ယူကရိန်းအရှေ့ပိုင်း ဘတ်မွတ်တိုက်ပွဲတွင် ထိခိုက်ကျဆုံးသော ရုရှားစစ်သား ၁၀၀,၀၀၀ ကျော်ရှိသည်ဟု အိမ်ဖြူတော် ပြောကြား

ယူကရိန်းအရှေ့ပိုင်း ဘတ်မွတ်တိုက်ပွဲတွင် ထိခိုက်ကျဆုံးသော ရုရှားစစ်သား ၁၀၀,၀၀၀ ကျော်ရှိသည်ဟု အိမ်ဖြူတော် ပြောကြား
ခါကိဗ်ပြင်ပ၌ ယူကရိန်းစစ်သားများ “ဆာကို”ကင်းထောက်ဒရုန်းအသစ်ကို စစ်ဆေးနေပုံအား ဧပြီ ၃၀ ရက်က တွေ့ရစဉ်(Photo: AFP)
ခါကိဗ်ပြင်ပ၌ ယူကရိန်းစစ်သားများ “ဆာကို”ကင်းထောက်ဒရုန်းအသစ်ကို စစ်ဆေးနေပုံအား ဧပြီ ၃၀ ရက်က တွေ့ရစဉ်(Photo: AFP)
Published 2 May 2023
  Ref: AFP

ယူကရိန်းအရှေ့ပိုင်း အထူးသဖြင့် ဘတ်မွတ်တွင် ဖြစ်ပွားသော ငါးလကြာတိုက်ပွဲတွင်  ရုရှားစစ်သား ၂၀,၀၀၀ ကျော်သေဆုံးပြီး ၈၀,၀၀၀ ကျော် ဒဏ်ရာရသည်ဟု မေလ ၁ ရက်တွင် အိမ်ဖြူတော်က ပြောကြားသည်။

“ တိုက်ပွဲမှာ စစ်သား ၂၀,၀၀၀ ကျော် ကျဆုံးတာအပါအဝင် ရုရှားဟာ ထိခိုက်သေဆုံးသူ ၁၀၀,၀၀၀ ကျော်ရှိတယ်လို့ ကျွန်တော်တို့ ခန့်မှန်းပါတယ်”ဟု အမျိုးသားလုုံခြုံရေးကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဂျွန်ကာဘီ က သတင်းထောက်များကို ပြောကြားသည်။

“ဒွန်းဘက်စ်မှာ အထူးသဖြင့် ဘတ်မွတ်မှာထိုးစစ်နဲ့ ရုရှားရဲ့ကြိုးပမ်းအားထုတ်မှုဟာ ကျရှုံးခဲ့ပါတယ်။ ရုရှားဟာ အမှန်တကယ် အားဖြင့်မဟာဗျူဟာအရ ထူးခြားတဲ့နယ်မြေကို သိမ်းပိုက်နိုင်တာမျိုးမရှိပါဘူး”ဟု ကာဘီ က ပြောကြားသည်။

ကျဆုံးခဲ့သည့် စစ်သားမျာထဲက တစ်ဝက်ကျော်မှာ ပုဂ္ဂလိက စစ်ဘက်ကုမ္ပဏီဝက်ဂနာက စုဆောင်းခဲ့သော စစ်သားများဖြစ်ကြပြီး ၎င်းတို့ထဲက အများစုမှာ ရုရှားရှိအကျဉ်းသားများထဲက ဖြစ်သည်ဟု လျှို့ဝှက်အဆင့် လျှော့ချလိုက်သော အမေရိကန်ထောက်လှမ်းရေးအစီရင်ခံစာကို ကိုးကား၍ ဂျွန်ကာဘီက ပြောကြားသည်။

မြို့ငယ်လေးမှလွဲ၍ ယူကရိန်းစစ်သား အားလုံးတိုက်ထုတ်ခံရသော ဘတ်မွတ်အတွက် အပြင်းထန်ဆုံးတိုက်ပွဲဖြစ်ပွားနေခြင်းနှင့်အတူ ယင်းတိုက်ပွဲမှ ကျဆုံးသူစုစုပေါင်းမှာ ဒီဇင်ဘာလအစကတည်းက ဆုံးရှုံးမှုများ ဖြစ်သည်ဟု အမေရိကန်ကိန်းဂဏန်းများအ ရသိရသည်။

“ဒီကြိုးစားပမ်းစားလုပ်ဆောင်ထားတဲ့ ကြိုးပမ်းအားထုတ်မှု အထူးသဖြင့် ဘတ်မွတ်ဟာ ပေးဆပ်မှု တော်တော်လေး ကြီးမားပါတယ်။ ရုရှားဟာ သူ့ရဲ့သိုလှောင်ထားတဲ့ စစ်လက်နက်တွေနဲ့သူ့စစ်သားတွေကို အသုံးပြုခဲ့ရတာဖြစ်ပါတယ်”ဟု ကာဘီက ပြောကြားသည်။

ဤနေရာတွင် ယူကရိန်းသည် ခံရသူဖြစ်ပြီး ရုရှားက ကျူးကျော်သူဖြစ်နေသောကြောင့်မိမိသည် ယူကရိန်း ထိခိုက်သေဆုံးမှုများကို ခန့်မှန်းချက်များ မထုတ်ဟု ဂျွန်ကာဘီက ပြောကြားသည်။

ဝက်ဂနာသည်တိုက်ပွဲဖြစ်ပွားရာ အဓိကနေရာဖြစ်သည့် ယူကရိန်းအရှေ့ပိုင်းမြို့ ဘတ်မွတ်ကို ရုရှားတိုက်ခိုက်မှုအား ဦးဆောင်ပြုလုပ်နေသည်မှာ လပေါင်းများစွာရှိ ကြာပြီဖြစ်သည်။

ယူကရိန်းတန်ပြန်ထိုးစစ်က ရုရှားအတွက် အလွန်ဆိုးရွားသော အခြေအနေတစ်ရပ်အဖြစ် ပြောင်းလဲသွားနိုင်သည်ဟု ဧပြီ ၃၀ ရက်တွင် ရုရှားကြေးစားစစ်အုပ်စု ဝက်ဂနာ၏အကြီးအကဲက သတိပေးလိုက်ပြီး ၎င်း၏ ဝက်ဂနာတိုက်ခိုက်ရေးသမားများသည် ခဲယမ်းပြတ်လပ်နေသည်ဟု ပြောကြားသည်။

အိမ်ဖြူတော်သည် ယူကရိန်းအတွက် ပိုမိုအကျပ်တွေ့သွားစေမည့် သတင်းအချက်အလက်များကို အများသိအောင်ထုတ်ပြန်ပေးမည်မဟုတ်ဟု ဂျွန်ကာဘီက ဖြည့်စွက်ပြောကြားသည်။ အနောက်အုပ်စု၏ မဟာမိတ်ဖြစ်သော ယူကရိန်းကို အမေရိကန်ဦးဆောင်သော နိုင်ငံများ ညွန့်ပေါင်းအဖွဲ့က လက်နက် တပ်ဆင်ပေးခြင်း၊ သင်တန်းပေးခြင်းတို့ လုပ်ဆောင်လျက်ရှိသည်။

ယူကရိန်းသည် မျှော်မှန်းထားသည်မှာ ကြာပြီဖြစ်သော တန်ပြန်ထိုးစစ်အတွက် ပြင်ဆင်မှုများကို အချောသတ်လိုက်ပြီဟု မကြာသေးမီက ပြောကြားသည်။ ထို့ကြောင့် ရုရှားကြေးစားစစ်ကုမ္ပဏီက ယူကရိန်းတန်ပြန် ထိုးစစ်အတွက် သတိပေးနေခြင်းဖြစ်ကြောင်း သိရသည်။                                       

Most Read

Most Recent