မိုးလေဝသ အင်တာဗျူး

မိုးလေဝသ အင်တာဗျူး
Published 9 May 2023

လက်ရှိဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းမှာ ပိုမိုအားကောင်းလာပြီး မုန်တိုင်းငယ်အဖြစ်သို့လည်းကောင်း၊ ယင်းနောက် ဆိုင်ကလုန်းမုန်တိုင်းအဖြစ်သို့လည်းကောင်း ရောက်ရှိနိုင်ပြီး မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်ကမ်းရိုးတန်းများသို့ တိုက်ခတ်နိုင်သည်ဟု ခန့်မှန်းချက်များလည်း ထွက်ပေါ်နေရာ လတ်တလောအခြေအနေများနှင့်ပတ်သက်ပြီး မေ ၉ ရက် နံနက်တွင် မြန်မာနိုင်ငံမိုးလေဝသနှင့် ဇလဗေဒညွန်ကြားမှုဦးစီးဌာနမှ ညွန်ကြားရေးမှူးဦးလှထွန်းအား The Daily Eleven သတင်းစာက ဆက်သွယ်မေးမြန်းခဲ့ပါသည်။

မေး - အခုလက်ရှိ လေဖိအားနည်းရပ်ဝန်းအခြေအနေလေး ရှင်းပြပေးပါခင်ဗျ။

ဖြေး - ဒီနေ့ (မေ ၉ ရက်) နောက်ဆုံး နံနက် ၇ နာရီ ထုတ်ပြန်ချက်အရတော့ မနေ့က လေဖိအားနည်းရပ်ဝန်းဖြစ်တဲ့နေရာမှာပဲ လေဖိအားနည်းရပ်ဝန်းအဖြစ်ရှိနေသေးတယ်။ ဒီညနေ (မေ ၉ ရက်) လောက်မှာတော့ မုန်တိုင်းငယ်အဆင့်ဖြစ်မယ်လို့ ခန့်မှန်းရတာပေါ့နော်။

မေး - ဆရာတို့ ခန့်မှန်းချက်အရဆိုရင်လည်း မုန်တိုင်းငယ်ဖြစ်မယ်။ ပြီးတော့ မုန်တိုင်းအဖြစ် ပြောင်းလဲမယ်။ ပြီးတာနဲ့ ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာကမ်းရိုးတန်းကိုဖြတ်သန်းမယ်ဆိုပြီး ထုတ်ပြန်ထားတာပေါ့။ ဒါနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံအတွက်ဆိုရင် ဘယ်လိုအကျိုးသက်ရောက်မှုတွေ ဖြစ်လာနိုင်လဲဆရာ။

ဖြေး - မုန်တိုင်းက ဆိုင်ကလုန်းမုန်တိုင်းအဆင့်လောက် သူ့ထက်လည်း နည်းနည်း ပိုနိုင်တာပေါ့နော်။ ကျွန်တော်တို့ ထုတ်ထားတာလည်းရှိတယ်။ ၁၂ ရက် နေ့နောက်ပိုင်းမှာ မြန်မာ့ကမ်းရိုးတန်းနဲ့ နီးသွားမယ့်အနေအထားမှာရှိတယ်။ ၁၂ ရက်နေ့ မတိုင်ခင်အထိတော့ မြန်မာ့ကမ်းရိုးတန်းနဲ့ ဝေးနေသေးတဲ့အနေအထားမှာရှိတယ်။ ၁၂ ရက်နေ့နောက်ပိုင်းမှာ သူက (မုန်တိုင်း) ပြန်ကွေ့လာမယ့် သဘောမှာရှိတာပေါ့။ သူက အနောက်-အနောက်မြောက်ကိုသွားပြီး ပြန်ကွေ့တော့ မြောက်အရှေ့မြောက်ဖြစ်သွားတယ်။ အဲဒါကြောင့် မြန်မာ့ကမ်းရိုးတန်းနဲ့ နီးသွားတယ်။ ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းကို ၁၂ ရက် နေ့နောက်ပိုင်းမှာ ရောက်မယ်ဆိုတော့ အရှေ့အလယ်ပိုင်းဆိုတာ မြန်မာ့ကမ်းရိုးတန်းနဲ့ နီးတယ်။ အဲဒီလို ရောက်လာတဲ့အခါကျရင် ကျွန်တော်တို့နိုင်ငံက မုန်တိုင်းရဲ့ လက်ယာဘက်မှာရှိတော့ ကျန်တဲ့အပိုင်းတွေထက်စာရင် မုန်တိုင်းရဲ့ သက်ရောက်မှုကို ပိုခံရမယ်။ ဘယ်နေရာတွေ သက်ရောက်မှုရှိမလဲဆိုတော့ မုန်တိုင်းဒဲ့မဖြတ်ရင်တောင်မှ မုန်တိုင်းအဆောက်အဦး၊ မုန်တိုင်းအဆောက်အဦးကနေ ထွက်လာတဲ့ တိမ်တိုက်တွေကြောင့်ပေါ့ မုန်တိုင်းအရှိန်လို့ ပြောရမှာပေါ့၊ အဲဒါကြောင့် မုန်တိုင်းလက်ယာဘက်မှာရှိတဲ့ ကျွန်တော်တို့အတွက်က လေပြင်းတိုက်တာတွေ မုန်တိုင်းဒဲ့ဖြတ်တဲ့အချိန်မှာတော့ လေပြင်းတိုက်မှုကတော့ နည်းမှာပေါ့နော်။ ဆိုတော့ ရခိုင်မြောက်ပိုင်းနဲ့ ဘင်္ဂလားဒေ့ရှ်ကမ်းပေါ့နော် အဲဒီနေရာကို မုန်တိုင်းကရောက်မယ်။ ဘယ်ကိုဖြတ်မလဲဆိုတာကတော့ မပြောနိုင်သေးဘူး။ အခုကတော့ စောင့်ကြည့်နေရတာပေါ့။ ထုတ်ပြန်ချက်တွေမှာတော့ တဖြည်းဖြည်းနဲ့ ပါလာမှာပေါ့နော်။ အခုခန့်မှန်းချက်အရ ၁၄ ရက်နေ့မှာ မုန်တိုင်းက ဘင်္ဂလားဒေ့ရှ်ကို ရောက်မယ်ဆိုတော့ ရက်ကနည်း နည်းခြားနေသေးတာပေါ့နော်။ နောက်ရက်တွေမှာတော့ ပိုပြီးတော့ မုန်တိုင်း ဘယ်နေရာကို ဖြတ်နိုင်သလဲဆိုတာကို သိရမှာပေါ့။ အခုက မြန်မာနဲ့ဘင်္ဂလားဒေ့ရှ်ကမ်းခြေကို ရောက်မယ်ပြောတာ။ မုန်တိုင်းဖြတ်မယ်လို့ ပြောတာမဟုတ်သေးဘူး။ အဲဒါလေးတစ်ခုရှိမယ်။ အဲဒီတော့ ကျွန်တော်တို့က မုန်တိုင်းရဲ့ လက်ယာဘက်ဖြစ်တဲ့အတွက် ရခိုင်တို့ ပဲခူး၊ ရန်ကုန်၊ ဧရာဝတီ အဲဒီနေရာတွေကတော့ မုန်တိုင်းဒဏ်၊ မုန်တိုင်းရဲ့အရှိန်ကို ခံရမယ်။ လေပြင်းတိုက်တာတွေ ဖြစ်နိုင်တယ်။ အဓိက မိုးသည်းထန်စွာ ရွာတာတွေ ရှိနိုင်တယ်။

မေး - သဘာဝဘေးအန္တရာယ်တွေထဲမှာ ငလျင်ကကျတော့ ကြိုမသိနိုင်တဲ့ အမျိုးအစားထဲမှာ ပါတယ်။ မုန်တိုင်းကျတော့ ကြိုသိနိုင်တဲ့အခြေအနေမှာရှိတာပေါ့နော်။ မုန်တိုင်းတစ်ခုက နေရာဒေသတစ်ခုကို ဖြတ်မယ်ဆိုရင် အကြမ်းဖျင်းအရဆို ဘယ်နှရက်လောက် ကြိုသိနိုင်မလဲ ဆရာ။

ဖြေး - မုန်တိုင်းဆိုတာက အနည်းဆုံးပြင်ဆင်ချိန်က သုံးရက်လောက်ဆိုရင်ကြို ရှောင်လို့ရပြီ။ ကြိုသိနိုင်တဲ့ အရာပေါ့။ မုန်တိုင်းက။ အခုဖြစ်စဉ်ဆိုရင် ကျွန်တော်တို့ အခုမှ ၉ ရက်ပဲရှိသေးတယ်။ ကျွန်တော်တို့ ခန့်မှန်းတာက ကမ်းရိုးတန်းတွေကို ဝင်လာနိုင်တယ်ဆိုတာ ခန့်မှန်းနိုင်ပြီ။ ခုနက ကျွန်တော်ပြောသလို မုန်တိုင်းရဲ့သဘောသဘာဝကို သိဖို့လိုမယ်။ မုန်တိုင်းဖြတ်တဲ့ လမ်းကြောင်းရဲ့ လက်ယာဘက်မှာရှိတဲ့နေရာတွေက မုန်တိုင်းရဲ့ အရှိန်ကို ကောင်းကောင်းကြီးခံရတယ်။ ဒါက သိနိုင်တဲ့အချက်တွေပေါ့။ ဒါကြောင့်မို့လို့ ကျွန်တော်တို့က ထုတ်ပြန်မယ်။ မုန်တိုင်းနဲ့ ပတ်သက်တာပေါ့။ အခုက လေဖိအားနည်းရပ်ဝန်းအဆင့်ပဲရှိသေးတော့ မုန်တိုင်းအရောင်တွေ ဘာတွေ မပါသေးဘူး။ မုန်တိုင်းငယ်ဖြစ်သွားရင် အရောင်နဲ့ ပြောမယ်။ ကျွန်တော်တို့ရဲ့ မုန်တိုင်းနဲ့ ပတ်သက်ပြီးတော့ မုန်တိုင်းသတင်းဆိုရင် ဒါကသတိပေးချက်မဟုတ်သေးနော်။ မုန်တိုင်းသတင်းဆိုရင် မြန်မာ့ကမ်းရိုးတန်းဘက်ကို မချဉ်းကပ်သေးဘူး။ မုန်တိုင်းသတိပေးချက်ဆိုရင် ဒါကမြန်မာ့ကမ်းရိုးတန်းမှာ အန္တရာယ်ရှိိနိုင်တယ်။ ဒါက သတိပေးချက်ပေါ့။ အဲဒီမှာ အဝါရောင်၊ လိမ္မော်ရောင်၊ အနီရောင်အဆင့်တွေကို ထုတ်ပြန်ရပြီ။ အနီရောင်အဆင့်ဖြစ်ပြီဆိုတာနဲ့ ဒါကြိုတင်ပြင်ဆင်ရေးတွေ လုပ်ထားရမယ်။ ကျွန်တော်တို့က အနီရောင်အဆင့်ဆိုတာနဲ့ မုန်တိုင်းက ကမ်းကို ၁၂ နာရီအတွင်း ဖြတ်တော့မယ် ကြိုတင်ပြင်ဆင်ထားရတော့မယ်။ ကုန်းမြင့်နေရာတွေ ရှာတာတို့ မုန်တိုင်း Shelter တွေကို ရှာထားတာတို့ပေါ့။ ဒါကလက်ရှိမှာ ရှာထားဖို့အဆင့်တွေပေါ့။ ရယ်ဒီအဆင့်ပေါ့။ လိုအပ်တဲ့အစားအသောက်ဆေးဝါးတွေ ပြင်ဆင်ရမယ့်အဆင့်ပေါ့။ ဒါက မုန်တိုင်းဖြတ်မယ့် နေရာဒေသတွေကို ပြောတာ။ ကျန်တဲ့နေရာတွေက မုန်တိုင်းမဖြတ်ဘဲနဲ့ မုန်တိုင်းအရှိန်ခံရမယ့်နေရာတွေက ဒါလောက်တော့ မလုပ်ရဘူး။ မိုးသည်းထန်စွာရွာတာ တွေတော့ရှိမှာပေါ့။ အဲဒီတော့ မုန်တိုင်းဖြတ်တော့မယ်ဆိုရင် ၁၂ နာရီအတွင်း Shelter တွေကို သွားရမယ်။ ပစ္စည်းတွေကို ထုတ်ပိုးပြင်ဆင်ရတော့မယ်။ ဒါက သူတို့ရဲ့ Step by Step အဆင့်တွေပေါ့။ မုန်တိုင်းနဲ့ ပတ်သက်ပြီး ဘယ်လောက်အထိ ကြိုသိရသလဲဆိုရင် အခုကတည်းက သိရပြီ။ သို့သော် မုန်တိုင်းက ဘယ်ကိုဖြတ်သန်းမလဲဆိုတာကတော့ အချိန်နည်းနည်းစောနေသေးတော့ နည်းနည်းအပြောင်းအလဲရှိနိုင်သေးတယ်။ အခုချိန်က Range တစ်ခုတည်းမှာပဲ ရှိနေသေးတယ်။

မေး - ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်တဲ့မုန်တိုင်းတွေကို မြန်မာနိုင်ငံကို ဘယ်လောက်အထိ အကျိုးသက်ရောက်မှုတွေရှိသလဲဆရာ။

ဖြေး - ဒါက ကာလအပေါ်မှာ မူတည်တယ်။ ဘင်္ဂလားပင်လယ်အော်မှာဖြစ်တဲ့ မုန်တိုင်းတွေက မိုးကြိုကာလနဲ့ မိုးနှောင်းကာလမှာ တခြားကာလတွေ ထက်စာရင် မြန်မာနိုင်ငံကို အကျိုးသက်ရောက်မှုပိုများတယ်။ အခုမိုးကြိုကာလထဲမှာရောက်နေတာပေါ့။ ဧပြီ၊ မေ။ မိုးနှောင်းဆိုရင် အောက်တိုဘာ၊ နိုဝင်ဘာ။ အဲဒီကာလတွေမှာ ဘင်္ဂလားပင်လယ်အော်မှာဖြစ်တဲ့ မုန်တိုင်းတွေက မြန်မာနိုင်ငံဘက်ကို လာတာများတယ်။ ဒါကြောင့်မို့လို့ ဒီမိုးကြိုကာလကို သတိပေးတာ။ ဒါက မြန်မာနိုင်ငံရဲ့ မုန်တိုင်းရာသီလို့လည်း ပြောလို့ရတယ်။ ဒီကာလမှာဖြစ်တဲ့ မုန်တိုင်းတွေက နှစ်ပေါင်းများစွာ အချက်အလက်တွေအရ  လမ်းကြောင်းတွေအရ ကြည့်လိုက်ရင် ဘင်္ဂလားဒေ့ရှ်က ပထမသွားတယ်။ နောက်ကလိုက်တာ မြန်မာပဲ။ ကျန်တဲ့ဟာက ကျန်တဲ့နိုင်ငံတွေပေါ့။ အိန္ဒိယဘက်က ကမ်းခြေတွေကို သွားတာများတယ်။ အဲဒီတော့ မြန်မာက မုန်တိုင်းတွေရဲ့ ဒုတိယဦးစားပေးလို့ ပြောလို့ရတယ်။ ပထမကတော့ ဘင်္ဂလားဒေ့ရှ်ပေါ့။ မြန်မာမှာမှ ရခိုင်ပဲ။ ဒါကြောင့် သတိထားဖို့ လိုတယ်လို့ပြောရတာ။

မေး - အခုလက်ရှိ မြန်မာနိုင်ငံရဲ့ အချို့နေရာတွေမှာတော့ အပူချိန်မြင့်တက်တာတွေရှိနေတော့ မုန်တိုင်းရဲ့အရှိန်ကြောင့် ရာသီဥတုအပြောင်းအလဲများ ဖြစ်လာနိုင်မလားခင်ဗျ။

ဖြေး - မုန်တိုင်းကြောင့်တော့ မိုးများမယ်။ မိုးများရင်တော့ အပူချိန်ကျသွားမှာပေါ့။ မိုးက ရှေ့ပိုင်းတွေမှာလည်း ရွာဖို့ရှိတယ်။ ၁၂ ရက်နေ့နောက်ပိုင်းတွေမှာတော့ ပိုရွာမှာပေါ့။ ပြောရမယ်ဆိုရင် ၁၁ ရက်ကနေ ၁၅ ရက်အတွင်းမှာ မြန်မာနိုင်ငံ နေရာအနှံ့အပြားမှာ မိုးရွာတာတွေရှိမယ်။ ကမ်းရိုးတန်းဘက်ကဆိုရင် နေရာကွက်ပြီး မိုးကြီးတာတွေဖြစ်နိုင်တယ်။ ပြောရမယ်ဆို မြန်မာပြည်အနှ့ံအပြားမှာတော့ မိုးရွာနိုင်တယ်။ မိုးသည်းထန်မယ့်နေရာတွေက မြန်မာနိုင်ငံအနောက်ဘက်ခြမ်းပေါ့။ ရခိုင်ပါမယ်။ ရခိုင်ကတော့ မုန်တိုင်းလမ်းကြောင်းနဲ့နီးတဲ့နေရာပေါ့။ ဒီဘက်မှာကပ်နေတဲ့ မကွေးတို့ မြစ်ဝကျွန်းပေါ်၊ ပဲခူး၊ ရန်ကုန်၊ ဧရာဝတီ ဒါတွေက မုန်တိုင်းအရှိန်ကြောင့် မိုးများများရွာနိုင်တဲ့ ဧရိယာတွေပေါ့။ အဓိကကတော့ မုန်တိုင်းရဲ့ လက်ယာဘက်အခြမ်းမှာရှိနေတော့ မိုးက အနည်းနဲ့အများ ရွာမှာပဲ။ ကျိန်းသေတယ်။ လေလည်း နည်းနည်းပါလိမ့်မယ်။ မုန်တိုင်းဖြတ်မယ့်နေရာလောက်တော့ မဆိုးဘူးပေါ့။

မေး - မြန်မာနိုင်ငံသားတွေက မုန်တိုင်းနဲ့ပတ်သက်ရင် နာဂစ်လိုအင်အားကြီး မုန်တိုင်းကို ကြုံခဲ့ရတာပေါ့။ အခုဆိုရင် မုန်တိုင်းနဲ့ပတ်သက်ရင် သတင်းတွေ အများကြီးလည်း ထွက်နေတာပေါ့။ မုန်တိုင်းနဲ့ပတ်သက်ပြီး ဘာတွေသတိထားရမလဲဆိုတာ ပြောကြားပေးပါဦးဆရာ။

ဖြေး - ကျွန်တော်တို့က နာဂစ်နဲ့ ပတ်သက်ရင်လည်း အချက်အလက်တွေ ထုတ်ပြန်ပေးခဲ့ဖူးတယ်။ အဲဒီတုန်းကတော့ Awaness အပိုင်းမှာ လျော့ခဲ့တာပေါ့။ ကြိုတင်ပြင်ဆင်မှုအပိုင်းတွေမှာ အားနည်းခဲ့တာက အဓိကအချက်ပေါ့။ အခုချိန်မှာ ပြည်သူတွေက Awaness အပိုင်းမှာရှိလာပြီ။ ဒါပေမဲ့ အခုချိန်မှာ ဟိုကထွက်လာတဲ့သတင်း ဒီကထွက်လာတဲ့သတင်းတွေများလာတယ်။ မှန်ကန်တဲ့သတင်းတွေဖြစ်လာဖို့တော့ လိုတာပေါ့။ မိုးလေဝသသတင်းက ရာနှုန်းပြည့် မှန်ကန်တယ်ဆိုတာတော့ မရှိပါဘူး။ သို့သော်လည်း အနီးစပ်ဆုံးမှန်ကန်နိုင်တဲ့သတင်းတွေ စောင့်ကြည့်ဖို့လိုတယ်။ အခုကသတင်းတွေက များနေတော့ ရန်ကုန်တက်မယ်၊ ဧရာဝတီတက်မယ်ဆိုတာတွေဖြစ်နေတာပေါ့။ ဒါလည်း Awaness ရှိရမှာပေါ့။ သို့သော် စောင့်ကြည့်ဖို့တော့ လိုတာပေါ့။ ကျွန်တော်တို့ ခန့်မှန်းချက်ကလည်း မုန်တိုင်းဆိုတာ အချိန်မရွေးလမ်းကြောင်းပြောင်းနိုင်တယ်။ ဘာပဲပြောပြော မိုးလေဝသတင်းကို နားထောင်ကြပါ။ မိုးလေဝသသတင်းကလည်း တွေ့တာကို တွေ့တဲ့အတိုင်း ပြောတာက ပြောရမယ်ဆိုရင် မုန်တိုင်းခန့်မှန်းတယ်၊ မိုးလေဝသခန့်မှန်းတယ်ဆိုတာ အဲဒီလောက်မရိုးရှင်းပါဘူး။ သူ့ရဲ့ ကျန်တဲ့အချက်အလက်တွေကို ထည့်သွင်းစဉ်းစားရတာရှိတယ်။ ဘာပဲပြောပြော မိုးလေဝသသတင်းကို ကျွန်တော်တို့က တခြားအချက်အလက်တွေကိုလည်း ထည့်သွင်းစဉ်းစားပြီး ထုတ်ပြန်နေတာဆိုတော့ အနီးစပ်ဆုံး ခန့်မှန်းချက်တွေပေးနေတာဆိုတော့ မိုးလေဝသသတင်းကို နားထောင်ပါလို့ပဲ ပြောချင်တယ်။

အခုလို ဖြေကြားပေးတာ ကျေးဇူးတင်ပါတယ်ဆရာ။

Most Read

Most Recent