အနည်းဆုံးလူ ၅၅၀ သေဆုံးထားသည့် ဆူဒန်စစ်ပွဲကို ဟန့်တားရန် မိမိတို့ ပျက်ကွက်ခဲ့သည်ဟု ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ် ပြောကြား

အနည်းဆုံးလူ ၅၅၀ သေဆုံးထားသည့် ဆူဒန်စစ်ပွဲကို ဟန့်တားရန် မိမိတို့ ပျက်ကွက်ခဲ့သည်ဟု ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ် ပြောကြား
နိုင်ရိုဘီမြို့တွင် သတင်းထောက်များကို ရှင်းလင်းပြောကြားနေသည့် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်ကို  မေ ၃ ရက်က တွေ့ရစဉ် (Photo – AFP)
နိုင်ရိုဘီမြို့တွင် သတင်းထောက်များကို ရှင်းလင်းပြောကြားနေသည့် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်ကို  မေ ၃ ရက်က တွေ့ရစဉ် (Photo – AFP)
Published 4 May 2023
Ref: AFP

ပြိုင်ဘက်ဗိုလ်ချုပ်ကြီးများအကြား အဆက်မပြတ်ဖြစ်ပွားနေသော တိုက်ခိုက်မှုက အပစ်ရပ်စဲရေးကို ခိုုင်မာအောင်လုပ်ဆောင်ရန် ကြိုးပမ်းအားထုတ်မှုများကို အားနည်းစေသော ဆူဒန်နိုင်ငံတွင် စစ်ပွဲဖြစ်ပွားခြင်းကို ဟန့်တားရန် မိမိတို့ ပျက်ကွက်ခဲ့သည်ဟု မေလ ၃ ရက်တွင် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်က ထုတ်ဖော်ပြောကြားသည်။

“အရပ်ဘက် အသွင်ကူးပြောင်းရေးအတွက် စေ့စပ်ဆွေးနွေးတာတွေ အောင်မြင်လိမ့်မယ်လို့ ကုလသမဂ္ဂနဲ့ အခြားသူတွေက မျှော်လင့်ထားတာကြောင့် ဆူဒန်ပဋိပက္ခဟာ ကုလသမဂ္ဂကို အံ့အားသင့်စေပါတယ်” ဟု ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီ ယိုဂူတာရက်စ်က နိုင်ရိုဘီမြို့တွင် သတင်းထောက်များကို ပြောကြားသည်။

“ကျွန်တော်တို့နဲ့ အခြားသူတွေက ဒါဖြစ်လာမှာမဟုတ်ဘူးလို့ အတိုင်းအတာတစ်ခုအထိ မျှော်လင့်ထားတာပါ။ စစ်ပွဲမဖြစ်အောင်လုပ်ဖို့ ကျွန်တာ်တို့ ပျက်ကွက်ခဲ့တယ်လို့ ပြောရပါမယ်”ဟု အတွင်းရေးမှူးချုပ်က ပြောကြားသည်။

“တော်တော်လေး ဒုက္ခခံစားထားရတဲ့ ဆူဒန်လိုနိုင်ငံဟာ လူနှစ်ယောက် အာဏာအားပြိုင်တဲ့အတွက် ဒုက္ခအရောက်ခံလို့ မရပါဘူး”ဟု ၎င်းက ဆက်လက်ပြောကြားသည်။

ယခုအခါ တတိယ သီတင်းပတ်ထဲဝင်ရောက်လာပြီဖြစ်သော ဝရုန်းသုန်းကားအခြေအနေများနှင့် သေကျေဒဏ်ရာရမှုတို့က ဆူဒန်ပြည်သူ ထောင်ပေါင်းများစွာကို အီဂျစ်၊ ချဒ်၊ ဗဟိုအာဖရိကသမ္မတနိုင်ငံတို့အပါအဝင် အိမ်နီးချင်းနိုင်ငံများထံ အလုံးအရင်း ထွက်ပြေးသည့်အနေအထားဖြစ်စေသည်။

ခြေလျင်အကူလက်ရုံးတပ် (RSF) ကို အမြဲတမ်းစစ်တပ်နှင့်ပေါင်းစည်းရန်စီစဉ်သည့် ကိစ္စနှင့်စပ်လျဉ်း၍ ဆူဒန်စစ်တပ်အကြီးအကဲ အဗ္ဗဒယ်ဖတာ့အယ်လ်ဘာဟန်နှင့် RSFကိုကွပ်ကဲနေသူလည်းဖြစ် ဆူဒန်စစ်တပ်ဒုတိယအကြီးအကဲလည်းဖြစ်သူ မိုဟာမက် ဟမ်ဒမ်ဒါဂလို တို့ သီတင်းပတ်ပေါင်းများစွာ အာဏာအားပြိုင်မှုများဖြစ်ခဲ့ပြီးနောက် ဆူဒန်စစ်တပ်နှင့် RSF တို့ ဧပြီ ၁၅ ရက်တွင် တိုက်ပွဲများ စတင်ဖြစ်ပွားခြင်းဖြစ်သည်။ အဆိုပါတိုက်ပွဲများကြောင့် အနည်းဆုံးလူ ၅၅၀ သေဆုံးထားပြီး လူ ၄,၉၂၆ ဦး ဒဏ်ရာရထားသည်ဟု နောက်ဆုံးရရှိထားသော ကျန်းမာရေးဝန်ကြီးဌာန ကိန်းဂဏန်းများအရ သိရပြီး အဆိုပါကိန်းဂဏန်းများသည် ပြည့်စုံဖွယ်မရှိသေးဟုဆိုသည်။

၂၀၁၉ ခုနှစ်တွင် အာဏာရှင် အိုမာအယ်လ်ဘာရှာ ပြုတ်ကျသွားပြီးနောက်ပိုင်း  နိုင်ငံတကာစေ့စပ်ညှိနှိုင်းရေးသမားများသည် စေ့စပ်ဆွေးနွေးရေးစားပွဲဝိုင်းသို့ အရပ်သားများနှင့် စစ်တပ်တို့ ရောက်လာစေရန် ကြိုးပမ်းခဲ့ကြသည်။

အယ်လ်ဘာရှာအလွန် ဒီမိုကရေစီအသွင်ကူးပြောင်းရေးကို လမ်းလွဲသွားစေခဲ့သော ၂၀၂၁ အာဏာသိမ်းမှုကို အတူတကွလုပ်ဆောင်ခဲ့ကြသည့် ဗိုလ်ချုပ်ကြီးနှစ်ဦးဖြစ်သော ဘာဟန်နှင့် ဒါဂလိုတို့ကို နိုင်ငံတကာစေ့စပ်ညှိနှိုင်းသူများက ချီးမွမ်းလွန်းအားကြီးသည်ဟု လေ့လာဆန်းစစ်သူများက ယုံကြည်နေကြသည်။

နောက်ပိုင်းတွင် ယင်းဗိုလ်ချုပ်ကြီးနှစ်ဦးသည် အာဏာလုသည်အထိ ဖြစ်လာသည်။

စစ်မက်ဖြစ်ပွားသောတပ်များသည် မေလ ၄ ရက်မှစ၍ခုနစ်ရက်ကြာ အပစ်ရပ်စဲရန် သဘောတူညီခဲ့ကြသည်ဟု ဆူဒန်၏ အိမ်နီးချင်းတောင်ဆူဒန်က ကြေညာခဲ့သည်။ အဆိုပြုခဲ့သည့် အပစ်ရပ်စဲမှုကို ဆူဒန်စစ်တပ်က လက်ခံခဲ့သည်ဟုဆိုသည်။

Most Read

Most Recent