ရုရှားနှင့်ပတ်သက်ပြီး တရုတ်ကုမ္ပဏီများအပေါ် ပိတ်ဆို့မှုများချမှတ်ခြင်းကို ဆန့်ကျင်ကြောင်း ဥရောပသမဂ္ဂကို တရုတ် သတိပေး

ရုရှားနှင့်ပတ်သက်ပြီး တရုတ်ကုမ္ပဏီများအပေါ် ပိတ်ဆို့မှုများချမှတ်ခြင်းကို ဆန့်ကျင်ကြောင်း ဥရောပသမဂ္ဂကို တရုတ် သတိပေး
မေ ၉ ရက်က ဘာလင်တွင် တရုတ်နိုင်ငံခြားရေးဝန်ကြီး ချင်ကန်း(ဝဲ)နှင့် ဂျာမနီနိုင်ငံခြားရေးဝန်ကြီး ဘေယာဘော့တို့ ပူးတွဲသတင်းစာရှင်းလင်းပွဲ ပြုလုပ်နေစဉ် (Photo – AFP)
မေ ၉ ရက်က ဘာလင်တွင် တရုတ်နိုင်ငံခြားရေးဝန်ကြီး ချင်ကန်း(ဝဲ)နှင့် ဂျာမနီနိုင်ငံခြားရေးဝန်ကြီး ဘေယာဘော့တို့ ပူးတွဲသတင်းစာရှင်းလင်းပွဲ ပြုလုပ်နေစဉ် (Photo – AFP)
Published 10 May 2023
Ref: AFP

ရုရှားနှင့်ပတ်သက်ပြီး တရုတ်ကုမ္ပဏီ များအပေါ် ပိတ်ဆို့မှုများချမှတ်ခြင်းကို ဆန့်ကျင်ကြောင်း ဥရောပသမဂ္ဂကို တရုတ်က မေ ၉ ရက်တွင် သတိပေးခဲ့ပြီး ၎င်း၏ အကျိုးစီးပွားများကို ကာကွယ်ရန် လုပ်ဆောင်သွားမည်ဟု ပြောကြားခဲ့သည်။

တရုတ်ကုမ္ပဏီ ရှစ်ခုအပေါ် ဥရောပသမဂ္ဂက တားမြစ်ကန့်သတ်ချက်များ ပြုလုပ်ဖွယ်ရှိသည့် ဆွေးနွေးမှုများကို ရည်ညွှန်းပြီး တရုတ်နိုင်ငံခြားရေးဝန်ကြီး ချင်ကန်းက ပြောကြားရာတွင် အဆိုပါ ပိတ်ဆို့အရေးယူမှုကို ပြုလုပ်မည်ဆိုပါက တရုတ်သည် တရုတ်ကုမ္ပဏီများ၏ တရားဝင်မှုရှိသည့် အကျိုးစီးပွားများကို ခိုင်မာစွာကာကွယ်ရန် လိုအပ်သည့် တုံ့ပြန်မှုကို လုပ်ဆောင်သွားမည်ဟု ဆိုသည်။

တရုတ်နှင့် ရုရှားကုမ္ပဏီများသည် ပုံမှန် ပူးပေါင်းဆောင်ရွက်မှုများနှင့် ဖလှယ်မှုများပြုလုပ်နေပြီး ယင်းအခြေအနေကို ထိခိုက်စေခြင်းမရှိသင့်ကြောင်း ဘာလင်တွင် ဂျာမနီနိုင်ငံခြားရေးဝန်ကြီး အန်နာလီနာ ဘေယာဘော့နှင့် ဆွေးနွေးပွဲအပြီးတွင် ပြောကြားခဲ့ သည်။

အခြားနိုင်ငံများအနေဖြင့် ယင်းအခြေအနေအပေါ် ၎င်းတို့၏ ကိုယ်ပိုင်စည်းမျဉ်း စည်းကမ်းများချမှတ်ခြင်း သို့မဟုတ် တစ်ဖက်သတ်ဆန်သည့်လုပ်ရပ်များ လုပ်ဆောင်ခြင်းကို တရုတ်က ပြင်းထန်စွာကန့်ကွက်ကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။

ဥရောပသမဂ္ဂ သံအမတ်များသည် ယူကရိန်းအပေါ် ရုရှား၏ စစ်ပွဲဆင်နွှဲမှုနှင့်ပတ်သက်ပြီး ၁၁ ကြိမ်မြောက် ပိတ်ဆို့မှုများ ချမှတ်ရေးအတွက် မေ ၁၀ ရက်တွင် အစည်းအဝေးပြုလုပ်ခဲ့သည်။

ယင်းအစည်းအဝေးတွင် ဥရောပကော်မရှင်က ရုရှားကို ထိလွယ်ရှလွယ်ရှိသည့် နည်းပညာများ ရောင်းချနေသည်ဟု သံသယရှိရသည့် တရုတ်ကုမ္ပဏီ ရှစ်ခုအား ယင်းနည်းပညာများ ရောင်းချနေမှုကို ရပ်တန့်ရန် အကြံပြုခဲ့သည်ဟု အေအက်ဖ်ပီသတင်းဌာနက မြင်တွေ့ခဲ့သည့် မှတ်တမ်းတစ်ခုအရ သိရသည်။

ရုရှားကို လောလောလတ်လတ် ပိတ်ဆို့ မှုများချမှတ်ရေးအတွက် ဥရောပကော်မရှင် ဥက္ကဋ္ဌ ဗွန်ဒါလေယန်၏ ယူကရိန်းခရီးစဉ် မတိုင်မီ ဥရောပသမဂ္ဂက အဆိုပြုထားသည်။ အဆိုပြုထားသော အစီအမံများသည် ပိတ်ဆို့အရေးယူမှုများကို ရှောင်ကွင်းခြင်းအား ကိုင်တွယ်ဖြေရှင်းရန်ဖြစ်သည်ဟု အီးယူပြောရေး ဆိုခွင့်ရှိသူက ပြောကြားသည်။

မိုက်ခရိုချစ်ပြားများကဲ့သို့ စစ်မြေပြင်တွင် အသုံးပြုနိုင်သည့် ထိလွယ်ရှလွယ်ရှိသည့် နည်းပညာကို ရုရှားအား တတိယနိုင်ငံမှတစ်ဆင့် ပြန်လည်တင်ပို့ရောင်းချနေမှုကို တိုက်ဖျက်ရန် ဥရောပသမဂ္ဂက ဆန္ဒရှိနေသည်။

တရုတ်အစိုးရသည် ယူကရိန်းစစ်ပွဲကို အဆုံးသတ်ရန် ငြိမ်ချမ်းစွာ ဆွေးနွေးညှိနှိုင်းရေးအတွက် အမြဲတမ်းတိုက်တွန်းခဲ့သည်ဟု ချင်က ဘာလင်တွင် ပြောကြားခဲ့သည်။

ယင်းအကြောင်းအရာနှင့်ပတ်သက်ပြီး တရုတ်သည် ယူကရိန်းသို့ အထူးသံတမန်တစ်ဦး စေလွှတ်သွားမည်ဖြစ်ပြီး ဂျာမနီအနေနှင့်လည်း အပစ်အခတ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများအတွက် အားထုတ်ကြိုးပမ်းမှုများကို ပိုမိုလုပ်ဆောင်ရန် ချင်က တိုက်တွန်းခဲ့သည်။

သို့သော် ဘေယာဘော့ကမူ တရုတ်အနေဖြင့် ရုရှားကိုဆန့်ကျင်သည့် ရှင်းလင်းသည့် ရပ်တည်ချက်ကို ပြသရန် ပြောကြားခဲ့ပြီး စစ်ပွဲတွင် ကြားနေရပ်တည်မှုသည် ရုရှားဘက်မှ ရပ်တည်သည့်သဘောကို ဆောင်သည်ဟု သတိပေးခဲ့သည်။

ကြားနေရပ်တည်ခြင်းသည် ရုရှားဘက်မှ ရပ်တည်သည့်သဘောကို ဆောင်နေသဖြင့် မိမိတို့၏ မူဝါဒသည် နစ်နာသူများဘက်မှ ရပ်တည်မှုကို ရှင်းလင်းစွာ ပြသရေးဖြစ်သည်ဟု ဘေယာဘော့က ပြောကြားခဲ့သည်။

Most Read

Most Recent