္ဌနှင့် ရုရှားနိုင်ငံ တရားသူကြီးချုပ် တွေ့ဆုံပြီး နှစ်နိုင်ငံအကြား ဥပဒေရေးရာနှင့် တရားစီရင်ရေးဆိုင်ရာကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်သွားရန် ဆွေးနွေး 

နစကဥက္ကဋ္ဌနှင့် ရုရှားနိုင်ငံ တရားသူကြီးချုပ် တွေ့ဆုံပြီး နှစ်နိုင်ငံအကြား ဥပဒေရေးရာနှင့် တရားစီရင်ရေးဆိုင်ရာကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်သွားရန် ဆွေးနွေး 
Published 26 July 2023

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ရုရှားဖက်ဒေရေးရှင်းနိုင်ငံ၊ တရားရုံးချုပ်၊ တရားသူကြီးချုပ် H.E. Mr. Vyacheslav Lebedev တို့ တွေ့ဆုံ၍ နှစ်နိုင်ငံအကြား ဥပဒေရေးရာနှင့် တရားစီရင်ရေးဆိုင်ရာကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်သွားရန် ဆွေးနွေးခဲ့ကြောင်း သိရသည်။ 

ဇူလိုင် ၂၅ ရက်က နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး၊ သံတမန်ဆောင်ဧည့်ခန်းမတွင် နစကဥက္ကဋ္ဌအနေဖြင့် ရုရှားဖက်ဒေရေးရှင်းနိုင်ငံ၊ တရားရုံးချုပ်၊ တရားသူကြီးချုပ် H.E. Mr. Vyacheslav Lebedev ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ကို လက်ခံတွေ့ဆုံခဲ့ခြင်း ဖြစ်သည်။ 

ထိုသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံတို့အကြား သံတမန်ဆက်ဆံရေးဆိုင်ရာ တိုးတက်ကောင်းမွန်မှုအခြေအနေများ၊ ဥပဒေရေးရာကိစ္စရပ်များနှင့်တရား စီရင်ရေးဆိုင်ရာ ကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ဆောင်ရွက်သွားမည့်အခြေအနေများ၊ မြန်မာနိုင်ငံမှ ဥပဒေပညာရှင်များ ရုရှားနိုင်ငံတွင် ဥပဒေပညာရပ်များ လေ့လာနိုင်မည့် အခြေအနေများ၊ ဥပဒေရေးရာကဏ္ဍနှင့် တရားစီရင်ရေးဆိုင်ရာကဏ္ဍများတွင် နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးတက်အောင် ဆောင်ရွက်သွားမည့်အခြေအနေများနှင့် နှစ်နိုင်ငံအကြား ကဏ္ဍပေါင်းစုံတွင် ပူးပေါင်းဆောင်ရွက်လျက်ရှိမှု အခြေအနေများနှင့် ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာဖြင့်အမြင်ချင်း ဖလှယ်ဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။\

တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ တရားရုံးချုပ်၊ တရားသူကြီးချုပ်တို့သည် အမှတ်တရ လက်ဆောင် ပစ္စည်းများ အပြန်အလှန်ပေးအပ်ကြပြီး တက်ရောက်လာကြသူများနှင့်အတူ စုပေါင်း မှတ်တမ်းတင် ဓာတ်ပုံရိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦး၊ ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဒေါ်သီတာဦးတို့ တက်ရောက်ကြပြီး ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ တရားရုံးချုပ်၊ တရားသူကြီးချုပ် H.E. Mr. Vyacheslav Lebedev နှင့်အတူ ကိုယ်စားလှယ်အဖွဲ့ဝင်များနှင့် မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံသံရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။