စပါးတိုက်စစ်မှူး ဟာရီကိန်း၏ဇနီး မြူးနစ်တွင် နေအိမ်၊ ကျောင်းများ စုံစမ်းနေ

စပါးတိုက်စစ်မှူး ဟာရီကိန်း၏ဇနီး မြူးနစ်တွင် နေအိမ်၊ ကျောင်းများ စုံစမ်းနေ
Photo : Facebook
Photo : Facebook
Published 24 July 2023

ဘိုင်ယန်မြူးနစ်အသင်းသို့ ပြောင်းရွှေ့ရန် နီးစပ်နေသည့် စပါးတိုက်စစ်မှူး ဟာရီကိန်း၏ ဇနီးဖြစ်သူ ကိတ်သည် မြူးနစ်တွင် နေအိမ်နှင့် ကလေးများအတွက် ကျောင်းများစုံစမ်းနေကြောင်း ဗြိတိန်မီဒီယာများက ဖော်ပြခဲ့သည်။

ဘိုင်ယန်အသင်းသည် ဟာရီကိန်းအား စာချုပ်ချုပ်ဆိုနိုင်ရန်အတွက် စပါးအသင်းထံ ပြောင်းရွှေ့ကြေး ပေါင် သန်း(၆၀)၊ (၇၀)များဖြင့် ကမ်းလှမ်းခဲ့သော်လည်း နှစ်ကြိမ်တိုင်ပယ်ချခြင်းခံခဲ့ရသည်။

စပါးအသင်းဥက္ကဋ္ဌ လီဗီသည် ဟာရီကိန်း၏ပြောင်းရွှေ့ကြေးကို ပေါင်သန်း(၁၀၀)နှင့်အထက်ရရှိမှ လက်လွှတ်ဖွယ် ရှိနေကြောင်း သိရသည်။ ယခုတစ်ပတ်အတွင်း အသက်(၃၀)နှစ်ပြည့်မည့် ဟာရီကိန်းအတွက် ဘိုင်ယန်အသင်းက ရက်ပိုင်းအတွင်း တတိယမြောက်ကမ်းလှမ်းမှု ပြုလုပ်သွားဖွယ်ရှိသည်။

စပါးအသင်းနည်းပြ ပိုစတီကိုဂလူးက အနာဂတ်မတည်မငြိမ်ဖြစ်နေသည့် ဟာရီကိန်း၏အခြေအနေကို ရာသီသစ်မစတင်မီ ဖြေရှင်းနိုင်ရန် မျှော်လင့်ကြောင်း ဖွင့်ဟခဲ့သည်။

အင်္ဂလန်လက်ရွေးစင် အသင်းခေါင်းဆောင် ဟာရီကိန်းနှင့် စပါးအသင်း၏စာချုပ်မှာ နောက်ဆုံးနှစ်သို့ ရောက်ရှိနေပြီဖြစ်သည်။ စပါးအသင်းက စာချုပ်သစ်အတွက် ကမ်းလှမ်းထားသော်လည်း ၎င်းအနေဖြင့် လက်မှတ်ရေးထိုးမည်မဟုတ်ဘဲ အသင်းပြောင်းရွှေ့ရန် ဆန္ဒရှိနေကြောင်း သိရသည်။

သို့ဖြစ်ရာ ဟာရီကိန်း၏အနာဂတ်နှင့် ပတ်သက်၍ ပိုစတီကိုဂလူးက "အဲဒီကိစ္စအတွက် ကျွန်တော် စိတ်မချမ်းမသာဖြစ်ရတယ်လို့ပြောတာက မျှတပါတယ်။ ကျွန်တော် မီဒီယာတွေနဲ့ စကားပြောတဲ့အချိန်တိုင်း ဒါမှမဟုတ် ဟာရီက ပြောတဲ့အချိန်တိုင်းမှာ ပထမဆုံးမေးခံရမယ့်မေးခွန်းက အဲဒါပါပဲ။ ဒီအခြေအနေကို ဖြေရှင်းရပါမယ်။ ဒီကိစ္စကို အားလုံးအာရုံစိုက်နေကြတယ်လို့ ကျွန်တော်ထင်တယ်။ အဲဒီဟာကို အချိန်အကြာကြီး မဖြစ်စေချင်ပါဘူး။ ဒါက အားလုံးအတွက်ရော၊ ဟာရီအတွက်ရော၊ အသင်းအတွက်ပါ ကောင်းမယ်လို့ ကျွန်တော် မထင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့ လိုချင်တဲ့ အာရုံစိုက်မှုကို လျော့ကျစေလို့ပါ" ဟု ပြောကြားသည်။

ဟာရီကိန်းသည် ဇနီးဖြစ်သူ ကိတ်နှင့် ၂၀၁၉ ခုနှစ်က လက်ထပ်ခဲ့ပြီး သားသမီး(၃)ဦး ရှိထားပြီးဖြစ်ကာ စတုတ္ထမြောက်ကိုယ်ဝန်ကို လွယ်ထားရကြောင်း သိရသည်။ ကိန်းအနေဖြင့်  PSG အသင်းသို့ပြောင်းရွှေ့ရန် လုံးဝစိတ်မဝင်စားကြောင်း သတင်းများက ရေးသားခဲ့သည်။

Most Read

Most Recent