ဒေါ်အောင်ဆန်းစုကြည်နှင့် ထိုင်းနိုင်ငံခြားရေးဝန်ကြီး တွေ့ဆုံမှုအပြီး လှုပ်ခတ်လာသည့် မြန်မာ့အရေး

ဒေါ်အောင်ဆန်းစုကြည်နှင့် ထိုင်းနိုင်ငံခြားရေးဝန်ကြီး တွေ့ဆုံမှုအပြီး လှုပ်ခတ်လာသည့် မြန်မာ့အရေး
Photo - AFP
Photo - AFP
Published 23 July 2023

ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဒွန်ပရာမတ်ဝီနိုင်းသည် ဇူလိုင် ၉ ရက်တွင် မြန်မာနိုင်ငံသို့ လာရောက်ခဲ့သည်။

နစကခေါင်းဆောင်များနှင့် ရင်းနှီးသည့်ဆက်ဆံရေးရှိသော ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဒွန်ပရာမတ်ဝီနိုင်းအနေဖြင့် မြန်မာနိုင်ငံသို့ တစ်ရက်ကြာခရီးစဉ် လာရောက်ခဲ့ခြင်းလည်း ဖြစ်သည်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဒွန်ပရာမတ်ဝီနိုင်းအနေဖြင့်  မြန်မာနိုင်ငံခရီးစဉ်အတွင်း ကုလသမဂ္ဂ သံတမန်များအပါအဝင် အခြားသောမည်သည့်သံတမန်များ မရရှိခဲ့သည့် အခွင့်အရေးတစ်ခုကို နစကထံမှ ရရှိခဲ့သည်။

နစကဘက်က ကုလသမဂ္ဂသံတမန်များ အပါအဝင် အခြားသောမည်သည့်သံတမန်များကိုမှ မပေးခဲ့သည့် အကျဉ်းကျခံနေရသော ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ကို ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဒွန်ပရာမတ်ဝီနိုင်းအား ပေးခဲ့သည်။

ထိုသို့ တွေ့ဆုံမှုကို နစကနှင့် ထိုင်းနိုင်ငံခြားရေးဝန်ကြီးတို့က သတင်းထုတ်ပြန်ခဲ့ခြင်းမရှိဘဲ ဇူလိုင် ၁၂ ရက်နေ့ရောက်မှသာ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတွင် ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဒွန်ပရာမတ်ဝီနိုင်းက ပြောကြားခဲ့ခြင်း ဖြစ်သည်။

တရားဝင်ထုတ်ပြန် ကြေညာခြင်းမရှိသော တွေ့ဆုံမှုသည် အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့တွင် ကျင်းပသည့် အာဆီယံအစည်းအဝေးမတိုင်မီ တစ်ရက်အလိုတွင် ဖြစ်ပေါ်လာခြင်းဖြစ်ပြီး အာဆီယံအစည်းအဝေးကို ဇူလိုင် ၁၁ ရက်မှ ၁၄ ရက်အထိ ကျင်းပခဲ့သည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် နိုင်ငံရေးအပြောင်းအလဲ ဖြစ်ပြီးနောက်ပိုင်း အကျဉ်းချခံထားရသည့် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ပြည်ပမှ သံတမန်တစ်ဦးနှင့် ပထမဆုံးတွေ့ဆုံခွင့်ရခဲ့ခြင်းလည်း ဖြစ်သည်။

ပြီးခဲ့သည့် နှစ်နှစ်ကျော်အတွင်း အမှုရင်ဆိုင်နေရသည့်ကာလဖြစ်သည့်အတွက် လုပ်ထုံးလုပ်နည်းအရ တွေ့ဆုံခွင့်မပေးနိုင်ဟုဆိုကာ မြန်မာ့အရေးအတွက် ခန့်အပ်ထားသည့် အာဆီယံအထူးကိုယ်စား လှယ်များကိုပင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်မပြုခဲ့ပေ။

၂၀၂၁ ခုနှစ် အာဆီယံအလှည့် ကျဥက္ကဋ္ဌ ဘရူနိုင်း၊ ၂၀၂၂ ခုနှစ် အာဆီယံအလှည့်ကျဥက္ကဋ္ဌ ကမ္ဘောဒီးယားနှင့် လက်ရှိ အာဆီယံအလှည့်ကျဥက္ကဋ္ဌ အင်ဒိုနီးရှားနိုင်ငံ၏ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူး ကိုယ်စားလှယ်များကို ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့် နစကဘက်က ခွင့်မပြုခဲ့ခြင်းလည်း ဖြစ်သည်။

ထို့ပြင် နှစ်နှစ်ကျော်ကာလအတွင်း မြန်မာနိုင်ငံကို လာရောက်ခဲ့သည့် သံတမန်များထဲမှ အရေးကြီး ပုဂ္ဂိုလ်များဖြစ်ကြသည့် ကုလသမဂ္ဂအထူးကိုယ်စားလှယ် နိုလင်းဟေဇာ၊ တရုတ်အထူးကိုယ်စားလှယ် ဆွန် ကော်ရှန်းနှင့် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးဟောင်း ဘန်ကီမွန်းတို့ကိုလည်း ဒေါ်အောင်ဆန်းစု ကြည်နှင့် တွေ့ဆုံခွင့် မပေးခဲ့ပေ။

ထို့ကြောင့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် နိုင်ငံရေးအပြောင်း အလဲဖြစ်ပြီးနောက်ပိုင်းတွင် ထိုင်း နိုင်ငံခြားရေးဝန်ကြီး ဒွန်ပရာမတ်ဝီနိုင်းသည် ဒေါ်အောင်ဆန်းစုကြည်နှင့် ပထမဆုံးတွေ့ဆုံခွင့်ရခဲ့သည့် ပြည်ပသံတမန်တစ်ဦး ဖြစ်လာခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် ထိုင်းနိုင်ငံခြားရေးဝန်ကြီး တွေ့ဆုံမှုသည် ထိုင်းနိုင်ငံ၌ ဇွန် ၁၉ ရက်က ကျင်းပခဲ့သည့် မြန်မာအရေးဆိုင်ရာ အလွတ်သဘောဆွေးနွေးပွဲ၏ နောက်ဆက်တွဲဖြစ်နိုင်ကြောင်း ရခိုင့်ဦးဆောင်ပါတီဥက္ကဋ္ဌ ဒေါက်တာအေးမောင်က သုံးသပ်ပြောကြားသည်။

“(ထိုင်းနိုင်ငံခြားဝန်ကြီး) မစ္စတာဒွန်းနဲ့ တွေ့ဖို့ကိစ္စသည် အလွတ်သဘောနိုင်ငံ ခြားရေးဝန်ကြီးတွေ့ ဆုံပွဲရဲ့ နောက်ဆက်တွဲဖြစ်ဖို့ များတယ်။ အဲဒီဘက်က သဘောတူညီမှုတစ်ခုနဲ့သာ တစ်နည်းအားဖြင့် ထိုင်း နိုင်ငံခြားရေးဝန်ကြီးရဲ့ အဆိုပြုချက်ကို မြန်မာနိုင်ငံဘက်က လက်ခံလို့သာလျှင် ဇူလိုင် ၉ ရက်မှာ တွေ့ဆုံမှု အတွက် ဒေါ်အောင်ဆန်းစုကြည်ဘက်က မီးစိမ်းပြလို့သာ၊ ဒေါ်အောင်ဆန်းစုကြည်ဘက်ကလည်း လက်ရှိ မြန်မာနိုင်ငံရေး အကျပ်အတည်းကို ဆန္ဒနဲ့အာသီသ ရှိနေပုံပေါက်တယ်။ အဲဒီလိုရှိကြောင်းကိုလည်း SAC ဘက်က တာဝန်ရှိသူတွေကို သတင်းပါးခဲ့ပုံပေါက်တယ်။ တစ်ဖက်ကလည်း ပိတ်နေတဲ့ သံခင်း၊ တမန်ခင်း ကို SAC ဘက်က ပြန်ဖွင့်ဖို့ လိုအပ်နေတဲ့ကာလလည်း ဖြစ်နိုင်တယ်။ အဲဒီဟာတွေ တိုက်ဆိုင်တဲ့ကာလမှာ မြန်မာနိုင်ငံနဲ့ နယ်စပ်ချင်း ထိစပ်နေတဲ့ ထိုင်းနဲ့ စဖွင့်တယ်ဆိုတော့ ထူးတော့ ထူးခြားတာပေါ့”ဟု ဒေါက် တာအေးမောင်က ဆိုသည်။

 

နစကဘက်က အတည်ပြု

ဇူလိုင် ၁၂ ရက်တွင် ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဒွန်ပရာမတ်ဝီနိုင်းက ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံမှုကို အာဆီယံနိုင်ငံခြားရေးဝန်ကြီး အစည်းအဝေး၌ ပြောကြားခဲ့ပြီးမှ အဆိုပါသတင်းကို နစကဘက်က အတည်ပြုခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဒွန်ပရာမတ်ဝီနိုင်းတို့ ဇူလိုင် ၉ ရက် သီးသန့် တွေ့ဆုံခဲ့ကြောင်းကို ဇူလိုင် ၁၃ ရက် တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက အတည်ပြုပြောကြားသည်။                

ထိုင်းနိုင်ငံခြားရေးဝန်ကြီးအနေဖြင့် ဇူလိုင် ၉ ရက်က မြန်မာနိုင်ငံသို့ လာရောက်ခဲ့ခြင်းဖြစ်ပြီး နိုင်ငံ တကာသတင်းများတွင် ဖော်ပြသကဲ့သို့ ဒေါ်အောင်ဆန်းစုကြည်နှင့်လည်း တွေ့ဆုံခဲ့ကြောင်း ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် ထိုင်းနိုင်ငံခြားရေးဝန်ကြီးတို့သည် တစ်နာရီခွဲနီးပါးတွေ့ဆုံခဲ့ခြင်းဖြစ်ပြီး လွတ်လွတ်လပ်လပ်တွေ့ဆုံခဲ့ခြင်း ဖြစ်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

ׅ“Four Eyes  နှစ်ယောက်ချင်း ​တွေ့ဆုံတာပဲ ဖြစ်ပါတယ်။ ​တွေ့ဆုံချိန်က​တော့ တစ်နာရီခွဲနီးပါး​လောက်​တော့ ကြာမြင့်ပါတယ်။ နှစ်​ယောက်ချင်း လွတ်လွတ်လပ်လပ်တွေ့ဆုံတာဖြစ်ပါတယ်။ လွတ်လွတ်လပ်လပ် ​တွေ့ဆုံတဲ့အတွက် ထိုင်းနိုင်ငံခြား​ရေးဝန်ကြီးအ​နေနဲ့လည်း ​ဆွေး​နွေးချင်တဲ့အချက်​တွေကို လွတ် လွတ်လပ်လပ် ​ဆွေး​နွေးခဲ့တာ ဖြစ်ပါတယ်”ဟု ၎င်းက ပြောကြားသည်။

သို့သော် ဒေါ်အောင်ဆန်းစုကြည်နှင့် ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဒွန်ပရာမတ်ဝီနိုင်းတို့ နှစ်ဦးတည်း တွေ့ဆုံခြင်းဖြစ်သည့်အတွက် ဆွေးနွေးချက်အသေးစိတ်များကို သိရှိခြင်း မရှိကြောင်း ဗိုလ်ချုပ်ဇော်မင်း ထွန်းက ဆိုသည်။

“Four Eyes နှစ်​ယောက်ချင်း ​တွေ့ဆုံပြီး လွတ်လွတ်လပ်လပ်​ဆွေးနွေးတာဖြစ်တဲ့အတွက် ​ဆွေး​နွေးချက်​တွေကို​တော့ ဒါ အသေးစိတ် မသိရှိပါဘူး။ ကျွန်တော်တို့ မျက်ဝါးထင်ထင် ​တွေ့မြင်ချက်အရက​တော့ ​ဒေါ်​အောင်ဆန်းစုကြည်အ​နေနဲ့ ကျန်းမာ​ရေး​ကောင်းမွန်ကြောင်း ​တွေ့ရှိရပါတယ်”ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

 

ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဘာပြောလဲ

ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဒွန်ပရာမတ်ဝီနိုင်းအနေဖြင့် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံပြီးနောက် ဒေါ်အောင်ဆန်းစုကြည်၏ သတင်းစကားကိုမီဒီယာများသို့ ပြန်လည်ပြောကြားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် အမှုများရင်ဆိုင်နေရစဉ် ကာလအတွင်း ရှေ့နေများမှတစ်ဆင့် ၎င်း၏ သဘောထားကို ပြောကြားခဲ့သော်လည်း အမှုများ ပြီးပြတ်သွားချိန်တွင် နစကဘက်က မည် သည့်တွေ့ဆုံမှုမျိုးကိုမှ ခွင့်မပြုခဲ့သည့်အတွက် ၎င်း၏ နိုင်ငံရေးသဘောထားများကို မည်သူကမျှ ကြား ခွင့်မရတော့ပေ။

ထိုင်းနိုင်ငံခြားရေးဝန်ကြီး၏ ပြောကြားမှုကြောင့် မြန်မာ့အကျပ်အတည်းဖြေရှင်းရန် ဒေါ်အောင်ဆန်းစုကြည်၏ သဘောထားအချို့ကို သိရှိခွင့်ရခဲ့သည်။

“တွေ့ဆုံခဲ့ပါတယ်။ သူ(ဒေါ်အောင်ဆန်းစုကြည်)ဟာ ကျန်းမာရေး ကောင်းပါတယ်”ဟု ထိုင်းနိုင်ငံ ခြားရေးဝန်ကြီး ဒွန်ပရာမတ်ဝီနိုင်းက ဆိုသည်။

အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာတွင် ပြုလုပ်သည့် အာဆီယံနိုင်ငံခြား ရေးဝန်ကြီးများအစည်းအဝေး၏ ဘေးဆွယ်အစည်းအဝေးပွဲများနှင့် ဆက်စပ်အစည်းအဝေးပွဲများတွင် သတင်းထောက်များကို ထိုင်းနိုင်ငံ ခြားရေးဝန်ကြီး ဒွန်ပရာမတ်ဝီနိုင်းက ပြောကြားခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့် နှစ်နှစ်အတွင်း မြန်မာပြည်သူများ ခါးစည်းခံရသည့် ဆုံးရှုံးမှုနှင့် နိုင်ငံ့စီးပွားရေးအပေါ် စိုးရိမ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့သည်ဟု ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ပြောကြားသည်။

ထို့ပြင် ၎င်းတို့နှစ်ဦးသည် မြန်မာ့အရေးဖြေရှင်းရန်နည်းလမ်းရှာခဲ့ကြောင်း ဒွန်ပရာမတ်ဝီနိုင်းက ပြောကြားပြီး ဒေါ်အောင်ဆန်းစုကြည်က စေ့စပ်ဆွေးနွေးရေးကို အားပေးခဲ့သည်ဟု ၎င်းက ဖြည့်စွက် ပြောကြားသည်။

“တပ်မတော်နဲ့ စေ့စပ်ညှိနှိုင်း သင့်ပါတယ်။ နေပြည်တော်က အာဏာပိုင်တွေနဲ့ စေ့စပ်ညှိနှိုင်းသင့်ပါတယ်”ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်သည် နေပြည်တော်ထောင်၏ တိုးချဲ့ဆောင်တစ်ခုတွင် ထိန်းသိမ်းခံထား ရခြင်းဖြစ်ပြီး ၎င်း၏ဥပဒေအဖွဲ့ အပါအဝင် ၎င်းထံ လာရောက်ခြင်းများကို ငြင်းပယ်ထားသည်ဟု ဆိုသည်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီးသည် ဒေါ်အောင်ဆန်းစုကြည်နှင့် နစကထံမှ ခွင့်ပြုချက်ရရှိပြီးနောက် ဒေါ်အောင်ဆန်းစုကြည်နှင့် အချိန်တစ်နာရီကျော်ကြာ သီးသန့်တွေ့ဆုံခဲ့သည်ဟု ထိုင်းနိုင်ငံခြားရေးဝန် ကြီးဌာနပြောရေးဆိုခွင့်ရှိသူ ကန်ကျနာပတ်ချာရာချုပ်က ဇူလိုင် ၁၂ ရက်တွင် ပြောကြားသည်။

“သူတို့ရဲ့ဆွေးနွေးမှုဟာ အပြုသဘောဆောင်တဲ့ ဖြစ်ပေါ်တိုးတက်မှုဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ပေါ် ပေါက်နေတဲ့အခြေအနေအတွက် ငြိမ်းချမ်းတဲ့ သဘောတူညီချက် တစ်ရပ်ကိုရှာဖွေရာမှာ မှန်ကန်တဲ့ လား ရာဘက်က ခြေလှမ်းတစ်လှမ်းဖြစ်ပါတယ်။ အရေးပါတဲ့ သက်ဆိုင်ရာအဖွဲ့အစည်းတွေအကြားမှာ နိုင်ငံရေး ဆိုင်ရာ အဖြေတွေရှာဖွေဖို့နဲ့ ယုံကြည်မှုတည်ဆောက်ရာမှာ အာဆီယံက အရေးပါတဲ့ကဏ္ဍက ပါဝင်နေ တယ်ဆိုတာကို အလေးထားဆွေး နွေးကြတာဖြစ်ပါတယ်”ဟု ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက ဖြည့်စွက် ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဆွေးနွေးမှုသည် အပြုသဘောဆောင်သော တိုးတက်မှုဖြစ်ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးက သူ့အမြင်ကို နိုင်ငံခြားရေးဝန်ကြီးများထံ ပြန်လည်ပြောကြားခဲ့သည်။

ထို့ပြင် မြန်မာ့အရေးတွင် အဓိက ပါဝင်ပတ်သက်သူများအကြား ယုံကြည်မှုတည်ဆောက်ရေးနှင့် ငြိမ်းချမ်းစွာ နိုင်ငံရေးအဖြေရှာနိုင်ရန် ခြေလှမ်းမှန်တစ်ခု ဖြစ်လာခဲ့ကြောင်းကိုလည်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးက အာဆီယံနိုင်ငံခြားရေးဝန်ကြီးများကို ပြောကြားခဲ့သည်။

 

လှုပ်ခတ်လာသည့် မြန်မာ့အရေး

ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဒွန်ပရာမတ်ဝီနိုင်းက ပြန်လည်ပြောကြားသည့် ဒေါ်အောင်ဆန်းစုကြည်၏ သတင်းစကားများသည် မီဒီယာများတွင် ထိပ်တန်းသတင်း ဖြစ်ခဲ့သည်။

ထို့ပြင် ဒေါ်အောင်ဆန်းစုကြည် ပြောကြားခဲ့သည့် သတင်းစကားကြောင့် မြန်မာ့အရေးမှာလည်း ပြန်လည်၍ လှုပ်လှုပ်ခတ်ခတ်ဖြစ်လာခဲ့သည်။

လက်ရှိတွင် ဒေါ်အောင်ဆန်းစုကြည်၏ တွေ့ဆုံဆွေးနွေးရေးကို အားပေးသည်ဆိုသော သတင်းစကားအပေါ် မြန်မာ့အရေးလေ့လာသူများက အပြုသဘောဆောင်သည့် သံခင်းတမန်ခင်းဖြစ်ကြောင်း သုံးသပ်နေကြသည်။

တွေ့ဆုံဆွေးနွေးရေးကို အားပေးသည်ဆိုသော ဒေါ်အောင်ဆန်းစုကြည်၏ ပြောစကားသည် မြန်မာ့နိုင်ငံရေး အကျပ်အတည်းကို ဖြေရှင်းရန် လက်တွေ့ကျသည့်ချဉ်းကပ်မှုဖြစ်ကြောင်း မြန်မာ့နိုင်ငံရေး လေ့ လာစောင့်ကြည့်နေသူများက မှတ်ချက်ပြုသည်။

“လက်ရှိအခြေအနေမှာ Public ကို တရားဝင် ပြောခွင့်မရသေးတဲ့အချိန်မှာ တစ်ဖက်က ထိုင်းနိုင်ငံ ခြားရေးဝန်ကြီးက ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဘောထားအဖြစ်နဲ့ ပြောလာတဲ့အထဲမှာ ထူးခြားတာက ကြိုတင်ကန့်သတ်ချက်မထားဘဲနဲ့ တွေ့ဆုံဆွေးနွေးဖို့ဆိုတော့ ဒီဟာကပြောရရင် အင်မတန် သံတမန်ဆန် တယ်။ နောက်တစ်ခါသိမ်လည်းသိမ်မွေ့တယ်။ ကြိုတင်ကန့်သတ်ချက်ထားကတည်းက ကြိုတင်ကန့် သတ်ချက်ကို သဘောတူတာ၊ မတူတာဆိုတာနဲ့ ဆွေးနွေးပွဲက ပျက်သွားရော ဆက်မဖြစ်တော့ဘူး။ အဲဒီတော့ ကြိုတင်ကန့်သတ်ချက်မထားဘူးဆိုရင် ဘာအကြောင်းအရာဖြစ်ဖြစ် ဆွေးနွေးမယ်။ ဘယ်လိုသဘော ထားမျိုးဖြစ်ဖြစ် ဆွေးနွေးမယ်။ အဆင်သင့်ရှိတယ်ဆိုတာဟာ သူကဆွေးနွေးပွဲဖြစ်ဖို့ Opening ပေါ့။ အ ဖွင့်ကစားကွက်မှာ ဒီလိုပြောလိုက်တာက ဖြစ်လည်း ဖြစ်နိုင်တယ်။ ပြီးတော့ ဒါဟာ လက်တွေ့ကျတဲ့ တွေ့ ဆုံဆွေးနွေးရေး ချဉ်းကပ်ပုံလို့ မြင်တယ်”ဟု ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီးက ပြောကြားသည်။

နိုင်ငံရေးအပြောင်းအလဲဖြစ်ပြီး နှစ်နှစ်ကျော်အကြာ နိုင်ငံရေး အကျပ်အတည်းကာလ မည်မျှကြာမည်နှင့် မည်သည့်အချိန်တွင် အဆုံးသတ်မည်ကို မည်သူကမျှ အာမမခံနိုင်သည့် အခြေအနေဖြစ်လာချိန်တွင် ဒေါ်အောင်ဆန်းစုကြည်က တွေ့ဆုံဆွေးနွေးရေးကို အားပေးသည်ဟု ပြောကြားခြင်းသည် တွေ့ ဆုံဆွေးနွေးရေးလမ်းကြောင်း ပွင့်လာသည်ဟု မြင်ကြောင်း ဦးကိုကိုကြီးက သုံးသပ်ပြောဆိုသည်။

“ကြိုတင်သဘောတူညီချက်ကလည်း မြန်မာနိုင်ငံမှာ ဖြစ်လာတဲ့ ပဋိပက္ခအားလုံးကို ဒီတစ်ကွေ့တည်းနဲ့ ပြေလည်ဖို့တော့ မမျှော်လင့်နဲ့ မဖြစ်နိုင်ဘူး။ ဒါပေမဲ့ဒီအကျပ်အတည်းကနေ ထွက်မြောက်နိုင်တဲ့ အ ခြေအနေတစ်ခုတော့ ခြေခင်း၊ လက်ခင်းပေါ့နော်။ အဲဒါလေးကို ရပြီးတော့မှ ရှေ့ဆက်လို့ ရမယ်လို့ မြင်တယ်။ ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံမှုဟာလည်း အနာဂတ်နိုင်ငံရေးအခြေအနေအတွက် သဘောတူညီမှုတစ်ခုပေါ့။ အခုကတော့ Player တွေကများတယ်။ ဒေါ်အောင်ဆန်းစုကြည်က အရေး ပါတာမှန်သလို တခြားတိုင်းရင်း သားလက်နက်ကိုင်အဖွဲ့အစည်းတွေ၊ နိုင်ငံရေးပါတီတွေ အစရှိသဖြင့် ဇာတ်ကောင်များတဲ့ အခါကျတော့ ကျယ်ပြန့်တဲ့ တွေ့ဆုံမှုနဲ့ယေဘုယျ သဘောတူညီချက်ပေါ့။ အ သေးစိတ်မဖြစ်နိုင်သေးဘူး။ အဲဒီအခြေအနေတစ်ဆင့် ကျော်ပြီးသွားတော့မှ နိုင်ငံအတွက် ဘုံအိပ်မက်ကို တော့ ၀ိုင်းပြီး ဆွေးနွေးကြဖို့လိုတယ်”ဟု ၎င်းက ဆိုသည်။

ထို့အတူ လက်ရှိမြန်မာ့နိုင်ငံရေး အကျပ်အတည်းကို ဖြေရှင်းရာတွင် နစကဘက်က အခင်းအကျင်းတစ်ခုကို ဖန်တီးပေးရန်လိုကြောင်း ရခိုင့်ဦးဆောင်ပါတီ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က သုံးသပ်ပြောကြားသည်။

“အခင်းအကျင်းတစ်ခုကို SAC ဘက်က ဖန်တီးပေးဖို့လိုမှာပေါ့။ လက်ရှိပြဿနာအပေါ်မှာ ပြေလည်အောင် ဖြေရှင်းလိုတဲ့ ဆန္ဒတစ်ခု SAC ဘက်မှာရှိဖို့ လိုတယ်။ မြန်မာ့တပ်မတော်မှာ ရှိဖို့လိုတယ်။ ဒေါ် အောင်ဆန်းစုကြည်ကို သြဇာတိက္ကမ ရှိတဲ့ပုဂ္ဂိုလ်အဖြစ် SAC ဘက်က တစ်နည်းအားဖြင့် မြန်မာ့တပ်မ တော်ဘက်က အသိအမှတ်ပြုထားသေးသလား။ အသိအမှတ်ပြုတယ် ဆိုရင် သူပါဝင်တဲ့ ဖြေရှင်းမှုတစ်ခုကို ထုတ်ပေးရမှာပေါ့။ ထုတ်မှပဲရှေ့ကို ဆက်သွားမှာပေါ့။ အဲဒီလိုပဲ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အ စည်းတွေကရော ဒေါ်အောင်ဆန်းစုကြည်အပေါ်မှာ သြဇာတိက္ကမရှိတဲ့ ဇာတ်ကောင်တစ်ခုအဖြစ် အခုအထိ အသိအမှတ်ပြုဆဲလား၊ လက်ခံကြသေးလားဆိုတဲ့ မေးခွန်းတစ်ခု ရှိလာမှာပေါ့။ အဲဒီလိုဆိုရင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း၊ လက်နက်ကိုင်အဖွဲ့အစည်းတခြားကလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ သြဇာတိက္ကမနဲ့ သူ့ရဲ့ပါဝင်ပတ်သက်မှုအပေါ်မှာ လေးလေးစားစားနဲ့ လက်ခံကြဦးမှာပေါ့ဗျာ။ အဲဒီအနေ အထားအားလုံးသာ မှန်တယ်ဆိုရင် SAC ဘက်က လက်ရှိပြဿနာအားလုံးပေါ့ဗျာ ၇၅ နှစ်တာဖြစ်တဲ့ကိစ္စရော၊ အခုလတ်တလော ဖြစ်တဲ့ကိစ္စရောဖြေရှင်းလိုတဲ့ ဖြေရှင်းမှုအတွက် ဒေါ်အောင်ဆန်းစုကြည်သည် ဇာတ်ကောင်တစ်ကောင်ဖြစ်တယ်ဆိုရင် ခုနက ဖြေရှင်းမှုကို သူ့ကို ဗဟိုထားပြီးမှ စဉ်းစားကြတော့မယ်လေ။ အဲဒီအခါမှာ ဒေါ်အောင်ဆန်းစုကြည်က ဘယ်လိုသွားမှာလဲ။ သူ့ကို ဘယ်လိုချဉ်းကပ်နိုင်သလဲဆိုတဲ့ ဒီဘက်က သူနဲ့ပတ်သက်တဲ့၊ သူကလည်း ဆွေးနွေးလိုတဲ့ အင်အားစုတွေကို SAC ဘက်ကတော့ စုဆောင်းပေးရမှာပေါ့။ NLD ဘက်က ပုဂ္ဂိုလ်တွေနဲ့ ကနဦးခြေလှမ်းမှာလား။ တိုင်းရင်းသားခေါင်းဆောင်တွေ၊ တိုင်းရင်းသားနိုင်ငံရေးပါတီတွေဘက်က ပုဂ္ဂိုလ်တွေနဲ့ မြန်မာနိုင်ငံရဲ့နောင်ရေးနဲ့ ပတ်သက်လို့ ဆွေးနွေးတိုင်ပင်ကြမှာလား။ ဘယ်လိုအဖြေတစ်ခုကိုရအောင် သူ့ကိုတွေ့ခွင့်ပေးမှာလဲ။ ဒါလေးတွေက SAC ဘက်က လှမ်းရမယ့် ခြေလှမ်းဗျ”ဟု ဒေါက်တာအေးမောင်က ပြောကြားသည်။

ထို့ပြင် ဒေါ်အောင်ဆန်းစုကြည်နှင့် နစကဘက်က ဆွေးနွေးပြီးမှသာလျှင် မြန်မာ့ငြိမ်းချမ်းရေးနှင့် ရေရှည်အနာဂတ်ပြဿနာအပေါ် မည်သို့ဖြေရှင်းမည်ကိုတစ်ဆင့်ချင်း သွားရမည်ဖြစ်ကြောင်း ၎င်းက သုံး သပ်ပြောကြားသည်။

“မြန်မာနိုင်ငံတစ်ခုလုံးရဲ့ ပြဿနာကို ဖြေရှင်းလိုတဲ့ ဆန္ဒ SAC ဘက်မှာ တစ်နည်းအားဖြင့် တည်ဆဲ အစိုးရအာဏာပိုင်များ လက်ထဲမှာ ရှိဖို့လိုတယ်။ အဲဒီလိုမှသာလျှင်  SAC ဘက်ကပဲ ဖိတ်ခေါ်ရမှာဗျ။ ဒေါ်အောင်ဆန်းစုကြည်ဘက်ကရော မြန်မာနိုင်ငံတစ်ခုလုံးနဲ့ပတ်သက်တဲ့ ပြဿနာအပေါ်မှာတစ် နည်းအားဖြင့် နာတာရှည်ပြဿနာနဲ့ လက်ငင်းပြဿနာအပေါ်မှာ ဖြေရှင်းလိုမှု ရှိသလား။ သူသည် ဇာတ် ကောင်တစ်ကောင်အဖြစ် ရှိသေးလား ဆိုတာကို SAC ဘက်က အသိအမှတ်ပြုတယ်ဆိုရင်တော့ဖြင့် အဲ ဒီဇာတ်ကောင်ကို ပြန်ပြီးတော့ အသုံးပြုရမှာပေါ့။ အဲဒီတော့ SAC ဘက်က သဘောထားက အရေးကြီးတယ်။ ဒေါ်အောင်ဆန်းစုကြည်ဘက်ကလည်း ဒီပြဿနာကို ထဲထဲဝင်ဝင် ဆွေးနွေးလိုတဲ့ အင်အားစုတွေကို သူ့ဘက်ကလည်း လက်ခံပေးဖို့လိုတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ SAC ဘက်က တာဝန်ရှိသူတွေ ပထမဆုံး တွေ့ဆုံဆွေးနွေးပြီးမှ ကနဦးအဖြေထုတ်ခြင်းသည်သာလျှင် လာမယ့်ဆွေးနွေးပွဲတွေမှာ ဒီဘက်ခြမ်း၊ ဟိုဘက်ခြမ်းဆိုတာဆက်ပြီး သုံးသပ်ကြရမယ့်ဟာပေါ။ အဲဒီတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ SAC ဘက်က ဆွေးနွေးပြီးမှသာလျှင် မြန်မာနိုင်ငံငြိမ်းချမ်းရေးနဲ့ ရေရှည်အနာဂတ်ပြဿနာကို ဘယ်လိုရှင်းမလဲဆိုတဲ့ဥစ္စာက တစ်ဆင့်ချင်း၊ တစ်ဆင့်ချင်း သွားရမှာ ဖြစ်တယ်။ အဲဒီလိုဆိုပြန်ရင် ဒေါ်အောင်ဆန်းစုကြည် အပေါ်မှာ SAC ဘက်က သာမန်မဟုတ်တဲ့အနေအထားတစ်ခုနဲ့ အသိအမှတ်ပြုပေးဖို့ လိုမှာပေါ့။ မြန်မာနိုင်ငံ ငြိမ်းချမ်းရေးအတွက် အလွန်တရာအရေးကြီးတဲ့ ဇာတ်ကောင်ဆိုတာကို အသိအမှတ်ပြုဖို့ ကနဦးလိုဦးမှာပေါ့။ အဲဒီလိုအဖြစ် SAC ဘက်က အသိအမှတ်ပြုထားလား အဲဒါက အရေးကြီးတယ်”ဟု ဒေါက်တာအေးမောင်က ပြောကြားသည်။            

မြန်မာ့နိုင်ငံရေးအကျပ်အတည်းကို ဖြေရှင်းရာတွင် အာဆီယံအပါအဝင် ကုလသမဂ္ဂနှင့် အနောက်နိုင်ငံများက တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အားလုံးပါဝင်သော တွေ့ဆုံဆွေးနွေးပွဲတစ်ခု ဖန်တီးပေးရန် ဆော်သြနေချိန်တွင် ဒေါ်အောင်ဆန်းစုကြည်က တွေ့ဆုံဆွေးနွေးရေးကို အားပေးသည်ဟု ပြောကြားလာသည့်အတွက် လက်တွေ့တွင် ဖြစ်လာရန်လိုကြောင်း နိုင်ငံရေးလေ့လာသူများက ထောက်ပြကြသည်။

“ထူးခြားတာကတော့ ပြည်ထောင်စုနေ့ (စိန်ရတု)မှာ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ကြိုတင် ကန့်သတ်ချက် မထားဘဲနဲ့ ဆွေးနွေးကြဖို့ဆိုတဲ့ ဖိတ်ခေါ်မှု စပြီးလုပ်ခဲ့တာရှိတယ်။ အခုလည်း ဒေါ်အောင်ဆန်း စုကြည်က ကြိုတင်ကန့်သတ်ချက်မထားဘဲ တွေ့ဆုံဆွေးနွေးဖို့ဆိုတာက လက်တွေ့ဖြစ်လာဖို့လိုတယ်”ဟု ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီးက ဆိုသည်။

 

Most Read

Most Recent