မြင့်မားသော အင်ဖလေးရှင်းနှင့် လုပ်ခ-ဈေးနှုန်း အပြန်အလှန်သက်ရောက်မှု

မြင့်မားသော အင်ဖလေးရှင်းနှင့် လုပ်ခ-ဈေးနှုန်း အပြန်အလှန်သက်ရောက်မှု
Published 23 April 2023
စောနိုင် (အသုံးချဘောဂဗေဒ)

(၁)

ယနေ့အချိန်ကာလတွင် အင်ဖလေးရှင်းနှင့် ပတ်သက်၍ လူအတော်များများရင်းနှီးနေကြပြီ။ ကုန်ပစ္စည်းများစွာ၏ ဈေးနှုန်းများမြင့်တက်နေပါက ငွေကြေး ဖောင်းပွမှု ဖြစ်နေပြီဟု သဘောပေါက်ကြ ၏။ စီးပွားရေးဘာသာရပ်နှင့် နီးစပ်ကျွမ်းဝင်သူတို့က အင်ဖလေးရှင်းဟုဆိုလိုက်သည်နှင့် ဖြစ်နိုင်ခြေအကျိုးဆက်များကို ပါ တစ်မျှော်တစ်ခေါ်တွေးတောသုံးသပ်နေတတ်ကြပြီဖြစ်သည်။  

အင်ဖလေးရှင်းသည် အတိုင်းအတာတစ်ခုအထိသာ မြင့်တက်နေပါက ပြဿနာဟု မဆိုနိုင်သေး။ နိုင်ငံ့စီးပွားရေး၊ ကုန်ထုတ်လုပ်မှုကိုပင် အထောက်အကူဖြစ်စေသည်။ သို့သော် အဆမတန်ပိုမိုမြင့်မားလာသည့် အင်ဖလေးရှင်းဖြစ်ပါက စားသုံးသူများသာမက ထုတ်လုပ်သူများပါ ခက်ခဲမှုများရှိလာသည်။ နိုင်ငံ့စီးပွားရေးကိုပါ ထိခိုက်လာသည်။ ထို့ကြောင့် အင်ဖလေးရှင်းသည် စီးပွားရေးပညာရှင်များ၊ သုတေသီများ၏ အမြဲမပြတ်စိတ်ဝင်စားနေရအကြောင်းဖြစ်သည်ကိုခေတ်အဆက်ဆက်ဖြစ်ပွားခဲ့သော အင်ဖလေးရှင်းအခြေအနေများကို လေ့လာခဲ့သည့် စာတမ်းများ၊ ဆွေးနွေးပွဲများက သက်သေပြနေသည်။

(၂)

ယခုအချိန်တွင် တစ်ကမ္ဘာလုံး အင်ဖလေးရှင်းကိုရင်ဆိုင်နေကြရသည်။ နိုင်ငံအချို့၌ ပြီးခဲ့သည့် ဆယ်စုနှစ်လေးခုအတွင်း အလျင်မြန်ဆုံးနှုန်းဖြင့် မြင့်တက်နေသည့် အင်ဖလေးရှင်းကို ရင်ဆိုင်နေရသည်ဟုဆိုသည်။ တင်းကျပ်သော လုပ်သားဈေးကွက်များနှင့်အတူ ဖြစ်ပေါ်နေခြင်းဖြစ်သည်။ လုပ်သားဈေးကွက် တင်းကျပ်နေမှုကြောင့် လုပ်ခများမြင့်တက်လာနေသည်။ တင်းကျပ်နေသော လုပ်သားဈေးကွက် (tight labor market) ဆိုသည်မှာ လုပ်ငန်းများတွင် အလုပ်အကိုင် အခွင့်အလမ်းများပြားနေပြီး လုပ်ကိုင်မည့်အလုပ်သမားအရေအတွက်ရှားပါးနေခြင်း ဖြစ်သည်။ 

လုပ်ခများ မြင့်တက်မှုဖြစ်ခြင်းကြောင့် စီးပွားရေးအဆောက်အအုံအတွင်း ဈေးနှုန်းများမြင့်တက်လာသည်။ ဈေးနှုန်းများမြင့်တက်လာသောအခါ  လုပ်သားဈေးကွက်ထဲတွင် လုပ်ခ၊ လစာမြင့်မားမှုများ တောင်းဆိုလာမှုဖြစ်ပေါ်လာတတ်ပြီး လုပ်ခလစာမြင့်တက်မှုများဖြစ်လာနိုင်သည်။ လုပ်ခများမြင့်တက်မှုက စတင်ခဲ့သည့် အခြေအနေသည် လုပ်ခများမြင့်တက်မှုနှင့်ပင် အဆုံးသတ်သွားသည်။ သို့သော် အကျိုးဆက်မှာ မပြီးသေး။ ကုန်ဈေးနှုန်းများ ဆက်လက်မြင့်တက်စေသည့် အကြောင်းဖြစ်လာသည်။ ထိုသို့လုပ်သားဈေးကွက်ထဲရှိလုပ်ခများမြင့်တက်မှုကြောင့် စီးပွားရေးအဆောက်အအုံအတွင်း ဈေးနှုန်းများမြင့်တက်၊ ဈေးနှုန်းများမြင့် တက်မှုကြောင့် လုပ်ခများ တစ်ဖန် ပြန်လည်မြင့်တက် စသည်ဖြင့် လုပ်ခများနှင့် ဈေးနှုန်းများကြား အပြန်အလှန်သက်ရောက်မှုများရှိနေပြီး အင်ဖလေးရှင်းကို ကြီးထွားလာနိုင်သောကြောင့် အားလုံးကို စိုးရိမ်သောကတို ့မြင့်တက်စေသည်ဟုဆိုကြသည်။ 

ထိုအခြေအနေကို ဘာသာရပ်ဝေါဟာရအားဖြင့် လုပ်ခ-ဈေးနှုန်း အပြန်အလှန်သက်ရောက်မြင့်တက်မှု  (wage-price spiral) ဟု ခေါ်သည်။ ထို အခြေအနေသည် အချိန်ကာလကြာမြင့်စွာဖြစ်နိုင်သည့် အကြောင်းအကျိုး ကွင်းဆက်ဖြစ်ပြီး အင်ဖလေးရှင်းမီးတောက်ကြီးထွားလာစေရန် မီးထိုးနေသည့်အရာလည်းဖြစ်သည်ဟု ဆိုသည်။    

(၃)

ယခုလည်း လုပ်ခနှင့်ဈေးနှုန်း တို့ကြားဆက်စပ်ပြောင်းလဲမှုအခြေအနေများကို ကမ္ဘာက တစ်ကျော့ပြန်လည် စိတ်ဝင်စားရန်အကြောင်းဖန်လာသည်။  လုပ်ခ-ဈေးနှုန်းအပြန်အလှန်သက်ရောက်မြင့်တက်မှုသည် ယေဘုယျအားဖြင့် ထိန်းချုပ်မရနိုင်သည့် အခြေအနေမဟုတ်။ အင်ဖလေးရှင်းဘေးအန္တရာယ်များကို ထိန်းချုပ်နိုင်ရေး အတွက် အခြေအနေများကို ဆန်းစစ်လေ့လာရာတွင် အောက်ပါအချက်များ သတိပြုစရာအဖြစ်ကို တွေ့ရသည်။ 

(က) အင်ဖလေးရှင်းဖြစ်စေသည့် ရုတ်တရက်အပြောင်းအလဲ(ရှော့ခ်) များသည် လုပ်သားဈေးကွက်အတွင်းမှ ဖြစ်ပေါ်လာခြင်းမဟုတ်ဘဲ လုပ်သားဈေးကွက်ပြင်ပမှ  ဖြစ်လာခြင်း၊(ခ) အမှန်လုပ်ခများ (real wages) ကျဆင်းနေခြင်းသည် ဈေးနှုန်းဖိအားများကို လျှော့ချပေးနိုင်ရန်အထောက်အကူဖြစ်စေခြင်း (အမှန်လုပ်ခဆိုသည်မှာငွေကြေးဖောင်းပွမှု(ဈေးနှုန်းမြင့်တက်မှု) နှင့် ချိန်ဆတွက်ပြီးသား ဈေးကွက်ထဲတွင် ကုန်ပစ္စည်းများကို အမှန်တကယ်ဝယ်ယူနိုင်စွမ်းရှိသည့် လုပ်ခပမာဏကိုဆိုလိုသည်)၊

(ဂ)   အင်ဖလေးရှင်းသည် လုပ်သားဈေးကွက်ထဲမှ စတင်ဖြစ်ပေါ်ခြင်းမဟုတ်။ လုပ်ခများ မြင့်တက်လာခြင်း၏ အဓိကအကြောင်းရင်းဟုမယူဆ။  အင်ဖလေးရှင်းကြောင့် ဈေးနှုန်းများမြင့်တက်လာပြီး အမှန်လုပ်ခများ ကျဆင်းလာစေသောကြောင့် လုပ်ခအခြေအနေများသည် ဈေးနှုန်းမြင့်တက်မှုကို များစွာတွန်းအားပေးနိုင်ခြင်းမရှိ။ နှုန်းဖိအားကို လျော့ကျလာစေနိုင်သည်ဟု ယူဆသည်။ ဗဟိုဘဏ်များသည်လည်း အင်ဖလေးရှင်းလျော့ကျရေးအတွက် တင်းကျပ်သော ငွေကြေးမူဝါဒများ ကျင့်သုံးသဖြင့် လုပ်ခ-ဈေးနှုန်း အပြန်အလှန်သက်ရောက်မှု ဆက်လက်မဖြစ်စေရေး အထောက်အကူရစေခြင်း၊

    (၄)

သမိုင်းတစ်လျှောက် လေ့လာကြည့်ရာတွင်လွန်ခဲ့သောနှစ် ၅၀ အတွင်း ဖွံ့ဖြိုးပြီးနိုင်ငံများ၌ ဖြစ်ပွားခဲ့သည့် အင်ဖလေးရှင်းအခြေအနေများသည် ၂၀၂၁ ခုနှစ်မှစ၍ လက်ရှိအချိန်အထိဖြစ်ပေါ်နေသော အခြေအနေများနှင့် တူညီနေသည်ကိုတွေ့ရသည်။ ဈေးနှုန်းများ မြင့်မားမှုကြောင့် ငွေကြေးဖောင်းပွမှုကြီးထွားလာနေစဉ် လုပ်ခများမြင့်တက်မှုသည် အပေါင်းလက္ခဏာဆောင်သည်ကို တွေ့ရသည်။ သို့သော် အမှန်လုပ်ခများနှင့် အလုပ်လက်မဲ့နှုန်းများ တန့်နေသကဲ့သို့ ကျဆင်း နေသည်လည်း ရှိလာသည်။ ယေဘုယျဆိုရလျှင် ထိုအခြေအနေများသည် အများယူဆနေကြသည့် လုပ်ခများမြင့်တက်မှုကြောင့် ဈေးနှုန်းမြင့်တက်မှု (ငွေကြေးဖောင်းပွမှု) ဖြစ်လာခြင်း၊ ဈေးနှုန်းမြင့်တက်လာမှုကြောင့် လုပ်ခများမြင့်တက်လာနိုင်ခြင်းဟူသော ဖြစ်စဉ် (လုပ်ခ-ဈေးနှုန်း အပြန်အလှန်သက်ရောက်မြင့်တက်မှု) သို့ ဦးတည်သည့်အခြေအနေမျိုးမရှိခဲ့ဟုဆိုသည်။  နောက်ပိုင်းသုံးလပတ်ကာလများတွင် ငွေကြေးဖောင်းပွမှုကျဆင်းခဲ့သည်။ အမည်ခံလုပ်ခများ  (nomial wages) တဖြည်းဖြည်းပြန်လည်မြင့်တက်လာကာ အမှန်လုပ်ခများ (real wages) များ ပြန်လည်အခြေအနေကောင်းလာစေရန်ပင် အထောက်အကူပြုသည်ကိုတွေ့ခဲ့ရသည်။  (အမည်ခံလုပ်ခဆိုသည်မှာ ဈေးနှုန်းမြင့်တက်မှုနှင့် ချိန်ညှိထားခြင်းမရှိသော၊ ဝယ်နိုင်စွမ်းအားကို ထည့်သွင်းမစဉ်းစားထားသော မျက်မြင်တွေ့ရှိသည့် လုပ်ခငွေကြေးပမာဏဖြစ်သည်)    အတိတ်ကာလများကဖြစ်ပေါ်ခဲ့သည့် လုပ်ခလစာများကြောင့် ဈေးနှုန်းများမြင့်တက်ခြင်း၊ ဈေးနှုန်းများမြင့်တက်မှုကြောင့် လုပ်ခများပြန်လည်မြင့်တက်လာခြင်း စသည့် ဘတစ်ပြန် ကျားတစ်ပြန်အခြေအနေများသည် အမြဲတမ်း သို့မဟုတ် ပုံသေဖြစ်ပေါ်နေခြင်းမဟုတ်ဘဲ ရှားရှားပါးပါးအခြေအနေဖြစ်သည်ဟူ၍သတိပြုစရာဖြစ်သည်ဟုဆိုသည်။

(၅)

 သို့သော် စီးပွားရေးမူဝါဒ ရေးဆွဲချမှတ်သူများအနေဖြင့် လုပ်ခနှင့် ဈေးနှုန်းများအကြား အပြန်အလှန်သက်ရောက်မြင့်တက်မှုနှင့်ပတ်သက်၍ စိုးရိမ်စရာမရှိဟုဆိုကာ စိတ်ချလက်ချ သဘောထား၍မဖြစ်ချေ။ အခြေအနေမျိုးမျိုးအပေါ်မူတည်၍ ရလဒ်မျာသည် ကွဲပြားခြားနားစွာ ဖြစ်ပေါ်ခဲ့သည့် အခြေအနေများရှိခဲ့သည်။ အချို့ဆိုလျှင် ဆိုးရွားသောရလဒ်များကိုပင် ပြသနေသည်။ ဥပမာအားဖြင့် ၁၉၇၉ ခုနှစ်နောက်ပိုင်း အမေရိကန်နိုင်ငံ ကြုံတွေ့ခဲ့ရသည့် အင်ဖလေးရှင်းအခြေအနေကိုကြည့်နိုင်သည်။ ရေနံဈေးနှုန်းမြင့်တက်မှုများနိုင်ငံစီးပွားရေး ကိုရိုက်ခတ်လာသောအခါ အင်ဖလေးရှင်းသည် ဆက်လက်မြင့်တက်သွားခဲ့၏။ ဗဟိုဘဏ်က အတိုးနှုန်းကို သိသိ သာသာ မြှင့်တင်လိုက်မှသာ အင်ဖလေးရှင်း မူလလမ်းကြောင်းမှပြောင်းသွားခဲ့ခြင်းဖြစ်သည်ကို တွေ့ရသည်။ 

(၆)

အင်ဖလေးရှင်းနှင့်ပတ်သက်လာလျှင် ဈေးကွက်အင်အားစုများ (လူတို့) ၏ မျှော်လင့်ချက်အခန်းကဏ္ဍသည်လည်း အရေးကြီးသည်။ မျှော်လင့်ချက်များသည်မူဝါဒရေးဆွဲသူများ၏ အင်ဖလေးရှင်းအပေါ် တု့ံပြန်ပြုမှုများကို သက်ရောက်စေသည်။ ၂၀၂၁ ခုနှစ်ဒုတိယနှစ်ဝက် လုပ်ခများပြောင်းလဲဖြစ်ပေါ်မှုကို ရှင်းလင်းဖော်ပြထားသည့် လေ့လာမှုတစ်ခုတွင် အင်ဖလေးရှင်းနှင့်ပတ်သက်သည့် လူတို့၏ဆင်ခြင်တုံတရားကို အခြေခံဖြစ်ပေါ်လာသည့် မျှော်လင့်ချက်များသည် ယခင်ကထက် ပိုမိုအရေးပါလာသည်ဟု ဖော်ပြထားသည်။ 

ထို့ပြင် စီးပွားရေးသက်ဆိုင်သည့် သတင်းအချက်အလက်များအပေါ်တွင်လည်း လူတို့၏မျှော်လင့်ချက်များက ထင်ဟပ်နေသည်။ အိမ်ထောင်စုများ၊စီးပွားရေးလုပ်ငန်းများသည် လုပ်ခနှင့် ဈေးနှုန်းများနှင့် ပတ်သက်သည့် ရုတ်တရက်ပြောင်းလဲဖြစ်ပေါ်မှုများ (shocks) ကို ခေတ္တယာယီသာဟု သဘောပေါက်ထားပါကမြင့်တက်လာသည့်လုပ်ခများနှင့် အင်ဖလေးရှင်းတို့သည် အလျင်အမြန်ပင်ပြန်လည်ကျဆင်း၍ ဗဟိုဘဏ်အာဏာပိုင်တို့မျှော်မှန်းထာသည့် အင်ဖလေး ရှင်း နှုန်း အဆင့်သို့ ပြန် လည် ရောက် ရှိကာတည်ငြိမ် သွားနိုင်သည်ဟူ၍ လည်းမှန်းဆထားကြသည်။   

 (၇)

ယခုလေ့လာနေသည့်လုပ်ခမြင့်မားလာမှုနှင့်အင်ဖလေးရှင်းနှုန်းမြင့်တက်လာမှုကို  ဆင်ခြင် တုံတရားအားကောင်းကောင်းဖြင့်  အကျိုး အကြောင်း လျော်ညီစွာစဉ်းစားကြည့်ပါက ဗဟိုဘဏ်က ရည်မှန်းထားသည့်အဆင့်သို့ရောက်ရှိရန်အချိန်များစွာကြာနိုင်သည်ဟုဆိုထားသည်။သို့သော်ပို ၍ တိုတောင်းသည့်အချိန်အတွင်း၌ရည်မှန်းထားသည့်အခြေအနေသို့လည်း ရောက်ရှိသွားနိင် သည် ဟုမှန်း ဆပြန်သည်။  အိမ်ထောင်စုများ၊စီးပွားရေးလုပ်ငန်းများအနေဖြင့် အနာဂတ်တွင်ဖြစ်လာမည့်အင်ဖလေးရှင်း သည် ယနေ့ကြုံတွေ့နေရသည်အခြေအနေနှင့်တူညီမည်ဟု မှန်ဆထားပါက အနာဂတ်တွင်ပိုမိုမြင့်မားလာနိုင်သည့် အင်ဖလေးရှင်းကို ကာမိစေရန် လုပ်ခပိုမိုတောင်းဆိုမှုများ ရှိလာကြလိမ့်မည်။ အကျိုးဆက်သည်ကား အနာဂတ်ကာလ၌ အင်ဖလေးရှင်းနှုန်း ပိုမိုမြင့်မားလာနိုင်ပြီး ဗဟိုဘဏ်ရည်ရွယ်ထားသည့် အင်ဖလေးရှင်းနှုန်း၏ အထက်တွင်ရှိလာနိုင်သည်။ ဈေးကွက်များအတွင်း ဈေးနှုန်းရှော့ခ် နောက်ထပ်ဖြစ်ပေါ်လာခြင်း မရှိသည့်တိုင် ရင်ဆိုင်နေရသည့်  အင်ဖလေးရှင်းသည် အချိန်ပိုမိုကြာညောင်းလာနိုင်ပေသည်။       အခြေအနေအားလုံးတွင် အင်ဖလေးရှင်းမြင့်မားမှုသည် လုပ်ခမြင့်မားမှုထက်ကျော်လွန်ခဲ့ပါက အမှန်လုပ်ခသည် ကနဦးတွင် ကျဆင်းမှုဆီသို့ဦးတည်နေမည်။ အကယ်၍ အင်ဖလေးရှင်းသည် လုပ်သားဈေးကွက်မှ စတင်ဖြစ်ပေါ်လာခဲ့ပါက (မျှော်လင့်မထားဘဲ လုပ်ခညွှန်းကိန်းများ ရုတ်ခြည်းမြင့်တက်ခဲ့လျှင်) အမှန်လုပ်ခများကျဆင်းမှုဒဏ်ကို အသင့်အတင့်ခံရနိုင်ပြီး လုပ်ခမြင့်တက်မှုနှင့်အတူ အင်ဖလေးရှင်းနှုန်းကိုပါ ကာလရှည်ကြာစွာ အမြင့်ဘက်သို့တွန်းတင်သွားနိုင်ပေသည်။   

(၈)   

ငွေကြေးမူဝါဒရေးဆွဲသူများအနေဖြင့် မျှော်လင့်ချက်ဖြစ်စဉ်ကို နားလည်သဘောပေါက်ခြင်းသည် အရေးကြီးကြောင်း သိထားသင့်သည်။ စီးပွားရေးအဆောက်အအုံအတွင်း အင်ဖလေးရှင်းကို ရင်ဆိုင်နေရချိန်တွင် သုတေသီများ အပါအဝင် ငွေကြေးအခြေအနေကို နားလည်ကျွမ်းကျင်သူများက ယခင်အခြေအနေများကို ပြန်လည်လေ့လာမှုပြုလုပ်နေကြပါက ဗဟိုဘဏ်များအနေဖြင့် ၎င်းတို့၏လုပ်ဆောင်ချက်များကို ရှင်းရှင်းလင်းလင်း အသိပေးထားရန်လိုသည်။ ထိုသို့မပြုမှုပါက  ငွေကြေးမူဝါဒများ တင်းကျပ်နေချိန်တွင် ထင်မြင်ယူဆချက်များဖြင့် ပိုမိုအခက်အခဲများရှိလာနိုင်သည်။   

(၉)

မကြာသေးမီက  သက်ဆိုင်ရာစီးပွားရေးအခြေအနေများအပေါ် မူတည်၍ ပြင်ဆင်ချိန်ညှိထားသော ဗဟိုဘဏ်များ၏ ငွေကြေးဆိုင်ရာတင်းကျပ်လုပ်ဆောင်မှုများသည် အားရစရာဖြစ်သည်ဟု ကောက်ချက်ချကြသည်။ ထိုလုပ်ဆောင်ချက်များသည်  အမြစ်တွယ်သကဲ့သို့ ခိုင်မာနေသော အင်ဖလေးရှင်း၊ ရည်ရွယ်ထားသည့်အခြေအနေမှ ကာလရှည်ကြာသွေဖည်နေသာ အင်ဖလေးရှင်းကို ပြန်လည်ထိန်းကျောင်းနိုင်ရေး အထောက်အကူပြုလိမ့်မည်ဟုလည်း ယူဆနေကြ သည်။ သို့သော် ယနေ့ဖြစ်ပေါ်နေသော အင်ဖလေးရှင်းသည် ယခင်ကာလများက အခြေအနေမျိုးမဟုတ်။ အရပ်လေးမျက်နှာကသာမက အရပ်ရှစ်မျက်နှာကဆက်စပ်ဝင်ရောက်လာသည့် နောက်ခံအကြောင်းများ မျိုးစုံရှိနေသည်ဟု ဆိုပါလျှင်….။   

    

https://www.imf.org/    

 

 

Most Read

Most Recent