ယခုနှစ် ဧပြီ ၁၀ ရက်အထိ ကုလသမဂ္ဂ၏ ကိန်းဂဏန်းများအရ မြန်မာနိုင်ငံတွင် ပြည်တွင်းနေရပ်စွန့်ခွာသူဦးရေ ၁ ဒသမ ၈ သန်းကျော် ရှိလာသည်။
ထိုအထဲကမှ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလနောက်ပိုင်း ပဋိပက္ခနှင့် မလုံခြုံမှုများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးရသူ တစ်သန်းခွဲနီးပါး ပါဝင်ကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (OCHA Myanmar) က ထုတ်ပြန်ထားသည်။
၂၀၂၁ ခုနှစ်နောက်ပိုင်း မြန်မာနိုင်ငံတွင် စစ်ဘေးရှောင်ဦးရေ မြင့်တက်လျက်ရှိရာ အနောက်မြောက်ပိုင်းတွင် စစ်ဘေးရှောင်ဦးရေ ၉၇၀,၀၀၀ ကျော်ဖြင့် အမြင့်ဆုံးဖြစ်ပြီး အရှေ့တောင်ပိုင်းတွင် စစ်ဘေးရှောင်ဦးရေ ၄၂၉,၈၀၀ ရှိကြောင်း ကုလသမဂ္ဂကထုတ်ပြန်သည်။
မြန်မာနိုင်ငံတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အများအပြား၌ အထူးသဖြင့် နိုင်ငံ၏အနောက်မြောက်ပိုင်းနှင့် အရှေ့တောင်ပိုင်းတို့တွင် လက်နက်ကိုင်တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး လူသားချင်းစာနာထောက်ထားမှု လိုအပ်ချက်များ မြင့်တက်နေကြောင်း ကုလသမဂ္ဂက ဆိုသည်။
မြန်မာနိုင်ငံအတွင်းရှိ ပြည်နယ်နှင့်တိုင်းဒေသကြီးတို့တွင် လက်နက်ကိုင်ပဋိပက္ခများ ပြင်းထန်နေပြီး အထူးသဖြင့် နိုင်ငံ၏ အနောက်မြောက်ပိုင်း၊ အရှေ့တောင်ပိုင်းနှင့် ကချင်ပြည်နယ်တို့တွင် ဆက်လက်ဖြစ်ပွားနေကြောင်း OCHA Myanmar က ထုတ်ပြန်သည်။
ယင်းအကျိုးဆက်အနေဖြင့် အရပ်သားထိခိုက်သေဆုံးမှုနှင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးမှုများ ဆက်လက်မြင့်တက်နေပြီး နိုင်ငံအတွင်း လူသားချင်းစာနာမှုဆိုင်ရာအခြေအနေများကို ဆက်လက်ဆိုးရွားစေကြောင်း OCHA Myanmar က ဆိုသည်။
ထို့ပြင် လေကြောင်းတိုက်ခိုက်မှု ဖြစ်စဉ်များမှာ အထူးစိုးရိမ်ဖွယ်ရာ တစ်ခုဖြစ်ကြောင်းနှင့် အဆိုပါတိုက်ခိုက်မှုများကို ကုလသမဂ္ဂအတွင်းရေးမှူးချုပ်က ပြင်းပြင်းထန်ထန် ရှုတ်ချထားသည်။
ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်က လေကြောင်းတိုက်ခိုက်မှုများကို ပြင်းထန်စွာရှုတ်ချသည်ဟု ပြောကြားသည်။
ထို့ပြင် လေကြောင်းတိုက်ခိုက်မှုများက ၎င်းကို ထိတ်လန့်တုန်လှုပ်စေသည်ဟု ကုလသမဂ္ဂ လူ့အခွင့်အရေးအကြီးအကဲ ဗောလ်ကာတပ်ခ်က ဆိုသည်။
ထို့အတူ လေကြောင်းတိုက်ခိုက်မှုများကို မိမိတို့အနေဖြင့် အလွန်အမင်းစိုးရိမ်သည်ဟု အမေရိကန်က ထုတ်ပြန်ခဲ့သည်။
“၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ နောက်ပိုင်းမြန်မာနိုင်ငံက ဆိုးရွားတဲ့ နိုင်ငံရေးအကျပ်အတည်းနဲ့ လူသားချင်းစာနာမှုအကျပ်အတည်းတွေအတွက် မီးမောင်းထိုးပြနေပါတယ်”ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဗီဒန့်ပါတယ်ကဆိုသည်။
ထို့ပြင် အမေရိကန်၏ ထုတ်ပြန်ချက်တွင် အတားအဆီးမဲ့ လူသားချင်းစာနာမှုဆိုင်ရာအကူအညီကို ခွင့်ပြုပေးရန်၊ မြန်မာပြည်သူများ၏ စစ်မှန်ပြီး အားလုံးပါဝင်သည့် ဒီမိုကရေစီဆန္ဒများကို လေးစားရန် အမေရိကန်ပြည်ထောင်စုက နစကကို တောင်းဆိုကြောင်း ဖော်ပြထားသည်။
ယခုရက်ပိုင်းအတွင်း အာဆီယံအလှည့်ကျဥက္ကဋ္ဌ အင်ဒိုနီးရှားနိုင်ငံကလည်း ကြေညာချက်တစ်စောင်ကို ထုတ်ပြန်ခဲ့သည်။
လေကြောင်းတိုက်ခိုက်မှုများကို အာဆီယံက ပြင်းပြင်းထန်ထန် ရှုတ်ချကြောင်း ဖော်ပြထားသည်။
အထူးသဖြင့် အရပ်သားများအပေါ် အင်အားသုံး၍ အကြမ်းဖက်မှုပုံစံအားလုံးကို ချက်ချင်းရပ်ပစ်ရမည်ဖြစ်ကြောင်း အာဆီယံအလှည့်ကျဥက္ကဋ္ဌ၏ ထုတ်ပြန်ချက်ကဆိုသည်။
မြန်မာနိုင်ငံတွင် ရေရှည်တည် တံ့ခိုင်မြဲသော ငြိမ်းချမ်းသောအဖြေကိုရှာဖွေရန် အားလုံးပါဝင်နိုင်သော အမျိုးသားဆွေးနွေးပွဲအတွက် အဆင်ပြေသောပတ်ဝန်းကျင်ကို ဖန်တီးခြင်းကသာ တစ်ခုတည်းသော နည်းလမ်းဖြစ်လိမ့်မည်ဟု အာဆီယံအလှည့်ကျဥက္ကဋ္ဌ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
လက်ရှိဖြစ်ပေါ်နေသော အကျပ်အတည်းအတွက် အလုပ်ဖြစ်နိုင်ပြီး တာရှည်ခံသောအဖြေကို ရှာဖွေရာတွင် မြန်မာနိုင်ငံကို ဆက်လက်ကူညီရန် အာဆီယံ၏ ကတိကဝတ်ကို ထပ်လောင်းအတည်ပြုကြောင်း အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့ပြင် ဂျပန်နိုင်ငံတွင် သုံး ရက်ကြာ ပြုလုပ်ခဲ့သည့် စက်မှုထိပ်သီး ခုနစ်နိုင်ငံ (G 7) နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကလည်း အစည်းအဝေးပြီးသည့်နေ့တွင် ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။
ယင်းထုတ်ပြန်ချက်တွင် မြန်မာ နိုင်ငံ၏ လုံခြုံရေးအခြေအနေ ပိုမိုဆိုးရွားလာမှု၊ လူ့အခွင့်အရေး၊ လူသားချင်းစာနာ ထောက်ထားမှုနှင့် နိုင်ငံရေးအခြေအနေတို့အပေါ် လေးလေးနက်နက် စိုးရိမ်နေဆဲဖြစ်ကြောင်းနှင့် မြန်မာပြည်သူများနှင့် တစ်သားတည်း ရှိနေကြောင်း ဖော်ပြထားသည်။
အကြမ်းဖက်မှုများကို ချက်ချင်းရပ်တန့်ရန်၊ နိုင်ငံရေးအကျဉ်းသားများနှင့် တစ်ဖက်သတ် ဖမ်းဆီးထိန်းသိမ်းခံရသူအားလုံးကို ပြန်လွှတ်ပေးရန်နှင့် စစ်မှန်သော ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ ပြန်လည်ဦးတည်ရန်အတွက်လည်း G 7 နိုင်ငံခြားရေးဝန်ကြီးများက တိုက်တွန်းခဲ့သည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အပါအဝင် နိုင်ငံရေးပါတီ ၄၀ ကို နိုင်ငံရေးဖြစ်စဉ်မှ ဖယ်ထုတ်ခဲ့ခြင်းကိုလည်း ရှုတ်ချကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။
မြန်မာ့တပ်မတော်အနေဖြင့် သက်ဆိုင်သူအားလုံးပါဝင်သော ငြိမ်းချမ်းရေးဆွေးနွေးမှုအတွက် ပတ်ဝန်းကျင်တစ်ခုကို ဖန်တီးပေးသင့်သည်ဟုလည်း အဆိုပါကြေညာချက်တွင် ဖော်ပြထားသည်။ အထူးသဖြင့် ထိရှလွယ်သူများ အပါအဝင် လူအားလုံးအတွက် လူသားချင်းစာနာထောက်ထားမှု အကူအညီများ ဘေးကင်းစွာဖြင့် အတားအဆီးမရှိ ရောက်ရှိနိုင်ရန်လည်း G 7 နိုင်ငံခြားရေးဝန်ကြီးများက တိုက်တွန်းခဲ့သည်။
အာဆီယံအလှည့်ကျ ဥက္ကဋ္ဌနှင့် မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ်တို့မှတစ်ဆင့် ဘုံသဘောတူညီချက်ငါးရပ်ကို အကောင်အထည်ဖော်ရေးအတွက် အာဆီယံ၏ ကြိုးပမ်းမှုများကို ဆက်လက်ထောက်ခံသွားမည်ဟုလည်း ကြေညာချက်တွင် ဖော်ပြထားသည်။
ထို့ပြင် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်ကို ထောက်ခံကြောင်း ထပ်လောင်းအတည်ပြုခဲ့ပြီး အကြမ်းဖက်မှုများချက်ချင်းရပ်တန့်ရန်၊ လူ့အခွင့်အရေးနှင့် အခြေခံလွတ်လပ်ခွင့်များကို လေးစားရန်နှင့် အရပ်သားပြည်သူများကို အကာအကွယ်ပေးရန် တောင်းဆိုထားသည့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ကြေညာချက်အမှတ် ၂၆၆၉ ကို ကြိုဆိုကြောင်းလည်း G 7 နိုင်ငံခြားရေးဝန်ကြီးများက ဆိုသည်။
မြန်မာနိုင်ငံဆီသို့ စစ်လက်နက်ပစ္စည်းများ ဝင်ရောက်မှုကို တားဆီးကြရန်လည်း ကမ္ဘာ့နိုင်ငံများကို ၎င်းတို့က ထပ်လောင်းတိုက်တွန်းခဲ့သည်။
နေရပ်စွန့်ခွာ ထွက်ပြေးနေရသူ လုံး ဆန္ဒအလျောက် ဘေးကင်းစွာဖြင့် ဂုဏ်သိက္ခာရှိရှိ နေရပ်ပြန်နိုင်မည့်အခြေအနေများကို ဖန်တီးပေးရန် လိုအပ်ကြောင်းလည်း G 7 နိုင်ငံခြားရေးဝန်ကြီးများက အလေးအနက် ပြောကြားခဲ့သည်။
ထို့ပြင် မြန်မာ့အရေးဆွေးနွေးရန် ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးလူ့အခွင့်အရေးကိုယ်စားလှယ် တွမ်အန်ဒရူးအနေဖြင့် ဧပြီ ၁၉ ရက်တွင် ဂျပန်နိုင်ငံသို့ သွား ရောက်ခဲ့သည်။
“အားကောင်းတဲ့ အာရှဒီမိုကရေစီနိုင်ငံတစ်နိုင်ငံအနေနဲ့ မြန်မာ့အရေးနဲ့ပတ်သက်ပြီး ဒေသဆိုင်ရာ ခေါင်းဆောင်မှုကို ပံ့ပိုးပေးဖို့ ဂျပန်ဟာ အကွက်အကွင်းကျနေပါတယ်” ဟု ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးလူ့အခွင့်အရေးကိုယ်စားလှယ်က ဆိုသည်။
အရပ်သားများအပေါ် တိုက်ခိုက်မှုများ တိုးလာခြင်း၊ နိုင်ငံရေးအကျဉ်းသားများ တိုးလာခြင်း၊ လူသားချင်းစာနာမှုလိုအပ်ချက်များ မြင့်တက်လာခြင်းတို့ ဖြစ်ပေါ်နေချိန်တွင် မြန်မာနိုင်ငံ၏ အခြေအနေသည် ယိုယွင်းလျက်ရှိသည်ဟု တွမ်အန်ဒရူးက ပြောကြားသည်။
“မြန်မာပြည်သူတွေရဲ့အခိုင်မာဆုံး မဟာမိတ်ဖြစ်လာနိုင်စေဖို့ ဒီသြဇာအသုံးပြုရေးအတွက် ဂျပန်အစိုးရကို ကျွန်တော်တိုက်တွန်းသွားမှာ ဖြစ်ပါတယ်”ဟု ၎င်းက ပြောကြားသည်။
၁၀ ရက်ကြာ ခရီးစဉ်အတွင်း တွမ်အန်ဒရူးသည် ဂျပန်အစိုးရတာ ဝန်ရှိသူများ၊ မြန်မာဒုက္ခသည်များ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ ဆုံမည်ဖြစ်ပြီး ဂျပန်ရှိ ကုလသမဂ္ဂ အေဂျင်စီများထံ သွားမည်ဟုလည်း သိရသည်။
ထူးခြားချက်အနေဖြင့် မြန်မာ့အကျပ်အတည်းကို ဖြေရှင်းရန် တိုက်တွန်းချက်များတွင် အာဆီယံနှင့် G 7 အဖွဲ့ဝင်နိုင်ငံများ၏ တိုက်တွန်းမှုက တူညီနေခဲ့သည်။
အာဆီယံက မြန်မာနိုင်ငံတွင် ရေရှည်တည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်းရေးကိုအဖြေရှာရန် အားလုံးပါဝင်နိုင်သော အမျိုးသားဆွေးနွေးပွဲအတွက် ပတ်ဝန်းကျင်တစ်ခုကို ဖန်တီးခြင်းကသာ တစ်ခုတည်းသော နည်းလမ်းဖြစ်လိမ့်မည်ဟု အကြံပြုတိုက်တွန်းခဲ့သလို G 7 အဖွဲ့ဝင်နိုင်ငံများ ကလည်း မြန်မာ့တပ်မတော်အနေဖြင့် သက်ဆိုင်သူအားလုံးပါဝင်သော ငြိမ်းချမ်းရေးဆွေးနွေးမှုအတွက် ပတ်ဝန်းကျင်တစ်ခုကို ဖန်တီးပေးသင့်ကြောင်း တိုက်တွန်းခဲ့သည်။
ထို့ကြောင့် လက်ရှိတွင် လက်နက်ကိုင်ပဋိပက္ခများ ပြင်းထန်နေပြီး နေရပ်စွန့်ခွာသူဦးရေ မြင့်တက်နေသည့် မြန်မာနိုင်ငံအနေဖြင့် နိုင်ငံတကာ၏ တိုက်တွန်းမှုများအပေါ် မည်သို့ဆက်လက်ဆောင်ရွက်မည်ကို စောင့်ကြည့်ရမည် ဖြစ်သည်။










