မြန်မာနိုင်ငံအရေးနှင့်ပတ်သက်၍ တရုတ်နိုင်ငံခြားရေးဝန်ကြီးနှင့် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ အထူးကိုယ်စားလှယ်တို့ ပေကျင်းမြို့၌ တွေ့ဆုံ

မြန်မာနိုင်ငံအရေးနှင့်ပတ်သက်၍ တရုတ်နိုင်ငံခြားရေးဝန်ကြီးနှင့် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ အထူးကိုယ်စားလှယ်တို့ ပေကျင်းမြို့၌ တွေ့ဆုံ
Published 2 May 2023
Ref:China Daily

တရုတ်နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီးချင်ဂန်သည် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ အထူးကိုယ်စားလှယ် နိုလင်းဟေဇာနှင့် မေ ၁ ရက်က ပေကျင်းမြို့၌ တွေ့ဆုံခဲ့သည်။

ပြည်တွင်းပြည်ပ အကြောင်းတရားများ ရောယှက်နေသဖြင့် မြန်မာနိုင်ငံပြဿနာသည် ရှုပ်ထွေးပြီး အမြန်ဖြေရှင်းနိုင်ခြင်းမရှိကြောင်း ချင်ဂန်က ပြောကြားခဲ့သည်။ 

မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာကို လေးစားလိုက်နာရန်၊ သဘောထားကွဲလွဲမှုများကို ပေါင်းကူးကာ နိုင်ငံရေးဆွေးနွေးမှုမှတစ်ဆင့် နိုင်ငံရေးအသွင်ကူးပြောင်းမှုဖြစ်စဉ်ကို ပြန်လည်စတင်ရန်နှင့် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဥပဒေဘောင်အတွင်းမှနေ၍ မြန်မာနိုင်ငံရှိ ဘက်အားလုံးကို ထောက်ခံအားပေးရန် ၎င်းက နိုင်ငံတကာအသိုက်အဝန်းအား တောင်းဆိုခဲ့သည်။

နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) ၏ ဖျန်ဖြေပေးမှုကို လေးစားလိုက်နာသင့်ပြီး မြန်မာနိုင်ငံနှင့် ပတ်သက်သည့် အာဆီယံ၏ ဘုံသဘောညီချက်ငါးရပ်ကို အကောင်အထည်ဖော်ရေးအား အားပေးမြှင့် တင်သင့်ကြောင်း ပြောကြားခဲ့သည်။

အာဆီယံဘုံသဘောတူညီချက် ငါးရပ်မှာ (၁) မြန်မာနိုင်ငံတွင် အကြမ်းဖက်မှုများ ချက်ချင်းရပ်ပြီး သက်ဆိုင်သူအားလုံး ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ကြရန်၊ (၂) သက်ဆိုင်သူများကြား အပြုသဘောဆောင် တွေ့ဆုံဆွေးနွေးကြပြီး ငြိမ်းချမ်းစွာအဖြေရှာကြရန်၊ (၃) အာဆီယံအထွေထွေ အတွင်းရေးမှူးချုပ်၏ အကူအညီကိုရယူပြီး အာဆီယံဥက္ကဋ္ဌ၏ အထူးကိုယ်စားလှယ်တစ်ဦးက ဆွေးနွေးရေးလုပ်ငန်းစဉ်များကို ကြားဝင်ညှိနှိုင်းပေးရန်၊ (၄) အာဆီယံဘက်က လူသားချင်း စာနာမှုဆိုင်ရာ ညှိနှိုင်းကူညီပေးရေးဌာနမှတစ်ဆင့် မြန်မာနိုင်ငံကို လူသားချင်းစာနာမှုအကူ အညီများပေးရန်နှင့် (၅) အာဆီယံ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်နှင့်အဖွဲ့က မြန်မာနိုင်ငံကို သွားရောက်ပြီး သက်ဆိုင်သူဘက်ပေါင်းစုံနှင့် တွေ့ဆုံရန် စသည့်အချက်များဖြစ်သည်။

အကျပ်အတည်းနှင့်ပတ်သက်၍ မြင့်တက်လာမှုနှင့် ပျံ့နှံ့မှုတို့ကို တားဆီးရန် သတိရှိရှိနှင့် လက်တွေ့ကျကျ လုပ်ဆောင်ရန်လိုအပ်ကြောင်း ၎င်းက အလေးပေးပြောကြားခဲ့ပြီး တရုတ်နိုင်ငံသည် ၎င်း၏ ကောင်းမွန်သော လုပ်ဆောင်ချက်များတွင် အထူးသံတမန်အား ဆက်လက်ပံ့ပိုးကူညီသွားမည်ဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ၏ပြဿနာကို ဖြေရှင်းရန် ကြိုးပမ်းအားထုတ်မှုကို မြန်မာကသာ ဦးဆောင်သင့်ပြီး ပြည်သူများ၏ ဆန္ဒကို လေးစားသင့်သည်ဟု ဟေဇာက ပြောကြားခဲ့သည်။

မြန်မာနိုင်ငံအရေး ပြေလည်အောင် ဖြေရှင်းရာ၌ တရုတ်နိုင်ငံ၏ အရေးကြီးသော အခန်းကဏ္ဍအတွက် ကုလသမဂ္ဂက ကျေးဇူးတင်ကြောင်းနှင့် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် တရုတ်နိုင်ငံက ဆက်လက်ပံ့ပိုးကူညီသွားမည်ဟု မျှော်လင့်ကြောင်း ကုလသမဂ္ဂအထူးကိုယ်စားလှယ်က ပြောကြားခဲ့သည်။

 

Most Read

Most Recent