Move Forward ပါတီနှင့် အခြားနိုင်ငံရေးပါတီ ခုနစ်ပါတီတို့ ညွန့်ပေါင်းမဟာမိတ် သဘောတူညီချက်တွင် လက်မှတ်ရေးထိုး

Move Forward ပါတီနှင့် အခြားနိုင်ငံရေးပါတီ ခုနစ်ပါတီတို့ ညွန့်ပေါင်းမဟာမိတ် သဘောတူညီချက်တွင် လက်မှတ်ရေးထိုး
မေ ၂၂ ရက်က ဘန်ကောက်မြို့တွင် အစိုးရသစ်ဖွဲ့ရေး သဘောတူညီချက်အတွက် Move Forward ပါတီဦးဆောင်၍ နိုင်ငံရေးပါတီရှစ်ခုက နားလည်မှုစာချွန်လွှာတွင် လက်မှတ်ရေးထိုးစဉ် (Photo: AFP)
မေ ၂၂ ရက်က ဘန်ကောက်မြို့တွင် အစိုးရသစ်ဖွဲ့ရေး သဘောတူညီချက်အတွက် Move Forward ပါတီဦးဆောင်၍ နိုင်ငံရေးပါတီရှစ်ခုက နားလည်မှုစာချွန်လွှာတွင် လက်မှတ်ရေးထိုးစဉ် (Photo: AFP)
Published 23 May 2023
Ref: CNA

ပြီးခဲ့သည့် အထွေထွေရွေးကောက်ပွဲတွင် မဲအများဆုံးဖြင့် အနိုင်ရခဲ့သည့် ထိုင်းအတိုက်အခံပါတီဖြစ်သော Move Forward(ရှေ့သို့ချီ)ပါတီသည် လာမည့်ဇူလိုင်လတွင် ညွန့်ပေါင်းအစိုးရတစ်ရပ်ဖွဲ့နိုင်ရန် ရည်ရွယ်လျက် မူဝါဒလမ်းစဉ် ၂၃ ချက်ကိုအတည်ပြုသည့် နားလည်မှုစာချွန်လွှာ တစ်စောင်ကို မေ ၂၂ ရက်က လက်မှတ်ရေးထိုးခဲ့သည်။

မေ ၁၄ ရက် အထွေထွေရွေးကောက်ပွဲတွင် အံ့အားသင့်ဖွယ် အနိုင်ရရှိခဲ့ပြီးနောက် Move Forward ပါတီသည် ထိုင်းအစိုးရသစ် ဖွဲ့စည်းရေးအတွက် အခြေခံစနစ်ကိုတည် ဆောက်ရန်နှင့် ညွန့်ပေါင်းပါတီရှစ်ပါတီ အကြား ဘုံတူညီသော မူဝါဒလမ်းစဉ်ကို အတည်ပြုနိုင်ရန် ရည်မှန်းထားသည်။

“ဒါဟာ ကျွန်တော်တို့တွေ အပြန်အလှန် သဘောတူညီမှုရထားတဲ့ မူဝါဒလမ်းစဉ်တွေကို တစ်ပေါင်းတည်း စုစည်းထားခြင်းဖြစ်ပြီး အစိုးရနဲ့လွှတ်တော်ယန္တရားတွေကတစ်ဆင့် အဲဒီမူဝါဒတွေကို အကောင်အထည်ဖော်ဖို့ အသင့်ဖြစ်နေပါပြီ” ဟု Move Forward ပါတီ ခေါင်းဆောင်၊ ဝန်ကြီးချုပ်လောင်း ပီတာလင်ဂျာရွန်ရတ်က ပြောကြားခဲ့သည်။

“ဒါဟာ အစိုးရတစ်ရပ်ကို အတူတကွ ဖွဲ့စည်းဖို့ ညွန့်ပေါင်းပါတီတွေမှာရှိနေတဲ့ တာဝန်ဝတ္တရားတွေကို ပြသလိုက်တာဖြစ်တယ်” ဟုလည်း ၎င်းကပြောကြားခဲ့သည်။

အဓိကမူဝါဒလမ်းစဉ်များအနက် ဖွဲ့စည်းပုံအခြေခံဥပဒေသစ် ရေးဆွဲရေး၊ လိင်တူချင်း လက်ထပ်မှုကို တရားဝင်ခွင့်ပြုရေး၊ ဆေးခြောက်ကို တားမြစ်ခံမူးယစ်ဆေးဝါးစာရင်းတွင် ပြန်လည်ထည့်သွင်းရေး၊ ငြိမ်းချမ်းသောကာလတွင် မဖြစ်မနေ စစ်မှုထမ်းရသည့်စနစ်ကို ဆန္ဒအလျောက် စစ်မှုထမ်းသည့်စနစ်ဖြင့် အစားထိုးရေးတို့ ပါဝင်သည်။

“အစိုးရက ဖော်ဆောင်သွားမယ့် မစ်ရှင်တိုင်းဟာ စည်းမျဉ်းခံဘုရင်စနစ် ဒါမှမဟုတ် မချိုးဖောက်အပ်တဲ့ ဘုရင့်ရဲ့ဂုဏ်ပုဒ်အောက်မှာတည်ရှိတဲ့ ဒီနိုင်ငံရဲ့ အခြေအနေကို သက်ရောက်မှုမရှိစေဖို့ ပါတီအားလုံးက သဘောတူညီခဲ့တယ်”ဟုလည်း ပီတာက ဆိုသည်။

လက်ရှိညွန့်ပေါင်းအဖွဲ့တွင် ရှစ်ပါတီပါဝင်မည်ဖြစ်ပြီး Move Forward၊ ဖြူထိုင်း၊ ပရာချာချက်၊ ထိုင်းလစ်ဘရယ်ပါတီ၊ ထိုင်းဆန်ထိုင်း၊ Fair ပါတီ၊ Plung Sungkom Mai ပါတီနှင့် Pue Thai Rumphlang ပါတီတို့ ပါဝင်သည်။ ၎င်းပါတီရှစ်ပါတီသည် အမတ်နေရာ ၅၀၀ ရှိ အောက်လွှတ်တော်တွင် အ မတ်နေရာစုစုပေါင်း ၃၁၃ နေရာ ရရှိထားသည်။

ထိုင်းနိုင်ငံတွင် ဒီမိုကရေစီနည်းလမ်းတကျ ရွေးကောက်ခံအစိုးရကို ဖြုတ်ချခဲ့သည့် စစ်တပ်အာဏာသိမ်းမှု ကိုးနှစ်ပြည့်အထိမ်း အမှတ်နေ့ဖြစ်သည့် မေ ၂၂ ရက်တွင် လက်မှတ်ရေးထိုးပွဲ ပြုလုပ်ခဲ့ခြင်းလည်းဖြစ်သည်။

၂၀၁၄ ခုနှစ် မေ ၂၂ ရက်တွင် ထိုစဉ်က ထိုင်းစစ်တပ်အကြီးအကဲဖြစ်သည့် ဗိုလ်ချုပ်ကြီး ပရာယွတ်ချန်အိုချာသည် ဒီမိုကရေစီ နည်းလမ်းတကျ ရွေးကောက်တင်မြှောက်ခံရသော ယင်လတ်ရှင်နာဝပ် အစိုးရကို ဖြုတ်ချကာ အာဏာသိမ်းယူခဲ့သည်။ ၎င်း၏စစ်တပ် အစိုးရသည် ထိုင်းနိုင်ငံကို ငါးနှစ်နီးပါးကြာ အုပ်ချုပ်ခဲ့ပြီး ၂၀၁၉ ခုနှစ်တွင် စစ်တပ်ကခန့်အပ်ထားသော ကော်မတီမှ ရေးဆွဲထားသည့် ဖွဲ့စည်းပုံအခြေခံ ဥပဒေသစ်အရ အထွေထွေရွေးကောက်ပွဲ ကျင်းပပေးခဲ့သည်။

အဆိုပါ ရွေးကောက်ပွဲတွင် ဖြူထိုင်းပါတီက အောက်လွှတ်တော်တွင် အမတ်နေရာအများစုကို အနိုင်ရခဲ့သော်လည်း စစ်တပ်ကျော ထောက်နောက်ခံပြု ပါလန်ပရာချရတ် ပါတီက ၎င်း၏နိုင်ငံရေး မဟာမိတ်များ၏ အကူအညီဖြင့် အစိုးရဖွဲ့ကာ ပရာယွတ်ကို ဝန်ကြီးချုပ်အဖြစ် တင်မြှောက်ခဲ့သည်။

ပရာယွတ်သည် ရှစ်နှစ်ကျော်ကြာ အာဏာဆုပ်ကိုင်ထားခဲ့ပြီးနောက် ယခုနှစ် မေ ၁၄ ရက် ရွေးကောက်ပွဲတွင် ထပ်မံယှဉ်ပြိုင်ခဲ့သော်လည်း ၎င်းဦးဆောင်သော ပါတီဖြစ်သည့် ညီညွတ်သောထိုင်းနိုင်ငံပါတီသည် အ ရေးနိမ့်ခဲ့ပြီး အမတ်နေရာ ၃၆ နေရာသာ ရရှိခဲ့ကာ ပဥ္စမနေရာတွင် ရပ်တည်နေသည်။

 

Most Read

Most Recent