ချောင်းဆုံမြို့နယ် (ဘီလူးကျွန်း) ကမာမိုကျေးရွာဘုရားပွဲတွင် ထည့်သွင်းကျင်းပ      သည့် မွန်ရိုးရာလှည်းယဉ်ကျေးမှုပြိုင်ပွဲ၌ဝင်ရောက်ယှဉ်ပြိုင်သည့်လှည်းသုံးစီးသာရှိ

ချောင်းဆုံမြို့နယ် (ဘီလူးကျွန်း) ကမာမိုကျေးရွာဘုရားပွဲတွင် ထည့်သွင်းကျင်းပ      သည့် မွန်ရိုးရာလှည်းယဉ်ကျေးမှုပြိုင်ပွဲ၌ဝင်ရောက်ယှဉ်ပြိုင်သည့်လှည်းသုံးစီးသာရှိ
ပြိုင်ပွဲဝင်လှည်းယာဉ်တစ်စီးကို တွေ့ရစဉ်
ပြိုင်ပွဲဝင်လှည်းယာဉ်တစ်စီးကို တွေ့ရစဉ်
Published 23 April 2023
ဘိုဘိုမြင့်

ဧပြီ ၂၂ ရက်က ချောင်းဆုံမြို့ နယ် (ဘီလူးကျွန်း) ကမာမိုကျေးရွာဘုရားပွဲတွင် ထည့် သွင်းကျင်းပသည့် မွန်ရိုးရာလှည်းယဉ်ကျေးမှု ပြိုင်ပွဲ၌ ဝင်ရောက်ယှဉ်ပြိုင်သည့် လှည်းအရေအတွက် သုံးစီးသာရှိခဲ့ကြောင်း သိရသည်။

ကိုဗစ်ကာလ မတိုင်ခင်ကာလများက လှည်းပြိုင်ပွဲများတွင် လှည်းယာဉ်ရှစ်စီး၊ ကိုးစီးခန့်အထိရှိခဲ့ကြောင်း၊ ထိုစဉ်က လှည်းများ ရှိသေးကြောင်း၊ ယခုနောက်ပိုင်းနှစ်များတွင် ပြိုင်ပွဲဝင်လှည်းများ နည်းလာကြောင်း၊  ပြီးခဲ့ သည့် ၂၀၂၁ ခုနှစ်ကလည်း ပြိုင်ပွဲဝင်လှည်း  သုံးစီးသာရှိတော့ကြောင်း ကမာမိုကျေးရွာမှ မွန်ရိုးရာလှည်းယဉ်ကျေးမှုပြိုင်ပွဲ ကျင်းပရေး ကော်မတီဝင်တစ်ဦးက ပြောကြားသည်။

၎င်းက ဆက်လက်ပြီး “အခုနှစ်လည်း ပြိုင်ပွဲဝင်လှည်းကသုံးစီးပဲ ရှိပါတယ်။ ပြိုင်ပွဲ ဝင်လှည်းတွေ မတိုးလာပေမဲ့ လျော့မသွားတာ ကိုပဲ ကျေးဇူးတင်ရမှာပါ ဟု ပြောကြားသည်။

အဆိုပါ မွန်ရိုးရာလှည်းယဉ်ကျေးမှုပြိုင် ပွဲ၌ ဝင်ရောက်ယှဉ်ပြိုင်သည့် လှည်းယာဉ်များ အနေဖြင့် သက်ဆိုင်ရာစုရပ်မှ ကမာမိုကျေး ရွာတောင်ပိုင်းရှိ ဝင်းလဲ့ညီနောင် ဆုတောင်း ပြည့်စေတီတော်သို့ လှည်းဖြင့်သွားရောက် ကာ ဘုရားဖူးပြီးနောက် ကမာမိုကျေးရွာ အ လယ်ပိုင်းရှိ ဘုရားပွဲကျင်းပရာကွင်းအတွင်း သို့မောင်းနှင်ရကြောင်းနှင့် လမ်းတစ်လျှောက် ရှိ အမှတ်ပေးအဖွဲ့များကလည်း အကဲဖြတ်အ မှတ်ပေးကြကြောင်း သိရသည်။

မွန်ရိုးရာနွားလှည်းယဉ်ကျေးမှုပြိုင်ပွဲတွင် နွား၊ လှည်း၊ ဝတ်စားဆင်ယင်မှု၊ ဣန္ဒြေ၊ အနေအထိုင် အချိုးအစားစသည်ဖြင့် အမှတ် ပေးစည်းမျဉ်းငါးမျိုးခွဲထားပြီး တစ်မျိုးစီကို ၁၀ မှတ်နှုန်းပေးကြောင်း သိရသည်။

မွန်ရိုးရာယဉ်ကျေးမှုဓလေ့တစ်ခုလည်း ဖြစ်သည့် မွန်ရိုးရာလှည်းယဉ်ကျေးမှုပြိုင်ပွဲကို ၁၉၇၅ ခုနှစ်က စတင်ကျင်းပခဲ့ကြောင်း နှင့် ဘီလူးကျွန်းတွင်ရှိသည့် ရွာဘုရားပွဲများ တွင် ဘုရားဖူးသည့်အခါနွားလှည်းဖြင့် ဘုရား ဖူးကြသည့် ရိုးရာဓလေ့ထုံးစံတစ်ခုကို နောက် ပိုင်းလူများ သိရှိနိုင်ရန် ရည်ရွယ်ချက်ဖြင့် မွန် ရိုးရာလှည်းယဉ်ကျေးမှုပြိုင်ပွဲအား ကျင်းပ ခြင်းဖြစ်ကြောင်း ကမာမိုကျေးရွာဒေသခံ နိုင် မြင့်မောင်လေးက ပြောကြားသည်။

အခုခေတ်က နွားတွေဆိုရင်လည်း မွေး မြူရေးနွားတွေလောက်ပဲ ရှိတော့တယ်။ လှည်းတွေဆိုရင်လည်း ဘုရားပေါ်ရောက်၊ စား သောက်ဆိုင်တွေရောက်၊ လှည်းဘီးတွေ ဆို ရင်လည်း နိုင်ငံခြားအထိပါ ရောက်ကုန်ကြပြီ လေ။ ဒီအချိန်ဒီအခါမှာက လှည်းနဲ့နွားနဲ့ လုပ်ဆောင်ရတဲ့ လယ်ယာလုပ်ငန်းခွင်က လည်း တော်တော်လေးကိုလည်း အားနည်း သွားပါပြီး။ ဒါပေမဲ့ ကျွန်တော်တို့အနေနဲ့က နွားတွေ၊ လှည်းတွေရှိနေသ၍တော့ ဒီကမာ မိုရွာမှာ မွန်ရိုးရာနွားလှည်းယဉ်ကျေးမှုအလှ ပြိုင်ပွဲကို မဖြစ်ဖြစ်အောင် လုပ်ဆောင်သွားဖို့ ကြိုးစားသွားမှာပါဟု နိုင်မြင့်မောင်လေးက ဆက်လက်ပြောကြားသည်။

ယခင်က ဘီလူးကျွန်း ၆၄ ရွာဘုရားပွဲဟု လူသိများထင်ရှားခဲ့သည့် ချောင်းဆုံမြို့နယ် (ဘီလူးကျွန်း) အတွင်းရှိ ကျေးရွာများ၏ဘု ရားပွဲများအား မဟာသင်္ကြန်အကြိုနေ့မှ စ တင်ကာ မြန်မာနှစ်ဆန်း ၁၀ ရက်အထိ ကျင်း ပလေ့ရှိကြောင်းနှင့် အဆိုပါကျေးရွာဘုရား ပွဲများအတွင်း ကမာမိုကျေးရွာ ဘုရားပွဲ၌ ထည့်သွင်းကျင်းပလေ့ရှိသည့် မွန်ရိုးရာလှည်း ယဉ်ကျေးမှုပြိုင်ပွဲမှာလည်း ထင်ရှားသည့်ပြိုင် ပွဲတစ်ခုဖြစ်ကြောင်း သိရသည်။

 

 

Most Read

Most Recent