ကချင်ပြည်နယ်က တစ်ရှူးငှက်ပျောခင်းများနဲ့ စွန့်ပစ် ပလတ်စတစ်ပြဿနာ

ကချင်ပြည်နယ်က တစ်ရှူးငှက်ပျောခင်းများနဲ့ စွန့်ပစ် ပလတ်စတစ်ပြဿနာ
Published 4 June 2023
ထွန်းလင်းအောင် (မြစ်ကြီးနား)

ကချင်ပြည်နယ် ၀ိုင်းမော်မြို့နယ် စန်ကားကျေးရွာအထွက် တစ်ရှူးငှက်ပျောခင်း များဆီ ဝင်လိုက်သည်နှင့်တစ်ပြိုင်နက် ပလတ် စတစ် အပြာနုရောင်စများဖြင့် အုပ်ထားတဲ့ ငှက်ပျောခိုင်များကို တွေ့နေရပါတယ်။ 

အသီးခိုင်ကြီးများတဲ့ ငှက်ပျောပင်တို့ မယိုင်လဲအောင် တစ်ပင်နှင့်တစ်ပင် ပလတ် စတစ်ကြိုးများဖြင့် ကူယှက်ထားကြပါတယ်။အခိုင်ကို ပလတ်စတစ်စများဖြင့် သုံးထပ်နီးပါး အုပ်ထားသဖြင့် ငှက်ပျောခိုင်က ကြီးသည် ထက် ပိုကြီးနေပါတယ်။ အသီးခံတဲ့ အဖြူ ရောင် ဖော့အစများက ငှက်ပျောခိုင်သယ်သည့် လမ်းကြောင်းတစ်လျှောက် ဖွေးဖွေးလှုပ်နေ တတ်ပါတယ်။

အချို့ငှက်ပျောထုပ်ပြီးသွားသည့် ခြံများ တွင်တော့ မီးရှို့ပြီး ကျန်ရစ်သည့် ပလတ်စတစ် မီးလောင်စ မည်းမည်းကြီး အချပ်လိုက် အထပ် လိုက် ရှိနေတတ်ပါတယ်။ အနီးဝန်းကျင်က လယ်မြေ၊ ယာမြေများမှာ ဟိုတစ်ပုံ၊ ဒီတစ်စ၊ အနီးက ချောင်း၊ အင်းအတွင်းများတွင် အစု လိုက် အပြုံအလိုက် ပလတ်စတစ်တွေကို မြင် ကြရပါတယ်။

အခုလို ပလတ်စတစ် အများဆုံး အသုံး ပြုနေကြသော ကချင်ပြည်နယ်က တစ်ရှူးငှက် ပျောစိုက်ခင်းဧကဟာ ၂၀၁၉ ခုနှစ် စာရင်းအရ ဧကပေါင်း တစ်သိန်းလေးသောင်းကျော်ရှိခဲ့ ကြောင်း မြေယာလုံခြုံမှုနှင့် သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေးဆိုင်ရာ ကွန်ရက်အဖွဲ့၏ နောက်ဆုံးကောက်ယူနိုင်ခဲ့တဲ့ စာရင်းအရ သိရပါတယ်။

မေခမြစ် အရှေ့ဘက်ကမ်းနဲ့ ဧရာဝတီမြစ်အရှေ့ဘက်ကမ်းတစ်လျှောက်ရှိ  ချီဖွေ၊ ၀ိုင်းမော်၊ မြစ်ကြီးနား၊ ဒေါ့ဖုန်းယန်၊ မိုးမောက်၊ ဗန်းမော်၊ မန်စီ၊ ရွှေကူမြို့နယ်အတွင်း စိုက်ပျိုး နေကြခြင်းဖြစ်ပါတယ်။ အပင်ပေါင်း သန်းနှစ် ရာကျော်ရှိနိုင်ပါတယ်။ တစ်နှစ်အသုံးပြုတဲ့ ပလတ်စတစ် ပိဿာပေါင်း သုံးသိန်းကျော် (တန်ချိန်ပေါင်း ငါးထောင်ကျော်) အသုံးပြုနေ တဲ့ စိုက်ပျိုးရေးလုပ်ငန်းဖြစ်ပါတယ်။

ပလတ်စတစ်အသုံးများလှတဲ့ တစ်ရှူးငှက်ပျောခင်းများ

တစ်ရှူးငှက်ပျောကို ကချင်ပြည်နယ် ၀ိုင်းမော်မြို့နယ် အထက်ပိုင်း၊ မန်ဝိန်းကြီး ဒေသသို့ ဘိန်းတိုက်ဖျက်ရေးခေါင်းစဉ်နဲ့ ၂၀၀၈ ခုနှစ်မှ စတင်ကာ ဝင်ရောက်လာခြင်း ဖြစ်ပါတယ်။ 

၂၀၁၆ ခုနှစ်၊ ၂၀၁၇ ခုနှစ် ယခင် ဘိန်း စိုက်ပျိုးခြင်း လုံးဝမရှိတဲ့ ၀ိုင်းမော်မြို့နယ် အောက်ပိုင်း၊ မြစ်ကြီးနား၊ ဒေါ့ဖုန်းယန်၊ မိုး မောက်၊ ဗန်းမော်၊ မန်စီ၊ ရွှေကူမြို့နယ်များ အတွင်းသို့ ပျံ့နှံသွားခြင်းဖြစ်ပါတယ်။ မြန်မာ နိုင်ငံဘက်မှ ကချင်ပြည်နယ် သီးနှံစိုက်ပျိုး ထုတ်လုပ်သူများအသင်းက ဝန်ဆောင်မှုများ ကို တာဝန်ယူပြီး တရုတ်နိုင်ငံက ကုန်သည် ကြီးများ၊ စိုက်ပျိုးထုတ်လုပ်သူများနှင့် ပူး ပေါင်းကာ စိုက်ပျိုးထုတ်လုပ်နေခြင်းဖြစ်ပါ တယ်။ 

တစ်ရှူးငှက်ပျောပျိုးပင်ကတည်းက တစ် ထွာခန့်အမြင့်ရှိ ပလတ်စတစ် ပျိုးအိတ်များ အတွင်း ပျိုးကြရပါတယ်။ ယင်းကမှတစ်ဆင့် ပလတ်စတစ် ရေပိုက်များ အကွက်ကျ ချထား တဲ့ စိုက်ကွင်းများသို့ ပြောင်းရွှေ့စိုက်ပျိုးကြ ရပါတယ်။ တစ်ဧကလျှင် ငှက်ပျော အပင် ၁၄၀၀ ဝန်းကျင် စိုက်ပျိုးနိုင်ပါတယ်။ ရှစ်လ ပျိုးထောင်မှ အခိုင်ထွက်ပါတယ်။ ငှက်ပျော ခိုင်ထွက်သည်နှင့် အစွတ်၊ ပလတ်စတစ် အပြာစ၊ အသီးတွင် သီးခြားညှပ်သည့် ဖော့ သုံးမျိုးကို သုံးကြရပါတယ်။

ငှက်ပျောခိုင်ထွက်ပြီး  အပင်ခုတ်သည် အထိအပင် ၅၀၀ တစ်စုအတွက် ပလတ်စတစ် ပိဿာ  ၇၇ ပိဿာနှင့် ၅၀ ကျပ်သား အသုံးပြု ကြရကြောင်းတွေ့ရပါတယ်။ ယင်း ပလတ် စတစ်များကို တရုတ်နိုင်ငံမှ ပလတ်စတစ် ကော်စေ့များအဖြစ် ယူဆောင်လာပြီး မြန်မာ နိုင်ငံရှိ စက်ရုံ ၁၃ ရုံက ငှက်ပျောခင်းများ အတွက်  ပလတ်စတစ်များကို ပြန်လည်ထုတ် လုပ်နေကြရခြင်းဖြစ်ပါတယ်။

ယခုနှစ် World Environment Day၏ဆောင်ပုဒ်မှာ  “ပလတ်စတစ် ညစ်ညမ်းမှုကို နှိမ်နှင်းကြ” ဆိုသည့် ဆောင်ပုဒ်ဖြစ်ပါတယ်။ ဆောင်ပုဒ်ကို ကြည့်ခြင်းအားဖြင့် ပလတ် စတစ် ညစ်ညမ်းမှုပြဿနာမှာ အရေးတကြီး ဖြေရှင်းရမည့် ပြဿနာဖြစ်ကြောင်း မီးမောင်း ထိုးပြနေပါတယ်။ ပလတ်စတစ် စွန့်ပစ်ပစ္စည်းများ၏ ဆွေး မြည့်သည့်သက်တမ်းမှာ အမျိုးအစားပေါ် မူတည်ပြီး ၁၀ နှစ်မှ နှစ်ရာချီအထိ ကြာမြင့်နိုင် ပါတယ်။ ပလတ်စတစ် စွန့်ပစ်ပစ္စည်းများ ကြောင့် ရေ၊ မြေ၊ လေထုများ ညစ်ညမ်းမှုဖြစ်စေ ပြီး ပလတ်စတစ်မီးရှို့ရာမှ ထွက်လာသည့် ဓာတ်ငွေ့တချို့ဟာ ကမ္ဘာကြီးကို ပူနွေးမှု ဖြစ် စေပါတယ်။ 

မြေငှားသူတွေနဲ့ ငှက်ပျောခင်းဘေးက လယ်ယာတွေဒုက္ခ

တစ်ရှူးငှက်ပျောဟာ တန်းခြား ခြောက်ပေဝန်းကျင်ရှိပြီး အခိုင်ခုတ်ပြီးပါက ငှက်ပျောပင်ကို ခုတ်လဲကာ တန်းခြားအတွင်း ပစ်ပုံထားကြရပါတယ်။ နောက်ငှက်ပျောရာသီ မရောက်မီ မီးရှို့ဖျက်ဆီးကြရာ ပလတ်စတစ် အမှိုက်များမှာ မီးလောင်ကျန်ရစ်ခဲ့ပါတယ်။ ကွန်ကရစ်ခဲကြီးလို မာမာတောင့်တောင့် ကျပ်ခဲကြီးဖြစ်နေပါတယ်။

ခတ်ချိုကျေးရွာမှ စိုက်ခင်းငှားထားသူ ဦးစိုင်းလင့်က  “ကျွန်တော်က အရင်က ပြောင်း စိုက်တာ။ ရေနစ်၊ မိုးကြီး၊ ကုန်စျေးနှုန်း မသေ ချာတော့ ငှားထားတာ။ ပလတ်စတစ်တွေ အခင်းတွေ မကျန်ရစ်စေနဲ့လို့ ပြောတာကို အခုက မီးရှို့ထားတာတွေ အများကြီးပဲ။ အဲဒီရဲ့ ဆိုးကျိုးကတော့ ဘာတွေ ဖြစ်ဦးမယ် မသိဘူး”ဟု ဆိုပါတယ်။

ပလတ်စတစ် အစတွေကြောင့်  စိုက် ခင်းအတွင်းက အပင်တချို့မဖြစ်ထွန်းသည် ကိုတွေ့ရကြောင်း၊ ပလတ်စတစ်အစတွေကို အချို့လယ်သမားအများစုက ပစ်ထားတာ များကြောင်း၊ မကောက်နိုင်သည့် လယ်သမား များက ထယ်ထိုးမြှုပ်ပစ်ကြောင်း စန်းကား ကျေးရွာမှ ဦးဆူဒါရ်ဆန်းက ဆိုပါတယ်။

“မြေကြီးထဲ ဖော်ကြည့်တာပလတ်စ တစ် အောက်ကခံနေပြီး အမြစ်တွေ မဖောက် နိုင်တာဘဲ။ ရပ်ကွက်အုပ်ချုပ်ရေးကလည်း အခင်းအတွင်းမှာ ပလတ်စတစ်တွေ မကျန် အောင်လုပ်ဖို့ စာထုတ်ကြတယ်။ ဒီမှာတော့ စနစ်တကျ သိမ်းသူရှားတယ်။ မြေကြီး ဘယ် လောက်ထိခိုက်နိုင်သလဲ။ တောင်သူတွေက မသိသေးဘူး။ ကျွန်တော်တို့ရွာက နွားသုံး ကောင်လည်း ပလတ်စတစ်တွေစားပြီး အစာ အိမ်မှာဆို့သေတာ ကိုယ်ပိုင်နွားအပါအဝင် သုံးကောင်ရှိတယ်” ဟု ဆိုပါတယ်။

လယ်ထဲကို  နှစ်စဉ် ပလတ်စတစ်ရောက် တဲ့ ပြဿနာနဲ့ပတ်သက်ပြီး မည်သည့်အဖွဲ့ အစည်းမျှ အားကိုးမရဘဲ ကိုယ့်လယ်ကွက်ထဲ ရောက်တာကို ကိုယ်တိုင် ဖြေရှင်းနေရတယ် လို့ ဥလောက်ကျေးရွာမှ တောင်သူဦးစိုင်းဘ အေးက ဆိုပါတယ်။ 

“ဘေးအခင်းက ကျလာရင်တော့ ငှက် ပျောခင်းပိုင်ရှင်ကို ပြောတယ်။ ငှက်ပျောခင်း ကြားတွေက လျှိုမြောင်ကြီးက ဧရာဝတီမြစ်နှင့် ဆက်နေတော့ ရေတွေကြီးလာရင် မြောင်း ထဲက အမှိုက်တွေ အားလုံးက ကျွန်တော့် လယ်ထဲမှာ လာပုံနေရောပဲ။ ငှက်ပျောခင်း လုပ်တာနဲ့ လူတွေ အများကြီးရောက်ပြီး မြောင်းထဲလည်း အမှိုက်တွေက ပြည့်နေတာ။ နှစ်တိုင်း ဖြစ်နေတာ စိတ်ညစ်စရာပဲ” ဟု ဆိုပါတယ်။

ကချင်ပြည်နယ် စိုက်ပျိုးရေး ဦးစီးဌာန က ညွှန်ကြားရေးမှူး ဦးဌေးလွင်က ငှက်ပျော စိုက်ကုမ္ပဏီတွေကို GAP (Good Argicultural Pratice)  စိုက်ပျိုးရေး အလေ့အကျင့်ကောင်း များကို သင်တန်းပေးနေကြောင်း၊ မြေငှား ကတည်းက နှစ်ဦးနှစ်ဖက် အသိရှိရှိဖြင့် ချုပ် ဆို လုပ်ကိုင်ကြရန် လိုကြောင်း၊ တောင်သူ များက မိမိစိုက်ပျိုးမြေပေါ် နစ်နာမှုရှိပါက သက်ဆိုင်ရာဌာနထံ တိုင်ကြားဖို့ လိုအပ် ကြောင်း အကြံပြုပါတယ်။

“ကျွန်တော်တို့ လုပ်နိုင်တာက နယ်စပ် အဝင်ဂိတ်မှာ စစ်ဆေးတယ်။ သီးနှံထွက်လာ တော့ ဓာတုဓာတ်ကြွင်း စစ်တယ်။ တရားဝင် မှတ်ပုံတင်တွေနဲ့ မလုပ်ထားတော့ မြေပြင် ကွင်းဆင်းမှု မလုပ်နိုင်ဘူး။ ကြီးကြပ်မှု အား နည်းလွန်းတာပေါ့”လို့ ဆိုပါတယ်။

ကချင်ပြည်နယ် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့တွင် ပါဝင်သူတစ်ဦးက တစ်ရှူးငှက်ပျောခင်းဟာ ၀ိုင်းမော်မြို့နယ် အထက်ပိုင်းမှာ ၁၀ နှစ်ကျော်၊ အောက်ပိုင်းမှာ ခြောက်နှစ်ဝန်းကျင် စိုက်ပျိုးလာပေမဲ့ ပလတ် စတစ်နဲ့ပတ်သက်ရင် နယ်စပ်ဂိတ်တွေမှာ ဝင် လာကတည်းက အခွန်ကောက်တာ၊ ျွနခပခူန ပြန်လုပ်တာ၊ စနစ်တကျ အမှိုက်ကောက်တဲ့ စနစ်တွေ လုံးဝမရှိသေးတာက မြေဆီမြေ နှစ်ကောင်းမွန်တဲ့ ဧရာဝတီနုန်းတင်မြေနု လွင်ပြင်ကို အတိုင်းအဆမရှိ ပျက်စီးစေ နိုင်သည့် အန္တရာယ်ရှိနေကြောင်းဆိုပါတယ်။

၎င်းက “အဓိကတော့ ရေဝေရေလဲ မချန်တာ၊ စိုက်ခင်းကြားဇုန်တွေ မထားတာက ရေတွေရှားလာသလို ဂေဟစနစ်လည်း လုံးဝ ချို့ယွင်းသွားတယ်။  အခု နောက်ဆုံးလုပ်နေတဲ့ စစ်တမ်းအရတော့ ၀ိုင်းမော်မြို့နယ်မှာဆိုရင် ဂေဟစနစ်၏ဝန်ဆောင်မှုရဲ့ သဘာဝပတ် ဝန်းကျင်ခံနိုင်မှုဒဏ်က ၁၆ ရာခိုင်နှုန်း ပြုတ် ကျသွားတယ်။ တောတောင်တွေ၊ ချောင်း မြောင်းတွေက အသီးအရွက်၊ သားငါး မရ နိုင်တော့ဘူးပေါ့။ တစ်ရှူးငှက်ပျောရဲ့ နောက် ဆက်တွဲ ဆိုးကျိုးအန္တရာယ်တွေ စိုးရိမ်အမှတ် ကျော်နေပါပြီ” လို့ ဆိုပါတယ်။

အခက်တွေ့ကြရတဲ့ တံငါသည်တွေ

စွန့်ပစ်ပစ္စည်းတွေဖြစ်သည့် ကချင်ပြည် နယ်အမှိုက်တွေက အများဆုံးစုပုံနေရာဟာ မြောင်း၊ ချောင်း၊ အင်းနဲ့ နောက်ဆုံး ဧရာဝတီ မြစ်ထဲကို ရောက်ပါတယ်။

၂၀၁၉ ခုနှစ်က Fauna and Flora International (FFI) နဲ့ သန့်မြန်မာတို့ ပူး ပေါင်းကောက်ယူခဲ့တဲ့ စစ်တမ်းအရ ဧရာဝတီ မြစ်ထဲကို နေ့စဉ် ပလတ်စတစ် တန်ချိန် ၁၁၉ တန် စီးဝင်နေကြောင်း ဖော်ပြထားပါတယ်။

တံငါလုပ်ကိုင်သူတွေက အင်းဘေး ငှက်ပျောစိုက်ခင်းကကျတဲ့ ပလတ်စတစ် အမှိုက်တွေကို ရနိုင်တဲ့နည်းနဲ့ ဖြေရှင်းနေ သော်လည်း မြောင်းထဲက အမှိုက်များ၊ ရေစီး ဖြင့်ပါလာတဲ့ အမှိုက်များက  ဖြေရှင်းမရသေး ကြောင်း အင်းသူကြီးကိုဖိုးသိန်းက ဆိုပါတယ်။

“ကျွန်တော်တို့ အင်းတွေက နွေမှာ ရေ ခန်း၊ မိုးမှာ ရေဝင်တဲ့ အင်းတွေ အများစုပေါ့။ ဧရာဝတီမြစ်ကနေ ရေဝင်မှ ငါးအများစုက ပြန်ဝင်တာပေါ့။ ရေတွေ တက်လာပြီဆိုရင် အမှိုက်က ဖောင်ဖွဲ့ပြီး မျောလာရော။ အမှိုက် က ဆွေးလည်း မဆွေးဘူး။ နောက်ဆုံး ဘာ ဖြစ်သွားမလဲ မသိဘူး။ ငါးတွေက တစ်ရှူးငှက် ပျောခင်း ဝင်လာပြီးမှ တစ်နှစ်ထက် တစ်နှစ် ရှားလို့ ငှက်ပျောခင်းဘေးတစ်လျှောက် ချောင်းတွေ၊ အင်းတွေဆိုရင် အင်းဆွဲမယ့်သူ မရှိဘူး” လို့ ဆိုပါတယ်။

ကချင်ပြည်နယ် ငါးလုပ်ငန်း ဦးစီးဌာန က ဦးစောအောင်ရဲထွဋ်လွင်က ပလတ် စတစ်နှင့် ပတ်သက်ပြီး ပညာပေးတာတွေ မလုပ်နိုင်သေးကြောင်း ၊ ပလတ်စတစ်နှင့် အခြားသော အမှိုက်များကြောင့် ရေအရည်အသွေးကျဆင်းမှုကိုတွေ့ရကြောင်း ဆိုပါ တယ်။

“တွေ့တဲ့ ချောင်းမြောင်းတိုင်းက အရင် ကာလကတွေကို လူတွေသောက်ဖို့ အခြေ အနေ မရှိကြတော့ဘူး။ တချို့ရေတွေက တိရစ္ဆာန်အတွက်တောင် မကောင်းတော့ဘူး။ ရေအရည်အသွေးကျတော့ ငါးကျန်းမာရေး ထိခိုက်တာပေါ့။ ငါးသယံဇာတတွေ နည်း လာတာပေါ့”လို့ ဆိုပါတယ်။

တစ်ရှူးငှက်ပျောမဝင်ခင် ၁၀ ပိဿာ အထက် အကောင်ကြီးငါးများ နှစ်စဉ်ရသော် လည်း ယခုနှစ်ပိုင်းများတွင် ဖမ်းမိသည့် ဖြစ် စဉ်များ ရှားပါးသွားကြောင်း တံငါသည် အများ စုက ဆိုပါတယ်။ 

ခတ်ချိုအင်းပိုင်း တစ်နေရာတွင်  ငါးဖမ်း နေသည့် တံငါသည်တစ်ဦးက “ငါးရှားပါး လာတာက ဒီငှက်ပျောစိုက်ခင်းတွေ မတိုင် ခင်ကတည်းကပါ။ ငှက်ပျောစိုက်ခင်းတွေ ရောက်လာတော့ ဆတိုးနဲ့ ရှားလာတာ။ မထိန်း သိမ်းရင်တော့နောင်  ၁၀ နှစ်လောက်ဆိုရင် အရုပ်ရေးကြည့်ရမယ့် သဘောပဲ” လို့ ဆိုပါ တယ်။

အကောက်အခွန်နှင့် တာဝန်ယူ တာဝန်ခံမှု

ကချင်ပြည်နယ်ကထွက်တဲ့ တစ်ရှူးငှက် ပျောသယ်ကားများကို ကန်ပိုင်တည်နယ်စပ် ဂိတ်မှာ ကုန်သွယ်ခွန် နှစ်- ရာခိုင်နှုန်းအဖြစ် ကျပ်ငွေလေးသိန်းနှင့် ပြည်နယ်ဖွံဖြိုးရေး အတွက် ကျပ်ငွေနှစ်သိန်းနှစ်သောင်း စုစု ပေါင်း ခြောက်သိန်းကျော် ကောက်ယူနေခြင်း ဖြစ်ပါတယ်။

တရုတ်နိုင်ငံမှ တင်သွင်းလာတဲ့ ပလတ် စတစ် အစေ့များအတွက်မူ သီးခြားအခွန် ကောက်ခံခြင်း မရှိပေ။ ကချင်ပြည်နယ် အစိုးရ အဖွဲ့က ကောက်ယူထားတဲ့ စာရင်းများအရ ဘဏ္ဍာနှစ်အလိုက် ကောက်ခံရရှိကျပ်ငွေ ၂၀၁၃-၂၀၁၄ ခုနှစ်တွင် ၂၃ သန်းကျော်၊ ၂၀၁၄-၂၀၁၅ ခုနှစ်တွင် ၈၁ သန်းကျော်၊ ၂၀၁၅-၂၀၁၆ ခုနှစ်တွင် ၆၇ သန်းကျော်၊ ၂၀၁၆-၂၀၁၇ ခုနှစ်တွင် ၁၂၅၅ သန်းကျော်၊ ၂၀၁၇-၂၀၁၈ ခုနှစ်တွင် ၂၂၇၆ သန်းကျော် ကောက်ခံရရှိခဲ့ကြောင်း သိရပါတယ်။

ကချင်ပြည်နယ် အစိုးရအဖွဲ့နည်းတူ  KIO/KIA အဖွဲ့အစည်းထံသို့လည်း နှစ်စဉ် ကျပ်ငွေသိန်းပေါင်း တစ်သောင်းလေး ထောင်နီးပါး အခွန်အခအဖြစ် ပေးသွင်းကြရ ကြောင်း ငှက်ပျောလုပ်ငန်းလုပ်ကိုင်နေသူ များက ဆိုကြပါတယ်။

အစိုးရအပါအဝင် တိုင်းရင်းသားလက် နက်ကိုင် အဖွဲ့အစည်းများကပါ တရုတ်တစ် ရှူးငှက်ပျော စိုက်ခင်းများနှင့်ပတ်သက်လို့ အောက်ခြေပြည်သူများ၏  ပလတ်စတစ် အမှိုက်ကဲ့သို့သော မြေထု၊ ရေထု၊ လေထု ညစ် ညမ်းမှုများကို ဖြေရှင်းနိုင်ခြင်း မရှိသေးပါ။

ငှက်ပျောလုပ်ငန်းရှင်တစ်ဦးက “၀ိုင်း မော်ကနေ ကန်ပိုင်တည်ကိုထွက်ရင် ဂိတ် ၁၇ ရှိတယ်။ အစိုးရကို တရားဝင် ခြောက်သိန်း ကျော်ကုန်တယ်။ သူတို့ကို ပေးရတာက အဲဒီ ထက်များနေတယ်။ ပြဿနာဖြစ်ရင်တော့ ကိုယ်နဲ့ မဆိုင်ကြတော့ဘူး” လို့ ဆိုပါတယ်။

ပြင်ဆင်နေဆဲဖြစ်တဲ့ recycle လုပ်ငန်း

တစ်ရှူးငှက်ပျော စိုက်ပျိုးမှုများကို တာဝန်ယူနေတဲ့ ကချင်ပြည်နယ် သီးနှံစိုက်ပျိုးထုတ်လုပ်သူများအသင်းက ယခင်က ကိုင်တွယ်မှုအားနည်းခဲ့သော်လည်း ယခုအခါ ျွနခပခူန ပြန်လုပ်ရန် ဆောင်ရွက်နေကြောင်း ဥက္ကဋ္ဌဖြစ်သူ ဦးလရစ်ကက ပြောပါတယ်။

“ကျွန်တော်တို့က မီးမရှို့ဖို့၊ ၁၂ ပေ မြေ ကျင်းတူးပြီး မြှုပ်ကြဖို့၊ ရေရှည်တည်တံ့အောင် ဆွေးနွေးညှိနှိုင်းလုပ်ဆောင်ကြဖို့  အများကြီး ညွှန်ကြားတယ်။ အရင်ကာလတွေက အရှုံး တွေ၊ ငွေကြေးပြဿနာတွေ အများကြီးတက် တော့ မလုပ်နိုင်ကြတော့ဘူး” လို့ ဆိုပါတယ်။

ဧရာဝတီမြစ်ကူးတံတား ဗလမင်းထင် ကနေ ၀ိုင်မော်မြို့အဝင် တံတားအထိ ပလတ် စတစ်နှင့် သံတိုသံစ ဝယ်သည့် မန္တလေးတိုက် ရိုက်ဆိုင်ကြီးတွေ ၁၆ ဆိုင်ရှိပါတယ်။ တစ်ရှူး ငှက်ပျောခင်းအနီးက ရွာတွေမှာက တစ် ရွာလေးငါးဆိုင် တွေ့ရပါတယ်။ ရွာတွေမှာ တစ်ပိဿာ သုံးရာကောက်ပြီး ပြန်ရောင်း ကြ ပါတယ်။ တစ်ရာကျပ်ပြန်စျေးတင်ကာ ရောင်း ကြပါတယ်။

၂၀၂၁ ခုနှစ် နိုင်ငံရေး အပြောင်းအလဲ ဖြစ်ပြီးနောက် စစ်ကိုင်းတိုင်းဒေသကြီးက ပြောင်းလာသူတွေ အများစုရှိလာပါတယ်။ 

ဥလောက်ကျေးရွာတွင် ပလတ်စတစ် ဒိုင်ဖွင့် ထားသူ ကိုမြညိုက “စိုက်ခင်းတွေထဲမှာ ဖော့တွေကလွဲပြီး အကုန်ကောက်တယ်။ ပိဿာ ၃၀ ဝန်းကျင်လောက် နေ့တိုင်းရပါ တယ်။ အရင်ရောက်စကတော့ တစ်ခင်းလုံး ပလတ်စတစ်နဲ့ ပြည့်နေတာ။ အခုက လုပ်တဲ့ သူ တအားများသွားပြီ။ အခုက ဂျပ်ဖာစက္ကူနဲ့ ပလတ်စတစ် စျေးတွေ ပြန်ကျနေတယ်။ မန္တလေးမှာ မီးမမှန်တော့ ကုန်မထုတ်နိုင်ဘူး တဲ့။ စားဝတ်နေရေးတော့ အဆင်ပြေတယ်။ ပစ္စည်းတင်ဖို့ သွားရေးလာရေးအတွက် ဆိုင် ကယ်လက်ကျကို မဝယ်နိုင်သေးဘူး” လို့ ဆိုပါ တယ်။

တစ်ရှူးငှက်ပျောခင်းသုံးဖို့ ပလတ်စတစ် ကော်စေ့တွေကို တရုတ်နိုင်ငံမှာ ယူသွင်းကာ ကချင်ပြည်နယ်အတွင်း စက်ရုံ ၁၀ ရုံကျော်နဲ့ လည်ပတ်ခဲ့ပါတယ်။ ယင်းအတွက် ဖြေရှင်းရန် အတွက် စန်းကားကျေးရွာအုပ်စုမှာ ျွနခပခူန ပြန်လုပ်တဲ့ ပလပ်စတစ်စက်ရုံတစ်ခု တည် ဆောက်နေဆဲဖြစ်ပြီး ကုန်ကြမ်းစုကာ စက် တပ်ဆင်နေဆဲဖြစ်ကြောင်း ကချင်ပြည်နယ် သီးနှံစိုက်ပျိုးထုတ်လုပ်သူများ အတွင်းရေး မှူးဖြစ်သူ ဦးထွန်းထွန်းလတ်က ဆိုပါတယ်။

“ကျွန်တော်တို့ကတော့ အခုပြင်ဆင် နေပြီ။ ပလတ်စတစ် စွန့်ပစ်ပစ္စည်းတွေအတွက် တော့ဖြေရှင်းပြီးသား ဖြစ်မယ်။ ကောင်းကျိုး တွေ ရှိမယ်လို့ ယူဆတယ်” လို့ ဆိုပါတယ်။

ကချင်ပြည်နယ် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး လူမှုအဖွဲ့အစည်းက ခေါင်း ဆောင်တစ်ဦးက ပလတ်စတစ်အမှိုက်များကို ျွနခပခူန ပြန်လုပ်တဲ့ နည်းသည် အကောင်းဆုံး နည်းတစ်ခုထဲပါကြောင်း ပြောကြားပါတယ်။

“အခုမြင်နေရတာတော့ မီးရှို့ ဖြေရှင်း နေကြတာပဲ။ အခုဒီရက်ပိုင်းတွေ  မြစ်ကြီးနား မှာ စံချိန်တင်အပူတွေ ဖြစ်လာတာဟာ အဲဒီလို လုပ်တဲ့ အကျိုးဆက်တွေပဲ။ မီးတွေရှို့ ဖန်လုံ အိမ်ဓာတ်ငွေ့တွေထုတ်၊ ကာဗွန်တွေ ထုတ် လွန်းလို့ဆိုတာ သိကြရင် အားလုံးဆင်ခြင်ပြီး ၀ိုင်းတွန်း၊ ၀ိုင်းလုပ်ကြရင် အကောင်းဆုံးပေါ့” လို့ ဆိုပါတယ်။ 



 

Most Read

Most Recent