မွန်ပြည်နယ်အတွင်း နွေရာသီရောက်တိုင်း ကြုံတွေ့လေ့ရှိတဲ့ သောက်သုံးရေ ရှားပါးပြတ်လပ်မှု

မွန်ပြည်နယ်အတွင်း နွေရာသီရောက်တိုင်း ကြုံတွေ့လေ့ရှိတဲ့ သောက်သုံးရေ ရှားပါးပြတ်လပ်မှု
Published 30 April 2023
■ ဘိုဘိုမြင့်

နှစ်စဉ်နွေရာသီရောက်တိုင်း မွန်ပြည်နယ်အတွင်းမှာရှိတဲ့ ဒေသအတော်များများ သောက်သုံးရေ ရှားပါးပြတ်လပ်မှုတွေနဲ့ ကြုံတွေ့ရလေ့ရှိပါတယ်။

အများအားဖြင့်တော့ မတ်လ၊ ဧပြီလနဲ့ မေလကုန် မိုးမကျခင်ကာလအထိကို သောက် သုံးရေ ရှားပါးပြတ်လပ်မှု ပြဿနာ ကြုံတွေ့ရ ပါတယ်။

မွန်ပြည်နယ်အတွင်းမှာ သောက်သုံးရေ ရှားပါးပြတ်လပ်မှုအဓိက အကြောင်းရင်းက အပူချိန်မြင့်မားခြင်းကြောင့်လို့ ဆိုရပေမဲ့ တခြားအကြောင်းရင်းများစွာလည်း ရှိပါ တယ်။ ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုကြောင့် ဖြစ်ပေါ်လာတဲ့ အကျိုးဆက်တွေကိုလည်း ခံစားနေရတဲ့သဘောမှာ ရှိနေပါတယ်။

ထို့ပြင် ဂေဟစနစ်ပျက်စီးနေမှုကလည်း အချက်အလက်တစ်ခုအနေနဲ့ ပါဝင်မှာပါ။ ဥပမာ သစ်တောကြီးတွေ မရှိတော့တာ၊ သဘာဝသယံဇာတတွေ အလွန်အကျွံ ထုတ် ယူသုံးစွဲတာ၊ နောက်ဆုံး ကွန်ကရစ်လမ်းတွေ အများအပြား ခင်းကြတာမျိုးအထိ ပါဝင်ကြ ပါတယ်။

“ကွန်ကရစ်လမ်းတွေက ရေစိမ့်မဝင် နိုင်ဘူး။ အဲဒီတော့ မိုးရွာရင် မိုးရေကမြေကြီးထဲ ကို စိမ့်မဝင်နိုင်တော့ဘူး။ မြောင်းတွေ၊ ချောင်း တွေကတစ်ဆင့် မြစ်ထဲစီးဝင်ကုန်တယ်။ အဓိ က မြေအောက်ရေပြန်ဖြည့်နိုင်ဘူး။ မြေကြီး ရဲ့အစိုဓာတ်ကလည်း လျော့သွားတယ်။ အဲဒီ တော့ အပူချိန်နည်းနည်းလေးမြင့်လာတာနဲ့ကို ရေတွင်း၊ ရေကန်တွေ ခန်းခြောက်ကုန် တယ်။ အဲဒီတော့ လိုအပ်ချက်တွေအရ ကွန်က ရစ်လမ်းတွေကိုခင်းပါ။ ဒါပေမဲ့ အလွန်အကျွံ ခင်းဖို့တော့ မသင့်တော်ဘူးလို့ ယူဆပါ တယ်” လို့ သဘာဝပတ်ဝန်းကျင်အရေး ဆောင်ရွက် နေသူ တစ်ဦးက သုံးသပ်ပြောကြားပါတယ်။

၂၀၂၃ ခုနှစ် နွေရာသီမှာတော့ မွန်ပြည် နယ်အတွင်းမှာ နေ့အပူချိန်တွေ သိသိသာသာ တိုးလာတဲ့အပြင် တချို့မြို့တွေမှာဆိုရင် နေ့ အပူချိန်က စံချိန်သစ်တွေပါ တင်နေပါတယ်။

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် သိမ်ဇရပ် မြို့မှာ ဧပြီ ၂၅ ရက်က နေ့အပူချိန် ၄၃ ဒီဂရီ စင်တီဂရိတ် (၁၀၉ ဒသမ ၄ ဒီဂရီ ဖာရင်ဟိုက်) အထိရှိခဲ့ကြောင်း၊ သိမ်ဇရပ်မြို့ရဲ့ နေ့အပူချိန် ယခင်စံချိန်ဟောင်းမှာ ၄၂ ဒသမ ၅ ဒီဂရီ စင်တီဂရိတ် (၁၀၈ ဒသမ ၅ ဒီဂရီ ဖာရင်ဟိုက်) ရှိခဲ့ပြီး ၁၉၉၈ ခုနှစ် ဧပြီ ၂၆ ရက်ကဖြစ်ပေါ် ခဲ့ခြင်းဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရပါတယ်။

သိမ်ဇရပ်မြို့ရဲ့ နေ့အပူချိန်မှာ မိုးလေဝ သနှင့် ဇလဗေဒ စခန်းဖွင့်လှစ်ပြီး နှစ်ပေါင်း ၅၈ နှစ်အတွင်း အမြင့်ဆုံးအပူချိန်လည်းဖြစ် ခဲ့ပါတယ်။

ထို့ပြင် ဘီးလင်းမြို့နယ် ဘီးလင်းမြို့မှာ ဧပြီ ၂၅ ရက်က နေ့အပူချိန် ၄၁ ဒသမ ၇ ဒီဂရီ စင်တီဂရိတ် (၁၀၇ ဒသမ ၁ ဒီဂရီ ဖာရင်ဟိုက်) အထိရှိခဲ့ကြောင်း၊ ဘီးလင်းမြို့၏ နေ့အပူချိန် ယခင်စံချိန်ဟောင်းမှာ (၄၁ ဒသမ ၄) ဒီဂရီ စင်တီဂရိတ် (၁၀၆ ဒသမ ၅ ဒီဂရီ ဖာရင်ဟိုက်) ရှိခဲ့ပြီး (၂၀၁၉) ခုနှစ် ဧပြီလ (၂၅) ရက် ကဖြစ်ပေါ်ခဲ့ခြင်းဖြစ်ကြောင်း နဲ့ ဘီးလင်းမြို့ရဲ့ နေ့အပူချိန်စံချိန်သစ်က မိုးလေဝသနှင့် ဇလ ဗေဒ စခန်းဖွင့်လှစ်ပြီး နှစ်ပေါင်း (၅၈) နှစ်အ တွင်းမှာ အမြင့်ဆုံးအပူချိန်ဖြစ်ခဲ့ကြောင်း သိရ ပါတယ်။

၎င်းအပြင် သထုံမြို့နယ် သထုံမြို့မှာ လည်း ဧပြီ ၂၅ ရက်က နေ့အပူချိန် ၄၁ ဒီဂရီ စင်တီဂရိတ် (၁၀၅ ဒသမ ၈ ဒီဂရီ ဖာရင်ဟိုက်) အထိရှိခဲ့ကြောင်း၊ သထုံမြို့၏ နေ့အပူချိန် ယခင်စံချိန်ဟောင်းမှာ ၄၀ ဒသမ ၅ ဒီဂရီ စင် တီဂရိတ် (၁၀၄ ဒသမ ၅ ဒီဂရီ ဖာရင်ဟိုက်) ရှိခဲ့ပြီး ၂၀၁၉ ခုနှစ် ဧပြီ ၂၅ ရက်ကဖြစ်ပေါ် ခဲ့ခြင်းဖြစ်ကြောင်းနဲ့ သထုံမြို့ရဲ့ နေ့အပူချိန် ဟာ မိုးလေဝသနှင့် ဇလဗေဒ စခန်းဖွင့်လှစ်ပြီး နှစ်ပေါင်း ၅၆ နှစ်အတွင်း အမြင့်ဆုံးအပူချိန် ဖြစ်ခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ထို့အတူပဲ ဧပြီ ၂၅ ရက်က မွန်ပြည်နယ် အတွင်းရှိ မော်လမြိုင်မြို့မှာ နေ့အပူချိန် ၄၀ ဒသမ ၂ ဒီဂရီ စင်တီဂရိတ်၊ မုဒုံမြို့မှ ၃၉ ဒီဂရီ စင်တီဂရိတ်၊ ရေးမြို့မှာ ၃၈ ဒသမ ၅ စင်တီ ဂရိတ် အသီးသီးရှိခဲ့ကြောင်း သိရပါတယ်။ နေ့တစ်နေ့ရဲ့ အမြင့်ဆုံးအပူချိန်ကို ညနေ ၃ နာရီခွဲအချိန်နဲ့ အနိမ့်ဆုံးအပူချိန်ကို နံနက် ၆

နာရီခွဲအချိန်မှာ တိုင်းတာခြင်းဖြစ်တယ် လို့လည်း မိုးလေဝသနှင့် ဇလဗေဒ ဦးစီးဌာနရဲ့ ထုတ်ပြန်ချက်များအရ သိရပါတယ်။

အခုလို စံချိန်သစ်ပါတင်တဲ့ နေ့အပူချိန် တွေကြောင့်လည်း ပြီးခဲ့တဲ့ မတ်လဆန်းပိုင်း ကတည်းက ရေတွင်း၊ ရေကန်တွေ ခန်းခြောက် လာတာ အဆန်းတော့မဟုတ်သလို နှစ်စဉ် နွေရာသီရောက်တိုင်း သောက်သုံးရေ အခက် အခဲဖြစ်တဲ့ နေရာဒေသတွေကို မြန်မာနိုင်ငံ မီးသတ်ဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့နဲ့

ပရဟိတအရေးပေါ်လူမှုကူညီကယ်ဆယ်ရေး အဖွဲ့တွေနဲ့ အလှူရှင်တွေကပဲ သောက်သုံး ရေဝေငှလှူဒါန်းပေးနေတာမျိုး တွေ့မြင်နေရ တာကလည်း အဆန်းမဟုတ်တော့ပါဘူး။

ဆန်းတာကတော့ ဒီနှစ်မှာ လျှပ်စစ်မီး လုံလုံလောက်လောက်မရကြတဲ့အတွက် ကြောင့်ကို သောက်သုံးရေပြတ်လပ်ကြရတဲ့အခြေအနေမျိုးနဲ့ပါ ကြုံတွေကြရတာမျိုး တွေ့ရပါတယ်။

 “အိမ်မှာ အဝီစိတွေရှိတယ်။ လျှပ်စစ် မီးက မလာတော့ ရေမတင်ရဘူး။ အဲဒီတော့ အိမ်မှာ အဝီစိတွင်းရှိပေမဲ့ ရေကမရှိဘူးဖြစ်နေ တယ်။ သထုံမြို့ကို လျှပ်စစ်မီးအချိန်ပိုင်းလေး ပုံမှန်ပို့ပေးနိုင်ရင် မြို့ပေါ်မှာ ရေပြဿနာအတော်အတန်ဖြေရှင်းပြီးသားဖြစ်သွားမှာပါ” လို့ သထုံမြို့ခံပြည်သူတစ်ဦးက ပြောပါတယ်။

ရေပေးဝေရေးစနစ်ရှိတဲ့ မော်လမြိုင်မြို့ မှာဆိုရင်လည်း လက်ရှိကာလမှာ ရေအရင်း အမြစ်တွေက ရေရရှိမှုနည်းလာတဲ့အတွက် ကြောင့် ရေပေးဝေချိန်မှာ ရေအားမကောင်းဘဲ ရေအနည်းငယ်သာရကြတယ်လို့ သိရပါ တယ်။

 “လက်ရှိရေပေးဝေတဲ့အချိန်မှာလည်း ရေကျတာနည်းလာတယ်။ တချို့နေရာတွေ မှာက လျှပ်စစ်မီးလာမှ ရေကိုတင်လို့ရတဲ့ အပိုင်းတွေရှိတယ်။ ရေလာတာကလည်းနည်း တယ်။ ရေလာတဲ့အချိန်မှာ လျှပ်စစ်မီးမလာ တော့ ရေကိုမတင်လိုက်ကြရဘူး။ အဲဒီတော့ ရေမရကြဘူး။ အဲဒီလိုအခြေအနေမျိုးတွေ လည်းရှိနေတယ်လို့ သိရပါတယ်။ မော်လမြိုင် မြို့ကို ရေပေးဝေနေတဲ့ စီမံကိန်းတွေရှိပေမဲ့ သောက်သုံးရေ အခက်အခဲတွေဖြစ်နေတာ မျိုးက အဆင်မပြေပါဘူး။ ဒါကို စနစ်တကျ လေးဖြစ်အောင် စီမံလုပ်ဆောင်သင့်တယ် လို့ အကြံပြုချင်ပါတယ်” လို့ မော်လမြိုင်မြို့ခံ ပြည်သူတစ်ဦးက ဆိုပါတယ်။

၎င်းကဆက်လက်ပြီး “မော်လမြိုင်မြို့မှာ အတ္ထရံမြစ်ရေတင်စီမံကိန်းရှိတယ်။ ရွှေနတ် တော်ဆည်ရှိတယ်။ ကင်မွန်းချုံကန်ကြီးရှိတယ် ပေါ့။ အဲဒီ စီမံကိန်းတွေက ရေပေးဝေမှုစနစ် တွေကို ပိုမိုကောင်းမွန်တဲ့ ဏူညေ လေးတွေရေး ဆွဲသင့်တယ်လို့ ယူဆပါတယ်” လို့ ပြောပါ တယ်။

မော်လမြိုင်မြို့အနီးဝန်းကျင်က ရပ်ကွက် နဲ့ကျေးရွာတွေမှာဆိုရင်လည်း ကန်ရေ၊ ရေ တွင်းအစရှိတဲ့ ရေအရင်းအမြစ်တွေကနေပဲ သောက်သုံးရေအတွက် အားထားနေကြရ ပြီးတော့ အခုလို နွေရာသီကာလ အပူချိန်မြင့် မားတဲ့အတွက် ကန်ရေနဲ့ ရေတွင်းတွေက မတ်လလောက်ကတည်းက ရေခန်းတာတွေ ဖြစ်ကြရတယ်လို့ သိရပါတယ်။

ထို့အတူ သထုံမြို့၊ ရေးမြို့၊ သံဖြူဇရပ် အစရှိတဲ့  လူဦးရေများတဲ့ မြို့တွေမှာဆိုရင် လည်း ရေအရင်းအမြစ်တွေခြောက်ခန်းကုန် တဲ့အတွက် သောက်သုံးရေအခက်အခဲတွေ ဖြစ်ကြနေကြရပါတယ်။ နောက်ဆုံး မွန်ပြည် နယ် ပေါင်မြို့နယ်အတွင်းက ပင်လယ်ကမ်း စပ်နဲ့ နီးတဲ့ ကျေးရွာတွေမှာဆိုရင် သောက်သုံး ရေ ပြတ်လပ်မှုတွေနဲ့ ကြုံတွေ့နေကြရပြီးလို့ သိရပါတယ်။ ကျန်တဲ့ မွန်ပြည်နယ်အတွင်းက မြို့နယ်တွေမှာလည်း သောက်သုံးရေ အခက် အခဲတွေ ရင်ဆိုင်နေကြရပါတယ်။

သောက်သုံးရေပြတ်လပ်ပြီးဆိုရင်ော့ လည်း ထုံးစံအတိုင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နဲ့ ပရဟိတအသင်းအဖွဲ့တွေနဲ့ အလှူရှင်တွေကပဲ ရေအခက်အခဲဖြစ်တဲ့ ရပ် ကွက်နဲ့ ကျေးရွာတွေအထိဆင်းပြီး ပေးဝေ လှူဒါန်းတာတွေ လုပ်ဆောင်ကြရပါတယ်။

ပြီးခဲ့တဲ့ မတ်လလောက်ကတည်းက သောက်သုံးရေတွေ ဖြန့်ဝေလှူဒါန်းပေးနေကြ တဲ့ ပရဟိတလူမှုကူညီရေးအဖွဲ့တွေအနေနဲ့ကလည်း နေ့စဉ်ရက်ဆက်ကို သောက်သုံး ရေအခက်အခဲဖြစ်နေတဲ့ ရပ်ကွက်နဲ့ ကျေးရွာ တွေအထိ ရေလိုက်လံပို့ဆောင်လှူဒါန်းပေး နေကြရတဲ့အတွက် အချိန်ကာလကြာလာ တော့ အခက်အခဲလေးတွေလည်း ရှိလာကြ တယ်လို့ သိရပါတယ်။

“အခုလက်ရှိ ရေကားတစ်စီးက တစ်ရက် ကို စက်သုံးဆီအနည်းဆုံး လေးဂါလန်လောက် ကုန်ပါတယ်။ နှစ်စီးဆိုတော့ စက်သုံးဆီ အနည်းဆုံး ရှစ်ဂါလန်လောက် ကုန်ကျတယ်။ လက်ရှိ စက်သုံးဆီ စျေးနှုန်း ကလည်းမြင့်တော့ အဲဒီအခက်အခဲလေးတွေ ရှိပါတယ်။ အလှူ ရှင်တွေကလည်း ၀ိုင်းဝန်းထောက်ပံ့ လှူဒါန်း ပေးမှုတွေက စက်သုံးဆီဖိုးအတွက် ထိုက်သင့်သလောက် အဆင်ပြေပေမဲ့ ရေရှည်မှာဆိုတော့ ကားပြင်ဆင်စရိတ်တွေက အခက်အခဲတစ်ခု ဖြစ်လာနိုင်ပါတယ်”လို့ သောက်သုံးရေတွေ ပေးဝေလှူဒါန်းပေးနေတဲ့ မော်လမြိုင်မြို့ က ဘိုဘိုဝင်း ပရဟိတလူမှုကူညီရေးအဖွဲ့က ကိုဘိုဘိုဝင်းက ပြောပါတယ်။

ထို့အတူ သထုံမြို့နဲ့ ပတ်ဝန်းကျင်ကျေးရွာ တွေကို သောက်သုံးရေလိုက်လံပေးဝေလှူ ဒါန်းပေးနေတဲ့ အကြင်နာတွဲလက် ပရဟိတ လူမှုကူညီရေးအဖွဲ့က ကိုအောင်ကိုလတ်က လည်း “ကျွန်တော်တို့ အဖွဲ့အနေနဲ့က ရေကား နှစ်စီး နဲ့တစ်ရက်ကို ၁၂ ခေါက်၊ ၁၃ ခေါက် လောက်ပို့ပေးရပါတယ်။ နောက်ပြီး နှစ်စဉ်

သောက်သုံးရေတွေ လှူဒါန်းနေရတော့ ဒီနှစ် အတွက်ကိုလည်း ကြိုတင်ပြင်ဆင်မှုတွေလုပ် ဆောင်ထားပါတယ်။ ကားဖိုး ဆီဖိုးတွေ ကြို တင်စုဆောင်းရတာမျိုးတွေရှိပါတယ်။ လတ် တလောဆိုရင်တော့ ရေကားတွေရဲ့ စက်သုံး ဆီဖိုးတွေ လိုအပ်ချက်ရှိပါတယ်”လို့ ပြောပါ တယ်။

ဆက်လက်ပြီး ကိုအောင်ကိုလတ်က “ကျွန်တော်တို့အဖွဲ့အနေနဲ့က လက်ရှိမှာ ၂၀၀၀ လီတာဆံ့ ရေကားနဲ့ လိုက်ပို့ပေးနေတယ်။ တကယ်လို့ ၄၀၀၀ လီတာဆံ့ ရေကားကြီးနဲ့လိုက်ပို့နိုင်မယ်ဆိုရင်တော့ သောက်သုံး ရေလိုအပ်ချက်ရှိနေကြတဲ့ ပြည်သူတွေကို ပိုပြီးတော့ လှူဒါန်းနိုင်မှာပါ။ အလှူရှင်တွေ ရှိရင်တော့ ရေကားကြီး တစ်စီးလောက်တော့ လိုချင်တယ်ပေါ့နော်”လို့ ဆိုပါတယ်။

ရေကားနဲ့ပတ်သက်လို့ ပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ်မတိုင်ခင်ကာလတွေက မွန်ပြည်နယ် လွှတ်တော်က ပိုင်ဆိုင်တဲ့ ရေဂါလန် ၃၀၀၀ ဆံ့ ရေကားကြီး နှစ်စီးနဲ့ သောက်သုံးရေအခက် အခဲဖြစ်တဲ့ ကာလတွေမှာ မော်လမြိုင်နဲ့ အနီး ဝန်းကျင်မြို့နယ်တွေကို သောက်သုံးရေလိုက် လံပေးဝေခဲ့တာမျိုးရှိခဲ့ပါတယ်။ ၂၀၂၀ ပြည့် နှစ် အလွန်ကာလတွေမှာတော့ အဲဒီ မွန်ပြည် နယ်လွှတ်တော်က ရေကား နှစ်စီးကို အသုံး မပြုတော့ဘဲ ဒီအတိုင်းထား ထားတယ်လို့ လည်း သိရပါတယ်။

ထိုရေကား နှစ်စီးနဲ့ပတ်သက်လို့ မော်လ မြိုင်မြို့က ပရဟိတလူမှုကူညီကယ်ဆယ်ရေး အဖွဲ့က တာဝန်ရှိသူတစ်ဦးက‌တော့ “အရင်က မွန်ပြည်နယ်လွှတ်တော်ပိုင် ရေဂါလံ ၃၀၀၀ ဆံ့တဲ့ ရေကားကြီးနှစ်စီးရှိနေတယ်လို့ သိရ တယ်။ အရင်ကတော့ နွေရာသီရေရှားပါးမှု ပြဿနာတွေဖြစ်နေရင် အဲဒီရေကားကြီးတွေနဲ့

ရေလိုက်ဝေတာတွေ လုပ်ဆောင်ခဲ့တာမျိုး တွေ့ရတယ်။ ကိုဗစ်ကာလအပြီးနောက်ပိုင်းမှာတော့ အဲဒီရေကားကို ဒီအတိုင်း ထား ထားတယ်လို့ သိရတယ်။ အဲဒီရေကားကို သက်ဆိုင်ရာ ပရဟိတလ ူမှုကူညီကယ်ဆယ် ရေးအသင်းတွေ အသုံးပြုနိုင်ရေးအတွက်ကို တင်ပြတောင်းဆိုထားတာမျိုးတွေရှိတယ်

လို့ သိရတယ်။ ဒါပေမဲ့ တာဝန်ယူ၊ တာဝန်ခံပြီး လုပ်ဆောင်ပေးတာမျိုး မရှိသေးဘူးလို့ ကြား သိရတယ်။ ဒါကလည်း အဲဒီ မွန်ပြည်နယ်လွှတ် တော်ပိုင်ရေကားက အစိုးရ စီမံခန့်ခွဲပိုင်ခွင့် မရှိဘူးလို့ သိရတယ်။ မွန်လွတ်တော် အပိုင်း ကလည်း အဲဒီရေကားနဲ့ပတ်သက်လို့ ဆောင် ရွက်ပေးဖို့ မဝံ့မရဲဖြစ်နေတယ်လို့ ယူဆပါ တယ်” လို့ ပြောပါတယ်။

အဲဒီ မွန်ပြည်နယ်လွှတ်တော်ပိုင် ရေကား နှစ်စီးကို ဒီအတိုင်းထားမယ့် အတူတူ ပြည်သူ လူထုအတွက် အကျိုးရှိရလေအောင် စီမံ ဆောင်ရွက်သင့်ပါတယ်။

နွေကတော့ ထုံးစံအတိုင်း ပူလောင်မှုတွေ ကို ပေးနေဆဲပါပဲ။ နွေရာသီရဲ့ အပူဒဏ် အောက်မှာ ထုံးစံအတိုင်း ရေတွင်း၊ ရေကန် တွေ ခန်းခြောက်နေဆဲပါပဲ။ ရေတွင်း၊ ရေကန် တွေ ခန်းခြောက်တော့ ထုံးစံအတိုင်း ပြည်သူ တွေမှာလည်း သောက်သုံးရေအခက်အခဲတွေဖြစ်နေကြဆဲပါပဲ။

အဲဒီတော့ မြန်မာနိုင်ငံမီးသတ်ဦးစီးဌာန၊ ပရဟိတလူမှုကူညီရေးအသင်းအဖွဲ့တွေ၊ အလှူရှင်တွေကလည်း ထုံးစံအတိုင်း သောက် သုံးရေတွေကို ပေးဝေလှူဒါန်းနေကြဆဲပါပဲ။ အချိန်၊ ငွေ၊ လူစွမ်းအားအရင်းအမြစ်တွေက ဒီနွေမှာလည်း ထုံးစံအတိုင်း အခိုးအငွေ့အဖြစ် လွင့်ပျံနေဆဲပါပဲ။ 

 

Most Read

Most Recent