သမ္မတပူတင်၏ကရင်မလင်ဂေဟာကို ဒရုန်းတိုက်ခိုက်မှုလုပ်ဆောင်ရန် အမေရိကန် စီစဉ်ညွှန်ကြားသည်ဟု ရုရှားအစိုးရက စွပ်စွဲ

သမ္မတပူတင်၏ကရင်မလင်ဂေဟာကို ဒရုန်းတိုက်ခိုက်မှုလုပ်ဆောင်ရန် အမေရိကန် စီစဉ်ညွှန်ကြားသည်ဟု ရုရှားအစိုးရက စွပ်စွဲ
ကရင်မလင်ဝင်းထဲက အထင်ကရအဆောက်အအုံတစ်ခုဖြစ်သည့် ဆီးနိတ်နန်းတော်အခုံးပေါ်ကို လူများတက်နေပုံကို မေလ ၃ ရက်က တွေ့ရစဉ် (Photo – AFP)
ကရင်မလင်ဝင်းထဲက အထင်ကရအဆောက်အအုံတစ်ခုဖြစ်သည့် ဆီးနိတ်နန်းတော်အခုံးပေါ်ကို လူများတက်နေပုံကို မေလ ၃ ရက်က တွေ့ရစဉ် (Photo – AFP)
Published 5 May 2023
Ref: AFP

ကရင်မလင်ကို ဒရုန်းဖြင့်တိုက်ခိုက်မှု အား အမေရိကန်စီစဉ်ညွှန်ကြားသည်ဟု မေ လ ၄ ရက်တွင် ရုရှားက စွပ်စွဲလိုက်ပြီး ရုရှား နယ်မြေတွင် ယူကရိန်း အဖျက်အမှောင့်လုပ်ရပ်သည် မကြုံစဖူး အရှိန်အဟုန်ကို ရောက် ရှိနေသည်ဟုဆိုသည်။

တိုက်ခိုက်မှုဖြစ်ပွားပြီးနောက် သမ္မတဗလာဒီမာပူတင်သည် ကရင်မလင်မှ အလုပ်လုပ်နေသည် ရုရှားအစိုးရက ပြောကြားပြီး ယင်းတိုက်ခိုက်မှုသည်ပူတင်ကို သတ်ရန် ယူကရိန်းကြိုးပမ်းမှုဖြစ်သည်ဟုဆိုသည်။

“ဒီလိုမျိုး တိုက်ခိုက်မှုတွေနဲ့ပတ်သက်ပြီး ဆုံးဖြတ်ချက်တွေကို ကိယက်ဗ်က ချမှတ်တာ မဟုတ်ပေမယ့် ၀ါရှင်တန်မှာ ချမှတ်တာဖြစ်ပါတယ်”ဟု ရုရှားအစိုးရပြောရေးဆိုခွင့်ရှိသူ ဒီမီထရီပက်စကော့က ပြောကြားသည်။

“လုပ်ပါလို့ ပြောတဲ့ဟာကို ကိယက်ဗ်ကပဲလုပ်ရတာဖြစ်ပါတယ်။ ဒါကို ကျွန်တော်တို့ သိထားတယ်ဆိုတာ ၀ါရှင်တန်က ရှင်းရှင်းလင်းလင်း နားလည်ထားသင့်ပါတယ်”ဟု ၎င်းကပြောကြားခဲ့သည်။

“ကျွန်တာ်တို့က ပူတင် ဒါမှမဟုတ် ရုရှားကို မတိုက်ပါဘူး။ ကျွန်တော်တို့ရဲ့မြို့ရွာတွေကိုပဲ ကျွန်တော်တို့ ခုခံကာကွယ်တာဖြစ်ပါတယ်”ဟု ယူကရိန်းသမ္မတ ဗိုလိုဒီမာဇယ်လန်းစကီးက ပြောကြားသည်။

အမေရိကန်ပြည်ထောင်စုကလည်း ဒရုန်းဖြင့်တိုက်ခိုက်မှုတွင် ပါဝင်ပတ်သက်မှု မှန်သမျှကို ငြင်းဆန်ထားသည်။

“ပက်စကော့က လိမ်ပြောနေတာပါ။ ရိုးရိုးရှင်းရှင်း လိမ်နေတာပါ”ဟု အိမ်ဖြူတော် အမျိုးသားလုံခြုံရေးကောင်စီအတွက် ပြောရေးဆိုခွင့်ရှိသူ ဂျွန်ကာဘီက MSNBC ကို ပြောကြားသည်။

ကိယက်ဗ်သည်အမေရိကန်ပြည်ထောင်စုထံမှ ညွှန်ကြားချက်များကို အကောင်အထည်ဖော်နေသည်ဟု ယူကရိန်း၌ တစ်နှစ်ကျော်ကြာ လုပ်ဆောင်နေသော ထိုးစစ်တစ်လျှောက်လုံးတွင် ရုရှားက ပြောကြားလျက်ရှိပြီး ကိုယ်စားပြုစစ်ပွဲဖြင့် အနောက်က ရုရှားကို စစ်မက်ဆင်နွှဲနေခြင်းဖြစ်သည်ဟု မော်စကိုက စွပ်စွဲလျက်ရှိသည်။

ရုရှားသည် ပဋိပက္ခကိုအရှိန်မြှင့်ရန် ဤစွပ်စွဲထားသော တိုက်ခိုက်မှုကို အသုံးမချရန် နောက်ထပ် ယူကရိန်းမိတ်ဆွေဖြစ်သော ဥရောပသမဂ္ဂပြည်ပမူဝါဒအကြီးအကဲဂျိုးဆက်ဘော်ရယ်က သတိပေးထားသည်။

နိုင်ငံ၏အရေးအပါဆုံးအားလပ်ရက်ဖြစ်ပြီး နာဇီကို ဆိုဗီယက်အောင်ပွဲရသည့် အထိမ်းအမှတ်နေ့ဖြစ်သောမေလ ၉ ရက်တွင် အောင်ပွဲများမကျင်းပမီ ကြီးကြီးမားမား အဖျက်အမှောင့် တိုက်ခိုက်မှုများ ဆက်တိုက်ဖြစ်ပွားခဲ့ပြီးနောက် အထက်ပါဒရုန်းတိုက်ခိုက်မှုဖြစ်ရပ်ဖြစ်ပွားခြင်းဖြစ်သည်ဟု ရုရှားအစိုးရက ထုတ်ပြန်သည်။

ပေါက်ကွဲမှုများကြောင့် လမ်းချော်သွားသောရထားများနှင့် ရုရှားပြည်ထောင်စုထဲထည့်သွင်းထားသော ခရိုင်းမီးယားတွင် ကြီးကြီးမားမား မီးလောင်မှုများအပါအဝင် သိသာထင်ရှားသည့် အဖျက်အမှောင့် တိုက်ခိုက်မှုများ ငါးရက်ကြာဖြစ်ပွားခဲ့ပြီးနောက် ကရင်မလင်ကို ဒရုန်းတိုက်ခိုက်မှုဖြစ်ပေါ်လာခြင်းဖြစ်သည်။

ပူတင် ထိခိုက်ခြင်းမရှိကြောင်း၊ ထိခိုက်ဒဏ်ရာရသူမရှိကြောင်း ရုရှားအစိုးရ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ မည်သည့်နေရာတွင်ဖြစ်စေ၊ မည်သည့်အချိန်တွင်ဖြစ်စေ လိုအပ်သည်ဟု ယူဆပါက ရုရှားသည် လက်တုံ့ပြန်သည့် အစီအမံများကို ချမှတ်ပိုင်ခွင့်ရှိသည်ဟု ထုတ်ပြန်ထားသည်။   

Most Read

Most Recent