ယူကရိန်း၏ တန်ပြန်ထိုးစစ် မည်မျှထိရောက်နိုင်မည်နည်း

ယူကရိန်း၏ တန်ပြန်ထိုးစစ် မည်မျှထိရောက်နိုင်မည်နည်း
Published 20 June 2023
TRANSLATED- ဖြိုးဟိန်းကျော်

ရုရှားတပ်များကို ယူကရိန်း၏ တန်ပြန်ထိုးစစ်ဆင်မှုသည် အကောင်းမြင်လွန်းသည့် အကဲခတ်အချို့ မျှော်လင့်ထားသည့် အရှိန်အဟုန်မျိုး မရရှိသေးဘဲ ပိုမိုကျယ်ပြန့်သော ထိုးစစ်အတွက် ရှေ့ပြေးအဖြစ်သာ ရှုမြင်နိုင်ဦးမည်ဖြစ်သည်။

ဇာပိုရီးရှားကဲ့သို့သော တောင်ပိုင်းဒေသများတွင် ထိုးစစ်ဆင်မှုများသည် လက်ရှိအချိန်အထိ တိုးတက်မှု အသင့်အတင့်သာ ရရှိထားပြီး အထပ်ထပ်ပိတ်ဆို့ထားသည့် ရုရှား၏ခံစစ်ကြောင်းများကြောင့် ထိုးဖောက်ရခက်ခဲနေသည်။ ထိုးဖောက်မှု အောင်မြင်ခဲ့လျှင် သိမ်းပိုက်ခံ ခရိုင်းမီးယားကျွန်းဆွယ်နှင့် ယူကရိန်း အရှေ့ပိုင်း ဒိုးနက်ဒေသအကြား ရုရှားတို့၏ ကုန်းတွင်းစင်္ကြံလမ်း ချိတ်ဆက်မှုကို ချိုးဖျက်နိုင်မည့် အဓိပ္ပာယ်ပင်ဖြစ်ရာ ထိုဧရိယာသည် ယူကရိန်းအတွက် အဓိကပစ်မှတ်တစ်ခု ဖြစ်သည်။

သို့ရာတွင် ယူကရိန်းတပ်များသည် ပိုမိုစွန့်စားသည့်အနေဖြင့် ဘက်ခ်မွတ်မြို့တစ်ဝိုက်ရှိ ရုရှားတို့၏ နယ်မြေထိန်းချုပ်စိုးမိုးမှု များကို လျှော့ချရန်နှင့် နိုင်ငံအရှေ့ပိုင်းရှိ ပျော့ကွက်ရှိနိုင်သည်ဟု ယူဆထားသော အခြားဒေသများကို ထိုးဖောက်နိုင်မည့် အခွင့်အရေးကိုလည်း အပြည့်အဝ အသုံးချနိုင်ရန် ရည်မှန်းထားသည်။

ယူကရိန်းတို့သည် အသစ်ဖွဲ့စည်းထားသော တပ်မဟာများကို တစ်နေရာတည်းတွင် အင်အားအလုံးအရင်းဖြင့် စုပြုံအသုံးပြုခြင်းထက် ရုရှားတပ်များကို အရပ်မျက်နှာအသီးသီးသို့ ပြန့်ကွဲသွားအောင် လုပ်ဆောင်လျက် ရုရှား တပ်ရင်းအသီးသီး၏ ခံစစ်စည်းများကို ယိုင်နဲ့သွားစေရန် သို့မဟုတ် ခံစစ်စည်းများအကြား ဖြစ်ပေါ်လာသော ဟာကွက်များကို အပြည့်အဝ အသုံးချရန် ကြိုးပမ်းနေပုံရသည်။

ယူကရိန်းသမ္မတရုံး အကြီးအကဲ၏ အကြံပေးဖြစ်သူ မစ်ခေလို ပိုဒိုလ်ယက်က ယူကရိန်း၏ ပထမဆုံး ရည်မှန်းချက်မှာ စစ်မှုမထမ်းမနေရ ဥပဒေအရ စစ်မြေပြင်သို့ ရောက်လာသည့် ရုရှားတပ်ဖွဲ့ဝင်များကို တတ်နိုင်သမျှများများ သုတ်သင်ကာ ရုရှားစစ်တပ်ကို စိတ်ပိုင်းဆိုင်ရာအရ တိုးမြှင့်ဖိအားပေးမည်ဟု ပြောဆိုထားသည်။ တစ်ချိန်တည်းတွင် ယူကရိန်းတပ်များက အားအနည်းဆုံးနေရာများ ကိုသိနိုင်ရန် အကဲစမ်းနေသည်ဟု ၎င်းက ဆိုသည်။

ထိုသို့အကဲစမ်းရာတွင် ခြောက်လကျော် အချိန်ယူကာ သိမ်းယူခဲ့သည့် ဘက်ခ်မွတ်မြို့ကို ကာကွယ်ရန်အတွက် ရုရှားတို့က တပ်များ ပိုမိုစေလွှတ်လာစေရန် ရည်ရွယ်လျက် ၎င်းမြို့တစ်ဝိုက်တွင် စစ်ဆင်ရေးအသစ်များ ဆင် နွှဲခြင်းလည်း ပါဝင်သည်။ ယူကရိန်းကြည်းတပ်၏ တပ်မှူးဖြစ်သူ အိုလက်ဇန်းဒါး စီယာစကီးကမူ ရုရှားသည် တိုက်ပွဲဝင်ရန် အဆင်သင့်အဖြစ်ဆုံး တပ်အချို့ကို ဘက်ခ်မွတ်မြို့ဆီသို့ ဆက်လက်ရွှေ့ပြောင်းနေသည်ဟု ဆိုသည်။

ပို၍ပင် အံ့သြစရာကောင်းသည့်အချက်မှာ ယူကရိန်းတပ်များသည် ဒိုးနက်မြို့အနီးနှင့် ဗူဟလာဒါမြို့ရှိရာ တောင်ပိုင်းစစ်မျက်နှာတို့ တွင် အသာစီးရနေသည့် လက္ခဏာများ မြင်တွေ့နေရခြင်းဖြစ်သည်။

ယူကရိန်းတို့က တိုက်ခိုက်မည့်နေရာများကို ရွေးချယ်နိုင်ပြီး ရုရှားကမူ ကီလိုမီတာ ၁,၀၀၀ နီးပါး ရှည်လျားပြီး လမ်းကြောင်း ကွေ့ကောက်သည့် ရှေ့တန်းစစ်မျက်နှာကို ကာကွယ်ရမည်ဖြစ်ကာ ရုရှားတပ်အချို့တွင် ဒဏ် ရာရသူများပြားနေပြီး ပြန်လည်စုဖွဲ့ရန် အခက်အခဲများရှိနေသည်။

 

သို့သော် ယူကရိန်းစစ်တပ်အတွက် အလွန်ခက်ခဲသည့် တာဝန်မှာ အဓိကအားဖြင့် အခိုင်အမာ ပြင်ဆင်ထားသော တောင်ပိုင်းစစ်မျက်နှာရှိ ခံစစ်နေရာများကို မျက်နှာချင်းဆိုင် ထိုးဖောက်မှုများ လုပ်ဆောင်ရမည်ဖြစ်ပြီး တစ်ဖက်တွင်လည်း အရေးပါသော လေကြောင်းအင်အား အသာစီးယူနိုင်မှု ကင်းမဲ့ လျက်ရှိသည်။

ယင်းနေရာများတွင် ရုရှားတို့က လအတန်ကြာ အခိုင်အမာ ခံစစ်ပြင်ဆင်ထားသည့်အတွက် ယူကရိန်းအနေဖြင့် ပြီးခဲ့သည့် ဆောင်းဦးက ခါကိဗ်မြို့တွင် အလွန်လျင်မြန်စွာထိုးဖောက်နိုင်ခဲ့သည့် အခြေအနေမျိုး ရရှိလိမ့်မည် မဟုတ်ပေ။

စစ်ပွဲများကို စောင့်ကြည့်လေ့လာသည့် Institute for the Study of War အဖွဲ့ကလည်း အခြေအနေကို သုံးသပ်ရန် စောလွန်းနေသည်ဟု ဆိုသည်။ “ယူကရိန်းဘက်က သူတို့ရဲ့တန်ပြန်ထိုးစစ်အတွက် တပ်ဖွဲ့ဝင်အင်အားကို အလုံးအရင်း အသုံးမပြုသေးပါဘူး။ ရုရှားရဲ့ ခံစစ်ကြောင်းတွေကလည်း ရှေ့တန်းစစ်မျက်နှာတစ်လျှောက် ဘက်ပေါင်းစုံမှာ တစ်သမတ်တည်း ခိုင်မာအားကောင်းနေတာမျိုး မဟုတ် ပါဘူး”ဟု ပြီးခဲ့သည့်သီတင်းပတ်တွင် ၎င်းအဖွဲ့က ပြောကြားခဲ့သည်။

လက်ရှိအချိန်အထိ ယူကရိန်းတောင်ပိုင်းတွင် ခံစစ်ကြောင်းများကို ကာကွယ်ရာ၌ ရုရှား၏ချဉ်းကပ်ပုံသည် အတော်အတန်ထိရောက်နေပုံရပြီး ခံစစ်ကြောင်းကို ထိုးဖောက်ရန် ကြိုးပမ်းလာသည့် ယူကရိန်း မိုင်းရှင်းတင့်ကားများနှင့် အခြားသံချပ်ကာယာဉ်များသည် ရုရှား၏လက်နက်ကြီးများနှင့် လေကြောင်းမှ တိုက်ခိုက်မှုများကြောင့် အထိနာလျက်ရှိသည်။ ရုရှားက တင့်ဖျက်လက်နက်များကို ဖောဖောသီသီ အသုံးပြုခြင်းကြောင့် ယူကရိန်း၏ ရှေ့ပြေးတပ်များကို ထိခိုက်ကျဆုံးမှုများ ဖြစ်ပေါ်စေခဲ့သည်။ 

ယူကရိန်းစစ်တပ်မှ အရာရှိတစ်ဦးကလည်း ၎င်းအခက်အခဲနှင့်ပတ်သက်၍ ဝန်ခံထားသည်။ “မိုင်းရှင်းလင်းရေးယာဉ်တွေ၊ မြေထိုးစက်တွေ၊ မိုင်းဖော်တဲ့ထယ်တွေနဲ့ တခြားအင်ဂျင်နီယာလုပ်ငန်းသုံး ကိရိယာတွေ အသုံးပြုပြီး အတားအဆီးတွေကို ထိထိရောက်ရောက် ကျော်လွှားနိုင်ပေမဲ့ အမြောက်တပ်နဲ့ လေတပ်ကို အချိန်နဲ့တစ်ပြေးညီ သတင်းအချက်အလက် ပေးပို့နိုင်တဲ့ ရန်သူ့ဒရုန်းတွေရဲ့ အန္တရာယ်ကြောင့် အဲဒီလို လုပ်ဆောင်ဖို့ ခက်ခဲလာခဲ့တယ်”ဟု ၎င်းအရာရှိက ဆိုသည်။

လက်ရုံးတပ်ပေါင်းစုံ ပါဝင်သည့် အမှတ် ၅၈ တပ်ပေါင်းစုလက်အောက်ရှိ အခိုင်အမာ ခံစစ်ပြင်ဆင်ထားသော နယ်မြေတစ်ခုမှ ရုရှားတပ်များသည် စွမ်းဆောင်ရည် အမြင့်ဆုံးတပ်များထဲတွင် ပါဝင်နေသည်။

စိတ်ဝင်စားဖွယ် စွမ်းဆောင်မှုမျိုး မပြနိုင်သေးသည့် ရုရှားစစ်တပ်အဖို့ ၎င်းတို့၏လေတပ်သည် လာမည့် သီတင်းပတ်များအတွင်း အလွန်အရေးပါသော အခန်းကဏ္ဍမှ ပါဝင်လာနိုင်သည်ဟု New Haven တက္ကသိုလ်မှ တွဲဖက်ပါမောက္ခ မက်သယူးရှမစ်က ဆိုသည်။ 

“ပစ်မှတ်ဆီကို ပျံဝဲနိုင်တဲ့ ဂလိုက်ဗုံးတွေကို ရုရှားက ထိထိရောက်ရောက် အသုံးပြုနိုင်မလား ဆိုတဲ့အပေါ်မှာ မူတည်နေပါတယ်။ သူတို့ရဲ့လေယာဉ်တွေ ရဟတ်ယာဉ်တွေကိုရော ဘေးကင်းကင်းနဲ့ ခုတ်မောင်းနိုင်မလား။ တစ်နည်းဆိုရရင် ယူကရိန်းရဲ့ လေကြောင်းရန်ကာကွယ်ရေး အစီအမံတွေအပေါ် တန်ပြန်ကျော်လွှားနည်းကို သိရှိပြီး လေတပ်ကို ထိထိရောက်ရောက် အသုံးချနိုင်မှာပါလား” ဟု ၎င်းက ပြောကြားခဲ့သည်။

ယူကရိန်းစစ်တပ်၏ အဆင့်မြင့်အရာရှိ တစ်ဦးကလည်း ရုရှား၏ လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးပစ်အားကြောင့် ထိုးဖောက်ချီတက်ရန် အခက်တွေ့နေသည်ဟု ဝန်ခံပြောဆိုထားသည်။

“ဗီယက်နမ်နဲ့ အာဖဂန်နစ္စတန် တုန်းကလိုပဲ၊ သူတို့ရဲ့စစ်လေယာဉ်တွေက အသုတ်လိုက် ပျံသန်းပါတယ်။ သူတို့ရဲ့ စစ်လေယာဉ်တွေ၊ ရဟတ်ယာဉ်တွေက တစ်နေ့လုံး အသုတ်လိုက်ခွဲပြီး အဆက်မပြတ် ပျံသန်းကြတယ်” ဟု ယူကရိန်းအရန်တပ်မှ ဒုတပ်ရင်းမှူးတစ်ဦးက CNN သတင်းဌာနကို ပြောကြားခဲ့သည်။

ယူကရိန်းတွင် လေကြောင်းပစ်ကူအား အကြီးအကျယ်လိုအပ်နေသည်ဟုလည်း ၎င်းက ပြောကြားခဲ့ပြီး  လေကြောင်းမှ တိုက်ခိုက်နိုင်စွမ်း နည်းပါးနေမှုကို ထောက်ပြခဲ့သည်။

ယူကရိန်းတပ်များသည် အခြေအနေနှင့် လိုက်လျောညီထွေဖြစ်အောင် ချိန်ညှိလျက်ရန်သူက အလွယ်တကူ ခြေရာမခံနိုင်အောင် တပ်ဖွဲ့ငယ်များအဖြစ်ဖြန့်ခွဲကာ ခြေရာဖျောက် နေထိုင်ရလျက်ရှိသည်။

ရုရှားတို့သည် ၁၈ လနီးပါး ကြာမြင့်နေပြီ ဖြစ်သည့် စစ်ပွဲကာလအတွင်း ခက်ခဲကြမ်းတမ်းသည့် သင်ခန်းစာအချို့ကို ကျိန်းသေပေါက် ရရှိပြီးဖြစ်သည်။ ရုရှားစစ်တပ်၏ စွမ်းဆောင်မှုများကို မကြာခဏ ဝေဖန်လေ့ရှိသည့် ရုရှားစစ်ရေးသုံးသပ်သူများက ယူကရိန်း၏ ဆက်သွယ်ရေးလမ်းကြောင်းများနှင့် ပစ်မှတ်ရှာဖွေ တိုက်ခိုက်နိုင်စွမ်းကို နှောင့်ယှက်ဟန့်တားနိုင်ခဲ့သည့် အီလက်ထရွန်နစ် စစ်ဆင်ရေးစွမ်းရည်များကို အသုံးချနိုင်မှုအပေါ် ချီးကျူးထားသည်။ အဘယ်ကြောင့်ဆိုသော် အလိုအလျောက် ပဲ့ထိန်းစနစ်ပါသော လက်နက်များအသုံးပြုရန် ဂျီပီအက်စ် မြေပုံညွှန်းများ လိုအပ်ခြင်းကြောင့်ဖြစ်သည်။

သို့ရာတွင် လာမည့်သီတင်းပတ်များအတွင်း အရေးပါသော အလှည့်အပြောင်းများစွာသည် ရှေ့တန်းစစ်မျက်နှာများ အပေါ်တွင်သာ မူတည်နေလိမ့်မည် မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် ယူကရိန်းတို့က ရုရှား၏အမိန့်ပေးကွပ်ကဲမှုဌာနများ၊ လက်နက်ခဲယမ်းနှင့် လောင်စာဆီ သိုလှောင်ရုံကဲ့သို့ နောက်တန်းနေရာများကို ပစ်မှတ်ထားတိုက်ခိုက်ခြင်းသည် ရုရှား၏ စွမ်းဆောင်ရည်များအပေါ် သက်ရောက်မှု ရှိစေမည်ဖြစ်သကဲ့သို့ နှစ်ဖက်စလုံးမှ အလယ်အလတ်နှင့် အဆင့်မြင့်စစ် ဘက်အရာရှိများ၏ ရှင်သန်နိုင်မှုနှင့် ဆုံးဖြတ်ချက်များအပေါ်တွင်လည်း မူတည်နေမည် ဖြစ်သည်။

ယူကရိန်းအနေဖြင့် ရုရှားတပ်ဖွဲ့ဝင်များ၏ လက်နက်ခဲယမ်းနှင့် လောင်စာဆီရရှိနိုင်စွမ်းကို ကန့်သတ်နိုင်မည်ဆိုလျှင် ယူကရိန်း၏ နည်းဗျူဟာမြောက် ထိုးဖောက်စစ်ဆင်မှုများအပေါ် ရုရှား၏ တုံ့ပြန်နိုင်စွမ်းနှင့် ရုရှားအရန်တပ်များ၏ လှုပ်ရှားစစ်ကစားနိုင်စွမ်းကိုပါ ကန့်သတ်နိုင်မည်ဟု ယူကရိန်းစစ်ပွဲကို အသေးစိတ် လေ့လာစောင့်ကြည့်နေသည့် စစ်ရေးအကဲခတ်တစ်ဦးဖြစ်သူ မစ်ခ်ရိုင်ယန်က သုံးသပ်ခဲ့သည်။

ယူကရိန်းစစ်တပ်မှ အရာရှိတစ်ဦးကမူ စစ်ဆင်ရေးအောင်မြင်မှုသည်နယ်မြေများကို သိမ်းယူနိုင်ရုံသာမက ရန်သူ့ခံစစ်ကြောင်းကို ထိုးဖောက်ပြီးနောက်တွင်လည်း အရှိန်အဟုန်ကို ဆက်ထိန်းကာရှေ့သို့ ချီတက်ရမည်ဟု ပြောကြားခဲ့သည်။                       Ref: CNN

Most Read

Most Recent