WHO က COVID-19 ဇာစ်မြစ်ရှာဖွေမှုတွင်ဦးဆောင်သည့် သိပ္ပံပညာရှင်တစ်ဦးကို လိင်ပိုင်းဆိုင်ရာလက်မခံနိုင်သော အပြုအမူအတွက် ရာထူးမှထုတ်ပယ်

WHO က COVID-19 ဇာစ်မြစ်ရှာဖွေမှုတွင်ဦးဆောင်သည့် သိပ္ပံပညာရှင်တစ်ဦးကို လိင်ပိုင်းဆိုင်ရာလက်မခံနိုင်သော အပြုအမူအတွက် ရာထူးမှထုတ်ပယ်
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၉ ရက်က တရုတ်နိုင်ငံ ဝူဟန်မြို့တွင် ပြုလုပ်သည့်သတင်းစာရှင်းလင်းပွဲ၌ ပီတာဘန်အမ်ဘာရက်အား တွေ့ရစဉ် (Photo – AFP)
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၉ ရက်က တရုတ်နိုင်ငံ ဝူဟန်မြို့တွင် ပြုလုပ်သည့်သတင်းစာရှင်းလင်းပွဲ၌ ပီတာဘန်အမ်ဘာရက်အား တွေ့ရစဉ် (Photo – AFP)
Published 6 May 2023
Ref: AFP

ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါ၏ မူလဇာစ်မြစ်ကို ပူးပေါင်းရှာဖွေရန်အတွက်လွန်ခဲ့သည့်နှစ်နှစ်က တရုတ်နိုင်ငံသို့ သွားရောက်ခဲ့သော ခရီးစဉ်တွင် ဦးဆောင်ခဲ့သည့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)မှသိပ္ပံပညာရှင်တစ်ဦးကို လိင်ပိုင်းဆိုင်ရာလက်မခံနိုင်သော အပြုအမူအတွက် ရာထူးမှထုတ်ပယ်ခဲ့သည်ဟု WHO ကပြောကြားခဲ့သည်။

တရုတ်နိုင်ငံတွင် သိပ္ပံပညာရှင်များနှင့် ပူးပေါင်းအဖွဲ့ကို WHO ဘက်မှဦးဆောင်ခဲ့သူ ပီတာဘန်အမ်ဘာရက်အား လွန်ခဲ့သည့်နှစ်က ထုတ်ပယ်ခဲ့သည်ဟု WHO ကပြောကြားခဲ့သည်။

လိင်ပိုင်းဆိုင်ရာ ကျူးလွန်သည့်ဖြစ်စဉ်များသည် သတင်းများတွင် ဆက်တိုက်ပေါ် ထွက်လာခဲ့ပြီးနောက် မကြာသေးမီလများအတွင်း WHO က ၎င်းတို့အနေဖြင့်လိင်ပိုင်းဆိုင်ရာညှင်းပန်းနှိပ်စက်မှုများ၊ အမြတ်ထုတ်မှုများနှင့် နှောင့်ယှက်မှုများကို အမြစ်ဖျက်ချေမှုန်းရန် ကြိုးစားအားထုတ်မှုများကို အရှိန်မြှင့်တင်ဆောင်ရွက်နေသည်ဟု ပြောကြားခဲ့သည်။

ပီတာဘန်အမ်ဘာရက်ကို လိင်ပိုင်းဆိုင်ရာလက်မခံနိုင်သောအပြုအမူများရှိကြောင်း တွေ့ရှိခဲ့ပြီးနောက် ရာထူးမှထုတ်ပယ်ခဲ့ပြီး စည်းကမ်းထိန်းသိမ်းရေးလုပ်ငန်းစဉ်များကို ဆောင်ရွက်နေသည်ဟု ပြောရေးဆိုခွင့်ရှိသူ မာရှာပိုလီက ပြောကြားခဲ့သည်။

“တွေ့ရှိချက်တွေကတော့ WHO စုံစမ်းစစ်ဆေးရေးအဖွဲ့က ၂၀၁၈ ခုနှစ်မှာပထမဆုံး လက်ခံရရှိတဲ့ ၂၀၁၅ ခုနှစ်နဲ့ ၂၀၁၇ ခုနှစ်က စွပ်စွဲမှုဖြစ်စဉ်တွေနဲ့ ဆက်စပ်နေပါတယ်”ဟု ဆိုသည်။

ကျူးလွန်ခံရသူများသည် စုံစမ်းစစ်ဆေးရေးဖြစ်စဉ်တွင် ပူးပေါင်းပါဝင်ရန် ဆန္ဒမရှိသောကြောင့် အခြားစွပ်စွဲချက်များနှင့်ပတ်သက်၍ အပြည့်အဝစုံစမ်းစစ်ဆေးနိုင်ခြင်းမရှိကြောင်း ၎င်းကပြောကြားခဲ့သည်။

ဘန်အမ်ဘာရက်သည် မေ ၄ ရက်က ၎င်းအားဖုန်းခေါ်ဆိုမှု သို့မဟုတ် စာတိုပေးပို့မှုများကို ချက်ချင်းတုံ့ပြန်ခဲ့ခြင်းမရှိပေ။ယင်း သတင်းကို Financial Times တွင်ပထမဆုံး ဖော်ပြခဲ့ခြင်းဖြစ်သည်။

၂၀၂၁ ခုနှစ် အစောပိုင်းက တရုတ်နိုင်ငံသို့ သွားရောက်ခဲ့သော WHO ၏ နိုင်ငံတကာအဖွဲ့ကို ဘန်အမ်ဘာရက်က ဦးဆောင်ခဲ့ပြီး ၎င်းတို့သည် ပထမဆုံးကိုရိုနာဗိုင်းရပ်စ်လူ သာတွင် ကူးစက်မှုဖြစ်စဉ်ပေါ်ပေါက်ခဲ့သည့် ဝူဟန်မြို့ရှိ ဟွာနန်းစျေးကို သွားရောက်ခဲ့သည့်အပြင် ဗိုင်းရပ်စ်သည်ပထမဆုံးလူများကိုမည်ကဲ့သို့ ဖျားနာစေကြောင်းဖော်ထုတ်ရန်အတွက် တရုတ်သိပ္ပံပညာရှင်များနှင့်အနီးကပ်ပူးပေါင်းဆောင်ရွက်ခဲ့သည်။

ယင်းအဖွဲ့သည် COVID-19 အား လင်းနို့များမှ အခြားတိရစ္ဆာန်များကနေတစ်ဆင့် လူသားများထံ ကူးစက်လာခြင်းဖြစ်ဖွယ်ရှိကြောင်း ၂၀၂၁ ခုနှစ်မတ်လက အစီရင်ခံစာ ထုတ်ပြန်ခဲ့ပြီး ဓာတ်ခွဲခန်းမှဗိုင်းရပ်စ်ယိုစိမ့် ထွက်လာသည်ဟူသည့် ယူဆချက်ကိုပယ်ချခဲ့သည်။

WHO အကြီးအကဲ တက်ဒရိုအာဒါနွန် ဂီဘရီယေဆုအပါအဝင် တာဝန်ရှိသူများက COVID-19 ၏မူလဇာစ်မြစ်ကို ရှင်းလင်းစွာ မသိရသေးကြောင်းပြောကြားခဲ့ပြီး ဓာတ်ခွဲခန်းမှ ယိုစိမ့်ထွက်လာသည့် ယူဆချက်ကိုလည်း ပယ်ချခဲ့ခြင်းမရှိပေ။

တိရစ္ဆာန်မှ လူသားများထံရောဂါကူးစက်မှုတွင် ဒိန်းမတ်နိုင်ငံသား ကျွမ်းကျင်ပညာရှင်ဖြစ်သည့်ဘန်အမ်ဘာရက်က သူသည် စျေးအနီးရှိ တရုတ်ဓာတ်ခွဲခန်းတစ်ခုနှင့် ပတ်သက်၍စိုးရိမ်ကြောင်း ဒိန်းမတ်ရုပ်သံအစီအစဉ်တစ်ခုတွင် ၂၀၂၁ ခုနှစ်ကုန်ပိုင်းက ပြောကြားခဲ့သည်                               

Most Read

Most Recent