ပြင်သစ်က ဗြိတိန်ဘုရင်များကို တည်ခင်းသောဟင်းလျာများနှင့် တတိယမြောက်ချားလ်ဘုရင် နန်းတက်ပွဲ

ပြင်သစ်က ဗြိတိန်ဘုရင်များကို တည်ခင်းသောဟင်းလျာများနှင့် တတိယမြောက်ချားလ်ဘုရင် နန်းတက်ပွဲ
Photo - AFP
Photo - AFP
Published 30 April 2023
Ref: AFP

ပြင်သစ်၏ အငြင်းပွားဖွယ် အမျိုးသားလက်ရာမွန်စားစရာဖြစ်သော ငန်းအသည်းအဆီအနှစ်ဟင်းလျာသည် အလည်လာသော ဗြိတိန်သက်ဦးဆံပိုင်ဘုရင်များအတွက် တည်ခင်းသော စားပွဲတွင် ဂုဏ်ရှိသည့်နေရာတစ်ခုကို ပိုင်ဆိုင်ထားသည်မှာ နှစ်ပေါင်းတစ်ရာကျော် လောက်ရှိပြီဖြစ်သည်။

သို့ရာတွင်တတိယမြောက် ချားလ်ဘုရင်သည် ၎င်း၏အိမ်သူ အိမ်သားများ ကျွေးမွေးထားသည့် ဘဲများ သို့မဟုတ် ငန်းများမှရသော အသည်းအဆီနှင့် အဆီနှစ်ဟင်းကို  တားမြစ်ထားသည်။ ထို့အပြင် ပြင်သစ်ကို သွားရန်စီစဉ်ထားသော ခရီးစဉ် ပျက်ပြယ်ခဲ့သော်လည်း ချားလ်ဘုရင်သည် ဂျာမနီကိုသွားခဲ့ သည်။  

မည်သို့ဆိုစေ အစားအသောက်အကောင်းဆုံးဖြစ်သော ပြင်သစ်တွင် ယခင်က ဗြိတိန်ဘုရင်များကို မည်သို့မည်ပုံ ကြိုဆိုဧည့်ခံသလဲဆိုသည်ကို အေအက်ဖ်ပီသတင်းဌာနက တင်ဆက်ထားသည်။

စွပ်ပြုတ်ဟင်းများကိုကြိုက်သော ဝီတိုရီယ ဘုရင်မ

၁၈၅၅ ခုနှစ်တွင်အစိုးရခရီး အဖြစ်ပြင်သစ်ကို နှစ် ၄၀၀ အတွင်း သွားသည့် ပထမဆုံးဗြိတိန်ဘုရင်ဖြစ် သောဝီတိုရိယဘုရင်မသည်ပြင်သစ်အစားအစာကို အကြိုက် တွေ့ခဲ့သည်။

ပြင်သစ်ဧကရာဇ်နပိုလီယံ III သည် ဗာဆိုင်းတော်ဝင်နန်းတော်ဟောင်းရှိ အော်ပရာရုံတွင် လူ၄၀၀ စာရှိ ခမ်းနားသော ညစာဖြင့် ဝီတိုရိယဘုရင်မကို ဆွယ်ခဲ့သည်။

နံနက်စာအတွက် သိုးသားနံရိုးတုံးများနှင့် အာလူးများကို အိမ်တော်တွင်စားသောက်သည်ဟုဆိုသော ဝဝဖိုင့်ဖိုင့်ဘုရင်မသည် ပြင်သစ် ကြက်ဘဲသားနှင့် စွပ်ပြုတ်များကို အလွန်အမင်းချီးကျူးခဲ့သည်။

“ကြက်သားနဲ့စွပ်ပြုတ်ရည်တို့ဟာ တော်တော် အရသာကောင်းပါတယ်။ အစားအစာဟာ ယေဘုယျအားဖြင့် ကျွန်မတို့အစားအစာတွေ လောက်အမျိုးမစုံပေမယ့် ရိုးရိုးနဲ့ ကောင်းလှပါတယ်”ဟု ၁၈၅၅ ခုနှစ် သြဂုတ် ၂၅ ရက် နေ့စဉ်မှတ်တမ်းတွင် ဝီတိုရိယဘုရင်မက ရေးသားခဲ့သည်။

ချစ်ကြည်ရေးဟင်းလျာ

ဝီတိုရိယ၏အစားအသောက်ကောင်း ကြိုက်တတ်သော သားတော် အက်ဒွပ် (VII) ကို ၁၉၀၃ ခုနှစ်တွင် ပြင်သစ်သမ္မတအီမီးလူးဘတ်က ဟင်းအမည် ၁၆ မျိုးပါသောစားပွဲဖြင့် တည်ခင်းခဲ့သည်။ အက်ဒွပ်ဘုရင် ဖြစ်လာပြီး နှစ်နှစ်အကြာတွင် ပြင်သစ်သမ္မတက ယင်းသို့တည်ခင်းခဲ့ခြင်းဖြစ်သည်။

စားသောက်ဖွယ်စာရင်းသည်  စစ်မတိုင်မီ ပြင်သစ်နှင့်ဥရောပသမိုင်းကို ထင်ဟပ်နေသည်။ အရိုးထုတ်ထားသည့် ကြက်သားပြား ဟင်း၊(ညစာစားပွဲတွင် ယခုအခါ တားမြစ်ထားသော စာကလေးနှင့် တူသည့်ငှက်ဖြစ်သော) အော်တိုလန်း (ortoland) ငှက်သား၊ ဘဲသားဟင်းတို့ဖြစ်သည်။

ငန်းအသည်းဟင်းလျာသည်လည်း မမေ့မလျော့ပါဝင်သည်။

ပထမကမ္ဘာစစ်မဖြစ်ပွားမီ လပိုင်းအလို ၁၉၁၄ ခုနှစ်တွင် ဂျော့ဘုရင် (V) နှင့် မေရီဘုရင်မတို့ကို တည်ခင်းသော စားပွဲသည်လည်း ဟင်းလျာ ၁၇ မျိုးဖြင့် ဟင်းအများဆုံး ပါဝင်သည်။ လိပ်သားစွပ်ပြုတ်၊ ရစ်ငှက်သားဟင်း၊ ငန်းအသည်းအနှစ်ဟင်းတို့ပါဝင်ခဲ့သည်။

စစ်ပွဲက အလှည့်အပြောင်းဖြစ်စေသည်။ ဟင်းအမျိုးအစားများသည် ဆယ်ဂဏန်းအထိ ဖြစ်မလာတော့ပါ။

ငန်းအသည်းဟင်းကြိုက်သော ဒုတိယမြောက် အဲလစ်စဘတ်ဘုရင်မ

ဒုတိယမြောက်အဲလစ်စဘတ်ဘုရင်မ၏ အစိုးရခရီးငါးကြိမ်တွင် တည်ခင်းသော စားသောက်ပွဲများသည် ဟင်းအမျိုးအစား လေးမျိုးသို့ မဟုတ် ငါးမျိုးသာပါသည်။

“ဒုတိယမြောက်အဲလစ်စဘတ်ဘုရင်မသည် အစားအသောက် နည်းနည်းသာစားသူဖြစ်သော်လည်း ငါးဥဆားနယ်ဟင်း၊ ကမာကောင်များနှင့် ဂျယ်လီငါးတို့ကလွဲ၍ အားလုံးကိုစားသည်။ ဘုရင်မသည် ရိုးရိုးရှင်းရှင်းအစားအစာကိုသာ နှစ်သက်သည်”ဟု ဘက်ကင်ဟမ်နန်းတော်မှ အီလီဇေးနန်းတော်သို့ဆိုသည့် မှတ်တမ်းအရသိရသည်။

၁၉၅၇ ခုနှစ်တွင် ၎င်း၏ ပထမဆုံးအစိုးရအလည်အပတ်ခရီးစဉ်တွင် အသက်ငယ်ငယ်ဘုရင်မသည် စားသောက်စရာစာရင်း၌ ဖြူငယ်ကိုတွေ့သဖြင့် လန့်သွားသည်ဆိုသော်လည်း ယင်းမှာ ချော့ကလက်အပျော့စားများဖြင့် ငန်းအသည်းအနှစ်ကို အလုံးလေးပုံစံလုပ်ထားခြင်းဖြစ်သည်ဟု အမြန်ရှင်းပြလိုက်ရသည်ဟုဆိုသည်။

နန်းသက် အနှစ် ၇၀ ကျော်တွင်  ဒုတိယမြောက်အဲလစ်စဘတ်ဘုရင်မကို ၁၉၅၇ ခုနှစ်တွင် သမ္မတရီနီကိုတီကလည်းကောင်း၊ ၁၉၇၂ ခုနှစ်တွင် သမ္မတဂျော့ပွန်ပီဒူးကလည်းကောင်း၊ ၁၉၉၂ ခုနှစ်တွင် သမ္မတ ဖရန်ဆွာမီးထရောင်းကလည်းကောင်း၊ ၂၀၀၄ ခုနှစ်တွင် သမ္မတ ဂျက်ကေးချီရက်ကလည်းကောင်း၊ ၂၀၁၄ ခုနှစ်တွင် သမ္မတဖရန်ဆွာ ဟော်လန်ဒီကလည်းကောင်း လက်ခံကြိုဆိုခဲ့သည်။

ဘုရင်မသည် ငန်းအသည်းအနှစ်ဟင်းကို စားရာတွင် ၀ိုင်ဖြင့်ရော၍ သုံးဆောင်တတ်သည်ဟုဆိုသည်။

အဆိုပါ၀ိုင်မှာ ပြင်သစ်အနောက်တောင်ပိုင်း၏ နာမည်ကျော် ကန္တာရဝိုင်ဖြစ်သည့် Chateau d’Yquem ၀ိုင်ဖြစ်သည်။ အဆိုပါ ၀ိုင်သည် ဗြိတိန်ဘုရင်များ နှစ်သက်သည့် ၀ိုင်ဖြစ်သည်။

၂၀၁၄ ခုနှစ်တွင် ပြင်သစ်နန်းတော်က ဘုရင်မကြီးကို ရှန်ပိန်ဖြင့် ဧည့်ခံခဲ့သည်။ အဆိုပါ ရှန်ပိန်သည် ဒုတိယကမ္ဘာစစ်အတွင်းက ဗြိတိန်ခေါင်းဆောင် ဝင်စတန်ချာချီကြိုက်သော ရှန်ပိန်ဖြစ်သည်။ ချာချီနှင့် ဘုရင်မကြီးတို့ မှာ ရင်းနှီးသူများဖြစ်ကြ၍ ပြင်သစ်သည် ချာချီကိုဂုဏ်ပြုသည့်အနေဖြင့် ဘုရင်မကြီးအား Pol Roger ရှန်ပိန်ဖြင့် ဧည့်ခံခြင်းဖြစ်ကြောင်း သိရသည်။

တတိယမြောက်ချားလ်ဘုရင် နန်းတက်ပွဲ

တတိယမြောက်ချားလ်ဘုရင်သည် မူလက ပြင်သစ်နိုင်ငံကိုသွား ရန်စီစဉ်ထားသည်။ ထို့ကြောင့် ပြင်သစ်ကလည်း ချားလ်ဘုရင်ကို အစားအသောက်ကောင်းများဖြင့် ကျွေးမွေးဧည့်ခံရန် ပြင်ဆင်ထားသည်။ သို့သော်လည်း ပြင်သစ်နိုင်ငံတွင် ပစ်စင် ပြုပြင်ပြောင်းလဲရေးလုပ်ရန် ဆန္ဒပြတောင်းဆိုမှုများလုပ်နေချိန်နှင့် တိုက်ဆိုင်နေသောကြောင့် တတိယမြောက်ချားလ်ဘုရင်၏ ပြင်သစ်ခရီးစဉ်ကို ရွှေ့ဆိုင်းထားသည်။

ထို့ကြောင့် ချားလ်ဘုရင်သည် ဂျာမနီနိုင်ငံကို သွားရောက်ခဲ့သည်။ ချားလ်ဘုရင်သည် မေလ ၆ ရက် (စနေ) တွင် နန်းတက်ပွဲကျင်းပမည်ဖြစ်သည်။ ဘုရင်၏ ကြင်ရာတော် ကာမီလာကလည်း ထိုနေ့တွင် ဘုရင်မအဖြစ် နန်းတက်မည်ဖြစ်သည်။

နန်းတက်ပွဲ အခမ်းအနားသို့ လူ ၂,၀၀၀ ခန့်တက်ရောက်မည်ဖြစ် ရာ ထိုအထဲတွင် ပြည်ပခေါင်းဆောင်များ၊ အရပ်ဘက်လူ့အဖွဲ့အစည်း ကိုယ်စားလှယ်များ၊ တက်ရောက်ရန် ရွေးချယ်ခံထားရသော တာဝန်ရှိသူများ တက်ရောက်ကြမည်ဖြစ်သည်။

လန်ဒန်အလယ်ပိုင်းရှိ ဘက်ကင်ဟမ်နန်းတော်မှသည် ဝက်မင်စတာကျောင်းတိုက်အထိ ၁ ဒသမ ၃ မိုင်ရှည်လျားသော ဘုရင့်ယာဉ်တန်းဖြင့် မေလ ၆ ရက် အစပြုမည်ဖြစ်သည်။

နန်းတက်ပွဲအခမ်းအနားသည် ခေတ်သစ်တွင်ပြုလုပ်သည့်အခမ်းအနားဖြစ်သည်ဆိုသော်လည်း နှစ် ၁,၀၀၀ ကျော်ရှိသော နန်းတက်ပွဲပုံစံအတိုင်း အများစု ရှိနေမည်ဖြစ်သည်။

Most Read

Most Recent