မြန်မာနိုင်ငံတွင် လက်နက်ကိုင်ပဋိပက္ခနှင့် မလုံခြုံမှုများကြောင့် ပြည်တွင်းနေရပ်စွန့်ခွာထွက်ပြေးရသူဦးရေ ၁ ဒသမ ၉ သန်းနီးပါးရှိလာပြီဖြစ်ကြောင်း UNOCHA ထုတ်ပြန်

မြန်မာနိုင်ငံတွင် လက်နက်ကိုင်ပဋိပက္ခနှင့် မလုံခြုံမှုများကြောင့် ပြည်တွင်းနေရပ်စွန့်ခွာထွက်ပြေးရသူဦးရေ ၁ ဒသမ ၉ သန်းနီးပါးရှိလာပြီဖြစ်ကြောင်း UNOCHA ထုတ်ပြန်
Published 25 July 2023

မြန်မာနိုင်ငံတွင် လက်နက်ကိုင်ပဋိပက္ခနှင့် မလုံခြုံမှုများကြောင့် ပြည်တွင်းနေရပ်စွန့်ခွာထွက်ပြေးရသူဦးရေ ၁ ဒသမ ၉ သန်းနီးပါးရှိလာပြီဖြစ်ကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူးရုံး (UNOCHA) က ထုတ်ပြန်သည်။

ပဋိပက္ခနှင့် သဘာဝဘေးအန္တရာယ်များကြောင့် မြန်မာနိုင်ငံတစ်ဝန်းတွင် လူသားချင်းစာနာမှုဆိုင်ရာလိုအပ်ချက်များ ဆက်လက်ဖြစ်ပေါ်နေပြီး အကန့်အသတ်များက ကျယ်ပြန့်လာသည့်အတွက် ဝင်ရောက်အကူအညီပေးနိုင်ရန်အတွက် အဟန့်အတားများ ဖြစ်ပေါ်နေကြောင်း UNOCHA က ဆိုသည်။

ရခိုင်ပြည်နယ်တွင် ပုံမှန်စီမံကိန်းများ ပြန်လည်စတင်နေသော်လည်း ဆိုင်ကလုန်း ကယ်ဆယ်ရေးလုပ်ငန်းလုပ်ဆောင်ခွင့်ကို မုန်တိုင်းအပြီး နှစ်လအကြာတွင် ဆိုင်ငံ့ထားဆဲဖြစ်ကြောင်း UNOCHA က ထုတ်ပြန်သည်။ 

လူသားချင်းစာနာမှုဆိုင်ရာ မိတ်ဖက်အဖွဲ့အစည်းများအနေဖြင့် မုန်တိုင်းဒဏ်သင့်ဒေသခံများထံ တိုးချဲ့ကူညီနိုင်ရန်အတွက် တိုက်တွန်းဆော်သြမှုများ ဆက်လက်လုပ်ဆောင်နေပြီး ယခင်ခွင့်ပြုထားသည့် ကယ်ဆယ်ရေးပစ္စည်းဖြန့်ဝေခွင့်နှင့် သယ်ယူပို့ဆောင်ရေးအစီအစဉ်ကို ပြန်လည်အတည်ပြုနိုင်ရန်အတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီထံ ပြန်လည်တင်ထားပြီးဖြစ်ကြောင်း UNOCHA ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

တစ်ချိန်တည်း၌ပင် ပြည်နယ်နှင့် တိုင်းဒေသကြီးအများအပြားတွင် တိုက်ပွဲများ ပြင်းထန်စွာ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် အရပ်သားသေဆုံးမှုနှင့် အိုးအိမ်စွန့်ခွာထွက်ပြေးရမှုများလည်း ဆက်လက်ဖြစ် ပေါ်နေကြောင်း UNOCHA ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

အစီရင်ခံစဉ်ကာလအတွင်း လေကြောင်းတိုက်ခိုက်မှု အပါအဝင် ပြင်းထန်သည့်တိုက်ပွဲများကြောင့် ပြည်နယ်သုံးခုမှ လူဦးရေ ၃၀၀၀ နီးပါး နေရပ်စွန့်ခွာထွက်ပြေးခဲ့ရကြောင်း UNOCHA ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

၂၀၂၃ ခုနှစ် ဇူလိုင် ၁၀ ရက်အထိ ကုလသမဂ္ဂ၏ နောက်ဆုံးကိန်းဂဏန်းများအရ မြန်မာနိုင်ငံတစ်ဝန်း ပြည်တွင်းနေရပ်စွန့်ခွာထွက်ပြေးရသူဦးရေ ၁ ဒသမ ၉ သန်းနီးပါးရှိလာပြီဖြစ်ကြောင်းနှင့် ထိုအထဲကမှ လူဦးရေ ၁ ဒသမ ၆ သန်းနီးပါးသည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ နိုင်ငံရေးအပြောင်းအလဲဖြစ်ပေါ်ပြီးနောက်ပိုင်း ဖြစ်ပေါ်လာသည့် ပဋိပက္ခနှင့် မလုံခြုံမှုများကြောင့် နေရပ်စွန့်ခွာထွက်ပြေးကြရသူများဖြစ်ကြောင်း UNOCHA ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။