နာပိုလီအသင်းဥက္ကဋ္ဌ ဒီလော်ရန်းတစ်နှင့် နည်းပြ စပယ်လက်တီ၊ အားကစားဒါရိုက်တာ ဂီယန်တိုလီတို့ အချင်းများပြီးအနာဂတ်မရေမရာဖြစ်

နာပိုလီအသင်းဥက္ကဋ္ဌ ဒီလော်ရန်းတစ်နှင့် နည်းပြ စပယ်လက်တီ၊ အားကစားဒါရိုက်တာ ဂီယန်တိုလီတို့ အချင်းများပြီးအနာဂတ်မရေမရာဖြစ်
Photo: Getty Images
Photo: Getty Images
Published 22 May 2023

ပြီးခဲ့သည့်ရက်ပိုင်းအတွင်း၌ စီးရီးအေချန်ပီယံ နာပိုလီအသင်း၏ ဥက္ကဋ္ဌ ဒီလော်ရန်းတစ်နှင့် အသင်းနည်းပြ စပယ်လက်တီ၊ အသင်းအားကစားဒါရိုက်တာ ဂီယန်တိုလီတို့ အချင်းများခဲ့ကြပြီး စပယ်လက်တီနှင့် ဂီယန်တိုလီတို့မှာ နာပိုလီအသင်းမှ ထွက်ခွာဖွယ်ရှိနေကြောင်း သိရသည်။

နာပိုလီအသင်း၏ စီးရီးအေချန်ပီယံအောင်ပွဲခံအခမ်းအနားပြီးဆုံးပြီးနောက် ရက်ပိုင်းအကြာတွင် ဒီလော်ရန်းတစ်နှင့် စပယ်လက်တီ၊ ဂီယန်တိုလီတို့ အချင်းများခဲ့ကြခြင်းဖြစ်ပြီး ဒီလော်ရန်းတစ်က နာပိုလီအတွက် နည်းပြသစ်တစ်ဦးရှာဖွေနေပြီလည်းဖြစ်သည်။

ဒီလော်ရန်းတစ်က ''ကျွန်တော်တို့က ချန်ပီယံဖြစ်သွားပါပြီ။ ချန်ပီယံဆိုတာ သူတို့ရဲ့အကောင်းဆုံးပုံစံပြသနိုင်အောင် ပြင်ဆင်ရပါမယ်။ စပယ်လက်တီက ကျွန်တော်တို့အတွက် အကောင်းဆုံးလုပ်ပြနိုင်ခဲ့ပါပြီ။ အရာအားလုံး  လုပ်ပြပြီးပါပြီ။ လာမယ့်အနာဂတ်မှာ စပယ်လက်တီ အခု  စွမ်းဆောင်ပြထားတာထက် ပိုကောင်းတာမျိုး ကျွန်တော် မျှော်လင့်နေပါတယ်။ စပယ်လက်တီနဲ့ဆိုရင် နာပိုလီ ပိုကောင်းလာမလား။ လက်ရှိအချိန်မှာ ကျွန်တော်က အန်ဆယ်လော့တီ၊ ဘင်နီတက်ဇ်အပါအဝင် နည်းပြတချို့နဲ့  ချိတ်ဆက်မှုတွေ ရှိနေပါတယ်'' ဟု ပြောကြားခဲ့သည်။

ဒီလော်ရန်းတစ်သည် နည်းပြသစ်တစ်ဦးရှာဖွေနေသော်လည်း စပယ်လက်တီနှင့် ဂီယန်တိုလီတို့နှစ်ဦးစလုံးကို တစ်ပြိုင်နက်တည်း လက်လွှတ်မခံလိုကြောင်း ဝန်ခံခဲ့သည်။

ဂီယန်တိုလီကမူ ဒီလော်ရန်းတစ်နှင့် အချင်းများပြီးနောက် နာပိုလီအသင်းမှ ထွက်ခွာရန်စီစဉ်နေပြီး ဂျူဗင်တပ်စ်အသင်းသို့ ပြောင်းရွှေ့ဖွယ်ရှိနေကြောင်း သိရသည်။

ဂီယန်တိုလီသည် နာပိုလီအသင်းနှင့် စာချုပ်သက်တမ်း (၁)နှစ်ကျန်ရှိသေးသူဖြစ်ကာ ပြီးခဲ့သည့်နှစ်များအတွင်း  နာပိုလီအသင်း၏ ကစားသမားခေါ်ယူမှုများကို အဓိကဦးဆောင်ခဲ့သူဖြစ်သည်။

 

Most Read

Most Recent