ထိုင်းနိုင်ငံ ပတ္တရားမြို့တွင် ပြုလုပ်ခဲ့သည့် မြန်မာအရေး အလွတ်သဘောဆွေးနွေးပွဲသို့ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ တက်ရောက်

ထိုင်းနိုင်ငံ ပတ္တရားမြို့တွင် ပြုလုပ်ခဲ့သည့် မြန်မာအရေး အလွတ်သဘောဆွေးနွေးပွဲသို့ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ တက်ရောက်
Published 20 June 2023

ထိုင်းနိုင်ငံ ပတ္တရားမြို့တွင် ဇွန် ၁၉ ရက်က ပြုလုပ်ခဲ့သည့် မြန်မာအရေး အလွတ်သဘောဆွေးနွေးပွဲသို့ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ တက်ရောက်ခဲ့ကြောင်း သိရသည်။

ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာဒွန်ပရာမွန်းဝီနိုင်း၏ ဖိတ်ကြားချက်အရ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဇွန် ၁၉ ရက်တွင် ထိုင်းနိုင်ငံ ပတ္တရားမြို့၌ ပြုလုပ်ခဲ့သည့် မြန်မာအရေးကိစ္စနှင့်ပတ်သက်သည့် အလွတ်သဘောဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ခြင်းဖြစ်သည်။

အဆိုပါအလွတ်သဘောဆွေးနွေးပွဲသို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများဖြစ်ကြသည့် ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ ဖိလစ်ပိုင်၊ ဗီယက်နမ်နိုင်ငံတို့နှင့် အိမ်နီးချင်းနိုင်ငံများဖြစ်သည့် တရုတ်နိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့မှ နိုင်ငံခြားရေးဝန်ကြီးများ၊ အထူးကိုယ်စားလှယ်၊ သံအမတ်ကြီးများနှင့် ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

ယင်းဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံက အာဆီယံ၏ တူညီဆန္ဒငါးချက် အကောင်အထည်ဖော်မှု၊ နိုင်ငံအတွင်း တည်ငြိမ်အေးချမ်းရေး၊ ဒီမိုကရေစီပြန်လည်ထူထောင်ရေးကိစ္စများကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်ငါးရပ်နှင့်အညီ ဆောင်ရွက်နေမှုများအား ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

 အဆိုပါအလွတ်သဘောဆွေးနွေးပွဲသို့ တက်ရောက်လာသူများက မြန်မာအရေးကိစ္စနှင့်ပတ်သက်၍ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။

Most Read

Most Recent