ပခုက္ကူကြက်သွန်နီစျေးကွက် စျေးအနည်းငယ်ကျဆင်းပြီး တစ်ပိဿာ ကျပ် ၂၀၀၀ အောက် ပြန်လည်ရောက်ရှိ

ပခုက္ကူကြက်သွန်နီစျေးကွက် စျေးအနည်းငယ်ကျဆင်းပြီး တစ်ပိဿာ ကျပ် ၂၀၀၀ အောက် ပြန်လည်ရောက်ရှိ
Published 24 June 2023

ပခုက္ကူကြက်သွန်စျေးကွက်အတွင်း ယခု ဇွန်လနောက်ဆုံးပတ်တွင် ကြက်သွန် စျေး ကျဆင်းလာပြီး တစ်ပိဿာ ကျပ်၂၀၀၀ အောက် ပြန်လည်ရောက်ရှိလာကြောင်း သိရ သည်။

ပြီးခဲ့သည့် ဇွန်လတတိယပတ်တွင် ကြက်သွန်နီတစ်ပိဿာအနိမ့်ဆုံး ကျပ် ၁၄၀၀ မှ အမြင့်ဆုံး ကျပ်၂၁၅၀ ထိ ရောက်ရှိခဲ့ပြီး နောက် စျေးနှုန်း ပြန်လည်ကျဆင်းလာခြင်း ဖြစ်ကြောင်း သိရသည်။

ပခုက္ကူကြက်သွန်စျေးကွက်သို့ ပိဿာ ချိန် ၁၇၀၀၀ ကျော်ဝင်ရောက်သည့် ဇွန်လ ၂၃ ရက်နေ့တွင် ဂျွန်သေးတစ်ပိဿာ ၁၀၀၀ - ၁၃၀၀ ကျပ် ၊ ဂျွန်လတ်တစ်ပိဿာ ၁၄၀၀ - ၁၆၀၀ ကျပ် နှင့် ဂျွန်ကြီးတစ်ပိဿာ ၁၇၀၀ - ၁၉၂၅ ကျပ် ပေါက်စျေးရှိကြောင်း သိရ သည်။ 

“ခုရက်ပိုင်း ကုန်ဝင်နည်းပေမဲ့ ဝယ် လက် ကလည်း အေးတယ်။ ပစ္စည်းကောင်း လည်း ရှားတယ်။ စျေးကတော့ ဖြည်းဖြည်းခြင်း ပြန်ကျလာတယ်။ မနေ့ကဆိုရင် တစ်ပိဿာ ၂၀၀၀ ဝန်းကျင်။ ဒီနေ့ ၁၉၂၅ ။ အရောင်း အဝယ်က ပစ္စည်းကောင်းအပါ နည်းတဲ့ နေ့ဆို စျေးမပြတ်ဘူး။ အဝယ်သမားကလည်း စျေးချ ဝယ်။ တောင်သူကလည်း နောက်ဆုံး ချ ရောင်းရတယ်။ သူ့စျေးနဲ့သူ ရောင်းနိုင်ရင် အရောင်းအဝယ်မြန်တယ် ” ဟု ပခုက္ကူမြို့မှ ကြက်သွန်ရောင်းဝယ်ရေး လုပ်ကိုင်သူတစ်ဦး က ပြောကြားသည်။

ပခုက္ကူကြက်သွန်စျေးကွက်အတွင်း လက်ရှိတွင် ယောချောင်း တစ်ဝိုက်နှင့် ပုလဲ မြို့နယ်မှ ထွက်ရှိသည့် ကြက်သွန်နီများ ဝင် ရောက်နေပြီး လက်ရှိစျေးနှုန်းအရ တောင်သူ များ အကျိုးအမြတ်ရှိကြောင်း သိရသည်။ 

ယခုနှစ် ကြက်သွန်နီစျေးကွက်စတင်ချိန် ဖေဖော်ဝါရီလတွင် ကြက်သွန်နီတစ်ပိဿာ ကျပ် ၁၀၀၀ ခန့်သာ ပေါက်စျေးရှိခဲ့ပြီး သင်္ကြန် ကာလပြီးနောက်တွင် ဝယ်လက်များပြားလာ သည့်အတွက် စျေးနှုန်မြင့်တက်လာခြင်း ဖြစ် ကြောင်း သိရသည်။

 

Most Read

Most Recent