အမေရိကန်-တောင်ကိုရီးယား သဘောတူညီချက်သည် တင်းမာမှုများကို မြင့်တက်စေသည်ဟု မြောက်ကိုရီးယားဝေဖန်

အမေရိကန်-တောင်ကိုရီးယား သဘောတူညီချက်သည် တင်းမာမှုများကို မြင့်တက်စေသည်ဟု မြောက်ကိုရီးယားဝေဖန်
ဧပြီ ၂၆ ရက်က အိမ်ဖြူတော်၌ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် သမ္မတဘိုင်ဒင်(ယာ)နှင့် သမ္မတယွန်းဆက်ယို(ဝဲ)တို့ သတင်းထောက်များ၏ မေးမြန်းမှုများကို ဖြေကြားနေစဉ်(Photo: AFP)
ဧပြီ ၂၆ ရက်က အိမ်ဖြူတော်၌ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် သမ္မတဘိုင်ဒင်(ယာ)နှင့် သမ္မတယွန်းဆက်ယို(ဝဲ)တို့ သတင်းထောက်များ၏ မေးမြန်းမှုများကို ဖြေကြားနေစဉ်(Photo: AFP)
Published 1 May 2023
Ref: Reuters

ဒေသတွင်း၌ အမေရိကန်၏ မဟာဗျူဟာမြောက် စစ်လက်နက်များ ဖြန့်ကြက်ချထားမှုကို တိုးမြှင့်ရန် မကြာသေးမီက အမေရိကန်နှင့် တောင်ကိုရီးယားတို့ သဘောတူညီခဲ့ခြင်းသည် နျူကလီးယားစစ်ပွဲ ဖြစ်လုဆဲဆဲ အခြေအနေအထိ တင်းမာမှုများ မြင့်တက်လာအောင် လုပ်ဆောင်ခြင်းပင်ဖြစ်သည်ဟု မြောက်ကိုရီးယား နိုင်ငံပိုင်မီဒီယာက မေ ၁ ရက်တွင် ဝေဖန်ပြစ်တင်ခဲ့သည်။

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နှင့် တောင်ကိုရီးယားသမ္မတ ယွန်းဆက်ယိုတို့သည် ပြီးခဲ့သည့် သီတင်းပတ်က ထိပ်သီးဆွေးနွေးပွဲ ပြုလုပ်ခဲ့ပြီး အဆိုပါ ဆွေးနွေးပွဲအတွင်း တောင်ကိုရီးယားအပေါ် နျူကလီးယားအင်အားဖြင့် အကာအကွယ်ပေးမှုကို တိုးမြှင့်ရန် သမ္မတဘိုင်ဒင်က ကတိပြုခဲ့သည်။ မြောက်ကိုရီးယား၏ ဒုံးလက်နက်အစီအစဉ်နှင့် တောင်ကိုရီးယားအပေါ် အမေရိကန်က နျူကလီးယားဖြင့် အကာအကွယ်ပေးမည်ဟူ သော ကတိကဝတ်အပေါ် တောင်ကိုရီးယားတွင် စိုးရိမ်မှုများ ကြီးထွားလာခဲ့သည်။

ခေါင်းဆောင်နှစ်ဦးသည် တောင်ကိုရီးယား၏ ကာကွယ်ရေးအတွက် အခိုင်အမာလုပ်ဆောင်သွားရန်နှင့် အမေရိကန်၏ မဟာဗျူဟာမြောက် စစ်လက်နက် အသုံးအဆောင်များကို ပုံမှန်ဖြန့်ကြက်ချထားရန် သဘောတူ ညီခဲ့သည်။ ယင်းသဘောတူညီချက် တစ်စိတ်တစ်ပိုင်းအဖြစ် အမေရိကန်ရေတပ်၏ ပဲ့ထိန်းဒုံးကျည်တပ် နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောတစ်စင်းသည် ၁၉၈၀ ပြည့်လွန် နှစ်များနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် တောင်ကိုရီးယားသို့ လာရောက်ဆိုက်ကပ်မည်ဖြစ်သည်။

အမေရိကန်နှင့် တောင်ကိုရီးယားတို့၏ သဘောတူညီချက်သည် မြောက်ကိုရီးယားအပေါ် ရန်အလိုဆုံးနှင့် အခက်ထန်ဆုံး လုပ်ရပ်ကို လုပ်ဆောင်ရန် ဆန္ဒရှိနေကြောင်းကို ပြသနေသည်ဟု မြောက်ကိုရီးယား၏ နိုင်ငံတကာ လုံခြုံရေးဆိုင်ရာလေ့လာသုံးသပ်သူ ချိုဂျူဟွန်းဆိုသူက သုံးသပ်ထားကြောင်း မြောက် ကိုရီးယားနိုင်ငံပိုင် KCNA သတင်းဌာနက ဖော်ပြခဲ့သည်။

အမေရိကန်၏ မဟာဗျူဟာမြောက်စစ်လက်နက်ပစ္စည်းများ ဖြန့်ကြက်ချထားခြင်းသည် ကိုရီးယားကျွန်းဆွယ်ကို မတည်ငြိမ်သော အခြေအနေမှ ရုန်းထွက်မရနိုင်အောင် တွန်းပို့လိုက်ခြင်းဖြစ်ကာ ဒေသတွင်း၌ ရန်လိုသော သီးခြားစစ်ဘက်ဆိုင်ရာအုပ်စုများတည်ထောင်ရန် ရည်ရွယ်ခြင်းဖြစ်သည်ဟုလည်း KCNA က ဖော်ပြခဲ့သည်။

“ဒါဟာ နျူကလီးယားမပြန့်ပွားရေး စနစ်ကို စနစ်တကျ ဖောက်ဖျက်ပြီး နျူကလီးယားနဲ့ ဆက်နွှယ်နေတဲ့ အဆိုးရွားဆုံး ပြစ်မှုတွေ ကျူးလွန်ထားခြင်းကို တာဝန်မခံဘဲရှောင်လွှဲဖို့ ရည်ရွယ်တာဖြစ်သလို ကိုရီးယားကျွန်း ဆွယ်ကို နျူကလီးယားစစ်ပွဲ ဖြစ်လုဆဲဆဲ အခြေအနေဆီ တွန်းပို့လိုက်တာဖြစ်တယ်”ဟုလည်း KCNA က ဆိုသည်။

မြောက်ကိုရီးယားသည် နိုင်ငံတကာ၏ ဒဏ်ခတ်ပိတ်ဆို့မှုများကို အန်တုလျက် ယခုနှစ်ထဲတွင် စံချိန်တင် ဒုံးကျည်စမ်းသပ်မှု အမြောက်အမြား လုပ်ဆောင်လျက်ရှိကာ ယခုလ အစောပိုင်းကလည်း အခဲလောင်စာသုံး တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည်တစ်မျိုးကို ပထမဆုံးအကြိမ် စမ်းသပ်ခဲ့သည်။

မြောက်ကိုရီးယားအနေဖြင့် နျူကလီးယားလက်နက် အသုံးပြုမည်ဆိုလျှင် နျူကလီးယားဖြင့် တုံ့ပြန်တိုက်ခိုက်မှုနှင့် ရင်ဆိုင်ရမည်ဖြစ်ကာ မြောက်ကိုရီးယား ခေါင်းဆောင်ပိုင်း၏အဆုံးသတ် ဖြစ်လာလိမ့်မည်ဖြစ်ကြောင်း အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နှင့် တောင်ကို ရီးယားသမ္မတ ယွန်းဆက်ယိုတို့က ဧပြီ ၂၆ ရက်တွင် သတိပေးခဲ့သည်။

ဂျိုးဘိုင်ဒင်၏ သမ္မတသက်တမ်းအတွင်း ပြည်ပခေါင်းဆောင်တစ်ဦး၏ ဒုတိယမြောက် နိုင်ငံတော်အဆင့် ခရီးစဉ်အဖြစ် လာရောက်မှုဖြစ်သည့် တောင်ကိုရီးယားသမ္မတ၏ ခရီးစဉ်အတွင်း အိမ်ဖြူတော်ရှိ ဘဲဥပုံရုံးခန်းတွင်  ၎င်းတို့နှစ်ဦး တွေ့ဆုံခဲ့ပြီးနောက် ယင်းသို့ သတိပေးခဲ့ခြင်းဖြစ်သည်။

                                     

Most Read

Most Recent