
ရခိုင်ပြည်နယ် စစ်တွေမြို့မှတစ်ဆင့် ဝင်ရောက်တိုက်ခတ်မည့် မိုခါမုန်တိုင်းမှာ မေ ၁၄ ရက်တွင် စတင်ဝင်ရောက်မည်ဖြစ်သည်။ ရခိုင်ပြည်နယ်မှာ မုန်တိုင်းဒဏ်ခံရသည့် ပြည်နယ်တစ်ခုဖြစ်သော်လည်း ယခုဝင်ရောက်မည့် မိုခါ မုန်တိုင်းမှာ အင်အားပြင်း ဆိုင်ကလုန်းမုန်တိုင်းအဖြစ် ဝင်ရောက်နိုင်မည့်အခြေအနေလည်း ဖြစ်သည်။ လက်ရှိတွင် စစ်တွေမြို့ရှိ ဒေသခံများကို မုန်တိုင်းနှင့် လွတ်ရာသို့ ရွှေ့ပြောင်းခြင်းများကို လူမှု အဖွဲ့ အစည်းများက လုပ်ဆောင်လျက်ရှိသည်။ ယင်းအခြေအနေများနှင့် ပတ်သက်ပြီး ရခိုင်ပြည်နယ်ကြက်ခြေနီတပ်ဖွဲ့မှ ပြည်နယ်တပ်ဖွဲ့မှူး ဦးမြင့်ထွေးကို The Daily Eleven သတင်းစာက ဆက်သွယ်မေးမြန်းထားချက်များကို ဖော်ပြလိုက်ရပါသည်။
ပြည်သူတွေ အနေနဲ့ အချိန်အားလျှော်စွာ ထုတ်ပြန်တဲ့သတင်းနဲ့အညီ ကူညီပံ့ပိုးတဲ့ နေရာမှာ လိုက်နာ ဆောင်ရွက်မယ်ဆိုရင် ဒီမုန်တိုင်းကြီးက ဝင်လာတဲ့အခါမှာ ထိခိုက်၊ ဆုံးရှုံးမှုတွေ လျှော့ကျစေနိုင်မယ်၊ အသက်အန္တရာယ်ထိခိုက်တာ နည်းပါးစေနိုင်မယ်လို့ ကျွန်တော်တို့က ယူဆပါတယ်။
မေး - ရခိုင်ပြည်နယ်မှာ အင်အားပြင်းမုန်တိုင်းတိုက်မယ်လို့ ခန့်မှန်းချက်တွေက ထုတ်ပြန်ထားတော့ လက်ရှိရခိုင်ပြည်နယ်အခြေအနေကို ပြောပြပေးပါခင်ဗျ။
ဦးမြင့်ထွေး - ကျွန်တော်တို့အမြင်နဲ့ ပြောရမယ်ဆိုရင် ရခိုင်ပြည်နယ်မှာက အရင်တုန်းက မုန်တိုင်းကနှစ်တိုင်းလိုလို လာနေကြပေါ့လေ။ မုန်တိုင်းကိစ္စ အတွေ့ အကြုံကတော့ များနေပြီ။ သို့သော်လည်း ဒီတစ်ခါ ဖြစ်လာနိုင်တဲ့ တိုက်ခတ်လာနိုင်တဲ့ မုန်တိုင်းက ပုံမှန်အနေအထားနဲ့ မတူဘဲ တော်တော်လေးကို ပြင်ထန်းပြီးတော့ တော်တော်ကို ကြောက်မက်ဖွယ်ကောင်းစရာကောင်းတဲ့ မုန်တိုင်းတစ်ခုလို့ ဒီမှာသုံးသပ် ပြီးတော့ ယူဆကြတယ်ခင်ဗျ။ ရခိုင်ပြည်နယ်အခြေအနေကို ပြောရမယ်ဆိုရင် အနေအထားနဲ့ပြောရမယ်ဆိုရင် စစ်တွေမြို့ကို ဦးတည်ပြီးတော့ သွားမယ့်ပုံစံမျိုးတွေ ဖြစ်နေတဲ့အတွက် စစ်တွေမှာတော့ ကျွန်တော်တို့ မြန်မာနိုင်ငံကြေခြေနီအဖွဲ့ ဌာနချုပ်နဲ့ အစိုးရရဲ့ ကွပ်ကဲမှုတွေနဲ့ ပင်လယ်ကမ်းစပ်တစ်လျှောက်ရယ်၊ မြစ်ကမ်းတစ်လျှောက်ရယ် မှာ ဘေးလွတ်ရာကို ယာယီခိုလှုံလို့ရမယ့် မြန်မာနိုင်ငံကြက်ခြေနီတပ်ဖွဲ့၊ရခိုင်ပြည်နယ် ကြက်ခြေနီက ဦးစီးပြီးတော့ မြို့နယ်ကြက်ခြေနီတွေက မြို့နယ်အလိုက်မှာ ပါဝင်ဆောင် ရွက်ပြီးတော့ ရွှေ့ပြောင်းမှုတွေ ဆောင်ရွက်နေပါတယ်ခင်ဗျ။
မေး - ရခိုင်ပြည်နယ်ကို မုန်တိုင်းဝင်လာမယ့်အခြေအနေမှာ အစ်ကိုတို့ ကြက်ခြေနီအဖွဲ့တွေအနေနဲ့ အနီရောင်အဆင့် ခုနစ်မြို့နယ်အပါအဝင် အခြားမြို့နယ် တွေမှာ ဘယ်လိုကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်ထားပါသလဲ။ ဒေသခံတွေရဲ့ အနေအထားကရော ဘယ်လိုရှိပါသလဲခင်ဗျ။
ဦးမြင့်ထွေး - ကျွန်တော်တို့မှာတော့ မုန်တိုင်းတစ်ခုဝင်လာမယ်ဆိုရင် မြန်မာနိုင်ငံကြက်ခြေနီတပ်ဖွဲ့အနေနဲ့ လေ့ကျင့်ထားတဲ့ တပ်ဖွဲ့ဝင်တွေရှိပါတယ်။ အဲ့ဒီမှာ ဘေးတစ်ခုကျရောက်လာပြီဆိုရင် မဖြစ်ခင်၊ဖြစ်နေဆဲ၊ဖြစ်ပွားပြီးဆိုပြီး ကဏ္ဍပ်သုံးခုနဲ့ ခွဲပြီးတော့ အမြဲတမ်းဆောင်ရွက်ပါတယ်။ အခုလက်ရှိအနေအထား ဖြစ်နေပြီဖြစ်တဲ့ အတွက် ကျွန်တော်တို့က ကြိုတင်စီစဉ်မှုအနေနဲ့ မုန်တိုင်းအန္တရာယ်သတိပေး လက်ကမ်းစာစောင် ဖြန့်ဝေတာတွေ၊ ယာယီခိုလှုံတဲ့စခန်းတွေမှာ ကျန်းမာရေးစောင့် ရှောက်မှုပေးတာတွေ၊ နောက်ထပ် ကလေးသူငယ်၊နားမကျန်းနဲ့ ကိုယ်ဝန်ဆောင်တွေ အဲ့လိုမျိုးတွေကို ကျွန်တော်တို့က ကျန်တဲ့အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီးတော့ ဘေးကင်း ရာကို ရွှေ့ပြောင်းရေးလုပ်ငန်းတွေကို ဆောင်ရွက်တယ်။ အဲဒီမှာမှ ကျွန်တော်တို့က အလှူရှင်တွေ လာရောက် ကျွေးမွေးလှူဒါန်းတဲ့ဟာတွေ သမာသမတ် မျှမျှတတဖြစ် အောင် ဝိုင်းဝန်းဆောင်ရွက်တဲ့လုပ်ငန်းတွေ ဆောင်ရွက်ပါတယ်ခင်ဗျ။
မေး- အစ်ကိုတို့ ရခိုင်ပြည်နယ်ကြက်ခြေနီတပ်ဖွဲ့အနေနဲ့ လူဦးရေဘယ်လောက်ကို ရွှေ့ပြောင်းကူညီ စောင့်ရှောက်မှုတွေ ပေးထားနိုင်ပြီလဲ ခင်ဗျ။
ဦးမြင့်ထွေး - အဲဒါက ကျွန်တော်တို့မှာ မြို့နယ်အလိုက်ဆောင်ရွက်နေတာဖြစ်တဲ့ အတွက် ဒီမှာကျတော ရွှေ့ပြောင်းတာက လူဦးရေက တိတိကျကျ ဂဃနဏနဲ့တော့ သေချာပြောလို့မရသေးပါဘူး။
မေး - ဟုတ်ကဲ့။ နောက်ထပ်တစ်ခုမေးချင်တာက အခုရွှေ့ပြောင်းနေတဲ့သူတွေကို အစ်ကိုတို့ ကြက်ခြေနီတပ်ဖွဲ့အနေနဲ့ ဘယ်လိုအကူညီတွေပေးနေပါလဲခင်ဗျ။
ဦးမြင့်ထွေး - ကျွန်တော်တို့က နံပါတ်တစ်ကတော့ ရွှေ့ပြောင်းလာတဲ့သူတွေကို နေထိုင်စားသောက်မှုတွေ၊ ကျန်းမာရေးကဏ္ဍတွေမှာ အဓိကက ကျန်းမာရေး အထောက်အကူပြု လုပ်ငန်းတွေကို ဆောင်ရွက်တယ်။ ဒီမှာနေထိုင်တဲ့အချိန်မှာ ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုပြုမှု၊စောင့်ရှောက်ပြီးတော့ နေထိုင်ရမယ်။ တစ်ယောက်က တစ်ယောက်ကို ဖြစ်ပွားတာတွေ နောက်တဆင့် မကူးစက်နိုင်တာတွေ မရှိအောင်။ အဓိကကတော့ ကျွန်တော်တို့က ဒီကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းတွေကို သွားမယ်။ ကျန်းမာရေးဝန်ကြီးဌာနက Guide Line အတိုင်း ကျွန်တော်တို့ ကူညီဆောင် ရွက်ပါတယ်ခင်ဗျ။
မေး - ဟုတ်ကဲ့ပါ။ အဓိကအားဖြင့် ရွှေ့ပြောင်းတဲ့လူတွေကို ဒီမုန်တိုင်းဒဏ် ကင်းလွတ်အောင်လို့ ဘယ်နေရာတွေမှာ ဦးစားပေးနေရာ ချထားလဲခင်ဗျ။
ဖြေ - ဟုတ်ကဲ့ခင်ဗျ။ ရွှေ့ပြောင်းတဲ့လူတွေကို ကျွန်တော်တို့က မနေ့က ကျန်တဲ့နေရာ တွေက သတင်းတွေက အချက်အလက်မစုံသေးလို့ Update လုပ်လို့ မရသေးပါဘူး။ စစ်တွေမှာဆိုရင်တော့ မနေ့က ဟိုဖက်က၊နယ်ဖက်က တက်လာတဲ့သူတွေကို စစ်တွေ မှာရှိတဲ့ GTC ကျောင်းကိုရွှေ့ပြောင်းပါတယ်။ ဒီဖက်မှာဆိုရင်တော့ အဓိဌာန် ဆရာတော် ဘုရားကြီးကျောင်းကြီးရှိတယ်။နောက်ဒီဖက်က အရှင်ဉာဏစက္ကဆရာတော် ဘုရားကြီး ကျောင်းရှိတယ်။ အဲဒီနေရာတွေကို ရွှေ့ပြောင်းထားပါတယ်။ ရခိုင်မှာ စစ်တွေ မှာဆိုရင် တော့ အဲ့နေရာတွေက တော်တော်ကုန်းအမြင့်ဆုံးနေရာတွေမို့ အဲဒီနေရာတွေ သည် ဘေးအကင်းဆုံးနေရာလို့ သတ်မှတ်ပြီးတော့ ရွှေ့ပြောင်းထားပါတယ်ခင်ဗျ။ အဆောက် အဦးပမာဏကလည်း ထည်ထည်ဝါ၀ါနဲ့ ခိုင်ခိုင်ခန့်ခန့်နဲ့ အဆောက်အဦးတွေပါ။
မေး- နောက်တစ်ခုကလေ အခုဝင်မယ့်မုန်တိုင်းက အင်အားကြီးမုန်တိုင်းဖြစ်နေတော့ အစ်ကိုတို့အနေနဲ့ ဘာတွေလိုအပ်မှုတွေရှိလဲခင်ဗျ။ ဆောင်ရွက်တဲ့အခါမှာ မြေပြင်မှာ လုပ်နေရတဲ့သူတွေအနေနဲ့ပါ။
ဦးမြင့်ထွေး - လိုအပ်မှုဆိုတာကတော့ ကျွန်တော်တို့မှာ လက်ရှိအနေအထားကတော့ အဓိကက ဆက်သွယ်ရေးလမ်းကြောင်းပေါ့။ နောက်တစ်ခုက ဒီမှာက လောင်စာဆီပေါ့။ အဓိက အရေးကြီးတာက။ ဘာလို့လဲဆို ဒီမှာအရင်ရက်က ဖြစ်ခဲ့တဲ့ ကိုဗစ်တွေကာလ တွေမှာ ရခိုင်ပြည်နယ်မှာက ဆီစျေးတွေက တအားမြင့်နေတော့ ကားတွေကို အရွှေ့အ ပြောင်းတွေမှာ ဆီဝယ်ရတာ အခက်အခဲလေးတွေရှိပါတယ်။ ပြီးတော့ ကျွန်တော်တို့က ကြက်ခြေနီဆိုပေမယ့် ပရဟိတတစ်မျိုးလို ဆောင်ရွက်နေခြင်းကြောင့် မိမိခြေထောက် ပေါ် မိမိရပ်တည်ပြီးတော့ ကျွန်တော်တို့က အလှူရှင်တွေ ထောက်ပံ့ပေးမှုတွေနဲ့ ပဲ ဆောင်ရွက်ရတဲ့အချိန်မှာ ခက်ခဲမှုတွေတစ်ခုပေါ့နော်။ အဲဒီလိုခက်ခဲမှုတွေ ဆက်သွယ် ရေးလမ်းကြောင်းဆိုတာ အခုချိန်မှာ အိုင်တီခေတ်မို့လို့ ဖုန်းတွေနဲ့ဆက်သွယ်တာ ရှိပါတယ်။ ဒါပေမယ့်ဖုန်းဘေလ်က ဘယ်သူ့ဆီကနေမှ ထောက်ပံ့ထားတာ မရှိဘူး။ ဆက်သွယ်တဲ့ အခါမှာ အဲဒီလိုအခက်အခဲတွေရှိပါတယ်။အခုချိန်မှာ ပိုက်ဆံပေးပြီး ဖုန်းဘေလ်ထည့်လို့ ရပေမယ့် ဒါပေမယ့် တကယ်လို့ မုန်တိုင်းဝင်လို့ ဆက်သွယ်ရေး တိုင်တွေကျိုးသွားလို့ ဆက်သွယ်ရေးလမ်းကြောင်းတွေ ပျက်သွားရင် ဆက်သွယ်ရေး အခက်အခဲရှိပါတယ်။
မေး - ရခိုင်ပြည်နယ်တစ်ပြည်နယ်လုံးမှာဆိုရင် အစ်ကိုတို့ကြက်ခြေနီတပ်ဖွဲ့ဝင် ဘယ်လောက်နဲ့ ခန့်မှန်းအားဖြင့် ကူညီမှုတွေပေးနေလဲခင်ဗျာ။
ဦးမြင့်ထွေး - မြန်မာနိုင်ငံကြက်ခြေနီအသင်းအနေနဲ့ ကျွန်တော်တို့ရခိုင်ပြည်နယ်မှာဆို ရင် ၁၇ မြို့နယ် ရှိပါတယ်။ အဲ့မြို့နယ်တွေမှာ မြို့နယ်တပ်ဖွဲ့တွေရှိပါတယ်။ မြို့နယ်တပ်ဖွဲ့ မှာဆိုရင် အင်အားတစ်ရာကျော်နဲ့ ဖွဲ့စည်းထားပါတယ်။ အဲ့ဒီမှာ လက်ရှိအနေအထားက ရှေ့တန်းအနေနဲ့ တစ်မြို့နယ်ကို အနည်းဆုံးလူ ၃၀ က Active ဖြစ်ပြီးသားပါ။ ကျန်တဲ့သူ တွေက အနောက်ကနေ ပံ့ပိုးတာတွေရှိပါတယ်ခင်ဗျ။ အခုစစ်တွေမြို့့ရုံးကနေ ကွပ်ကဲပြီး တော့ ဒေသအာဏာပိုင်လမ်းညွှန်မှုတွေနဲ့ ကျွန်တော်တို့က လိုအပ်တာကို ဆောင်ရွက်ပါ တယ်။
မေး- နောက်ဆုံးမေးခွန်းအနေနဲ့ အခုမိုခါမုန်တိုင်းဟာ နီးကပ်လာလေ ခန့်မှန်းချက်တွေ ကလည်း တိတိကျကျထွက်လာပြီးပေါ့နော်။တကယ့်လက်တွေ့မှာ ကူညီဆောင်ရွက်ပေး နေတဲ့သူတွေအနေနဲ့ အစ်ကိုအနေနဲ့ ဘာများဖြည့်စွက်ပြောစရာ ရှိပါသေးသလဲခင်ဗျ။
ဦးမြင့်ထွေး - ထိခိုက်မှုလျှော့ချနိုင်ဖို့ အနည်းဆုံးဖြစ်အောင်၊ နိုင်ငံတော်က ပြည်သူ တွေနဲ့ ပူးပေါင်းဆောင်ရွက်နေပါတယ်။ အဲဒီလိုအခြေအနေမျိုးမှာ ဖြစ်စေချင်တဲ့ဟာက နိုင်ငံတော်က ဘယ်လောက်ပဲပ့ံပိုးကူညီနေပါစေ ကျွန်တော်တို့ပြည်သူတွေကလည်း ပူး ပေါင်းပါဝင်ဖို့ လိုက်နာဖို့အတွက် အရေးကြီးဆိုတာ ထပ်လောင်းပြောချင်ပါတယ်။ ဘာဖြစ်လို့လဲဆိုရင် ပြည်သူတွေက ကျွန်တော်တို့ ဆောင်ရွက်လိုက်တဲ့အချိန်မှာ Information ပေးတဲ့အချိန်မှာ နားမလည်သယောင်နဲ့ နားလည်သယောင်နဲ့ လိုက်နာမှု အားနည်းမယ်ဆိုရင် ထိခိုက်မှုကို လျှော့ချဖို့ဆိုတာ နည်းသွားစေနိုင်တယ်။ ပြည်သူတွေ အနေနဲ့ အချိန်အားလျှော်စွာ ထုတ်ပြန်တဲ့သတင်းနဲ့အညီ ကူညီပံ့ပိုးတဲ့နေရာမှာ လိုက်နာ ဆောင်ရွက်မယ်ဆိုရင် ဒီမုန်တိုင်းကြီးက ဝင်လာတဲ့အခါမှာ ထိခိုက်၊ဆုံးရှုံးမှုတွေ လျော့ကျစေနိုင်မယ်၊ အသက်အန္တရာယ်ထိခိုက်တာ နည်းပါးစေနိုင်မယ်လို့ ကျွန်တော် တို့က ယူဆပါတယ်။ အဲဒီတော့ ပြည်သူလူထုအပေါင်းက ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ နိုင်ငံတော်၊အဖွဲ့အစည်းတွေနဲ့ အတူ ပူးပေါင်းပါဝင်ဆောင်ရွက်ကြပါလို့ တိုက်တွန်းပြော ကြားချင်ပါတယ်ခင်ဗျာ။