၂၀၂၂ ခုနှစ် ဖိလစ်ပိုင်သမ္မတရွေးကောက်ပွဲကာလအတွင်း ဖာဒီနန်မားကို့စ်ဂျူနီယာသည် ယခင်သမ္မတ ရိုဒရီဂိုဒူတာတေး၏ တရုတ်မဏ္ဏိုင်ပြုသည့်မူဝါဒကို ဆက်လက်ကျင့်သုံးဖွယ်ရှိသည့် တရုတ်လိုလားသည့် ကိုယ်စားလှယ်လောင်းတစ်ဦးအဖြစ် ကျယ်ကျယ်ပြန့်ပြန့် ရှုမြင်ခံခဲ့ရသည်။
အဘယ်ကြောင့်ဆိုသော် မားကို့စ်ဂျူနီယာသည် အမေရိကန်နှင့်ပတ်သက်ပြီး ဝေဖန်သည့်စကားများ ပြောဆိုခဲ့ကာ တရုတ်နှင့် ထိတွေ့ဆက်ဆံမည်ဟု လူသိရှင်ကြားပြောကြားခဲ့ခြင်းကြောင့်ဖြစ်သည်။
ထိုအချိန်က မားကို့စ်ဂျူနီယာက တောင်တရုတ်ပင်လယ်အရေးတွင် အမေရိကန်၏ ပါဝင်ပတ်သက်မှုမှာ အခြေအနေကို ပိုမိုရှုပ်ထွေးစေနိုင်ကြောင်းနှင့် တရုတ်နှင့်ညှိနှိုင်းခြင်းသည် ဖိလစ်ပိုင်စစ်တပ်၏အင်အားကို အမြင့်ဆုံးအခြေအနေအထိရောက်ရှိစေနိုင်သည့် သဘောမျိုး ပြောကြားခဲ့သည်။
သမ္မတဖြစ်လာခဲ့ချိန်တွင်လည်း မားကို့စ်ဂျူနီယာက သူသည် ဒူတာတေးအစိုးရအဖွဲ့၏ “အားလုံးကို မိတ်ဆွေ၊ ရန်သူမရှိ” ဟူသည့် ဖိလစ်ပိုင်၏ လွတ်လပ်သော နိုင်ငံခြားရေးမူဝါဒကို ဆက်လက်ကျင့်သုံးသွားမည်ဟု ပြောကြားခဲ့သည်။
ယင်းမူဝါဒသည် မည်သည့်နိုင်ငံကိုမျှ အလွန်အကျူးမှီခိုအားထားရမည့် အခြေအနေကို ရှောင်လွှဲနိုင်မည့် မူဝါဒတစ်ခုဖြစ်သည်။ ယင်းမူဝါဒအရ မားကို့စ်ဂျူနီယာသည် ဖိလစ်ပိုင်ကို အဓိကအင်အားကြီးနိုင်ငံများ၊ အဓိကမိတ်ဖက်နိုင်ငံများနှင့် ဆက်ဆံရေးအဆင်ပြေစေရန်လိုလားကြောင်း ညွှန်ပြရာရောက်ခဲ့သည်။
မားကို့စ်ဂျူနီယာသည် သမ္မတဖြစ်လာခဲ့ချိန်ကတည်းက ၁၀ လအတွင်း အာဆီယံအဖွဲ့ဝင် နိုင်ငံအချို့၊ ဘယ်လ်ဂျီယံ၊ ဆွစ်ဇာလန်၊ တရုတ်နှင့် ဂျပန်အပါအဝင်နိုင်ငံပေါင်း ကိုးနိုင်ငံသို့ သွားရောက်ခဲ့သည်။
ဇန်နဝါရီလက တရုတ်သို့ သွားရောက်ခဲ့သည့် ခရီးစဉ်အတွင်း သူသည် တရုတ်၏ ပတ်လမ်း၊ ရပ်ဝန်းစီမံကိန်းအတွင်း ဖိလစ်ပိုင်၏ ပူးပေါင်းပါဝင်မှုကို ထပ်လောင်း အတည်ပြုခဲ့ပြီး နှစ်နိုင်ငံအကြား ဥပဒေပြုရေးဆိုင်ရာဖလှယ်မှုများ ပိုမိုလုပ်ဆောင်ရန်သဘောတူညီခဲ့သည်။
ထို့ပြင် သူသည် တောင်တရုတ်ပင်လယ်အရေးနှင့်ပတ်သက်ပြီး တရုတ်နှင့် အရေးပေါ်ဖုန်းလိုင်းတစ်ခု ထူထောင်ခြင်းအားဖြင့် အန္တရာယ်ကို ရှောင်လွှဲနိုင်မည့် အခြေအနေများကို တည်ဆောက်ရန် ကြိုးပမ်းခဲ့ပြီး အပြန်အလှန် တိုင်ပင်ဆွေးနွေးရေးယန္တရားကို နိုင်ငံခြားရေးဝန်ကြီးအဆင့်အထိ မြှင့်တင်ရန် အဆိုပြုခဲ့သည်။
ထိုမျှမကသေး သူသည် တောင်တရုတ်ပင်လယ်အရေးကို သက်ဆိုင်ရာနိုင်ငံများကသာ ဖြေရှင်းရေးဆိုသည့် တရုတ်၏ရပ်တည်ချက်နှင့် စစ်အေးကာလ စိတ်နေစိတ်ထားကို ရှောင်လွဲရန် လိုအပ်ပြီး ဝင်ရိုးစုံကမ္ဘာ (multipolar world) ဖြစ်စေလိုသည့် တရုတ်၏ ပြောကြားချက်များကို သံယောင်လိုက်ပြောဆိုခဲ့သည်။ ထို့ပြင် မားကို့စ်ဂျူနီယာသည် တရုတ်၏ ရင်းနှီးမြုပ်နှံမှုများကိုပါ လက်ခံကြိုဆိုခဲ့သည်။
■ အမေရိကန်နှင့် ဆက်ဆံရေးချိန်ခွင်လျှာ ပြန်လည်ထိန်းညှိခြင်း
မားကို့စ်ဂျူနီယာသည် အမေရိကန်နှင့် ဆက်ဆံရေးကို ပြန်လည်ချိန်ညှိနေသည်ဟု အများစုက ယူဆနေသည့်အချက်သည် သူ့အတွက် ဖိလစ်ပိုင်-အမေရိကန် မဟာမိတ်ဆက်ဆံရေးကို တိုးမြှင့်ရန် လှုပ်ရှားခွင့်ပေးရာရောက်ခဲ့သည်။
ထို့ပြင် အမေရိကန်ကို လုံခြုံရေးအာမခံပေးသူအဖြစ် အသိအမှတ်ပြုပြီး ဖိလစ်ပိုင်သည် အမေရိကန်နှင့် ထိပ်သီးအဆင့်အစည်းအဝေးများ ဆက်တိုက်ပြုလုပ်ခဲ့ကာ အမေရိကန်၊ ဂျပန်တို့နှင့်အတူ သုံးပွင့်ဆိုင် လုံခြုံရေးသဘောတူညီမှုတစ်ခုရရှိစေရန် ကြိုးပမ်းနေသည်။
အလှည့်အပြောင်းတစ်ခုမှာ ဖိလစ်ပိုင်နှင့် အမေရိကန်အကြားထားရှိသည့် ကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်အောက်တွင် ဖိလစ်ပိုင်စစ်စခန်းငါးခုကို အမေရိကန်အား အသုံးပြုခွင့်ပေးခဲ့သည့် သဘောတူညီချက်အပြင် နောက်ထပ်စစ်စခန်းလေးခုကို အမေရိကန်အား အသုံးပြုခွင့်ထပ်ပေးရန် မားကို့စ်ဂျူနီယာက မကြာသေးမီက အတည်ပြုပေးခဲ့ခြင်းဖြစ်သည်။
မားကို့စ်ဂျူနီယာကမူ ဖိလစ်ပိုင်သည် အမေရိကန်နှင့် တရုတ်ကြားတွင် ကောင်းမွန်သောမျဉ်းကို လျှောက်လှမ်းနေကြောင်း ဝန်ခံခဲ့သည်။ အမှီအခိုကင်းသော နိုင်ငံခြားရေးမူဝါဒကို အကောင်အထည်ဖော်ခြင်းသည် ယခင်လုပ်ဆောင်ပြီးစီးခဲ့သည်ထက် ပိုမိုလွယ်ကူသည်ဟုဆိုသည်။
သို့သော် တောင်တရုတ်ပင်လယ် သို့မဟုတ် ထိုင်ဝမ်ရေလက်ကြားရှိ စစ်ရေးဆိုင်ရာ အလားအလာရှိသော ဖြစ်နိုင်ခြေရှိသည့် အခြေအနေမျိုးတွင် ယင်းကဲ့သို့ ဆက်ဆံရေး ချိန်ညှိမှုလုပ်ရပ်သည် အခြေအနေအရပ်ရပ်ကြောင့် ပိုမိုခက်ခဲလာစေနိုင်သည်။
အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် တောင်တရုတ်ပင်လယ်အရေးပိုင် နိုင်ငံများကြားတွင် ဖိလစ်ပိုင်နိုင်ငံသည် အမေရိကန်၏ ကာကွယ်ရေးဆိုင်ရာ မဟာမိတ်နိုင်ငံဖြစ်ပြီး ထိုင်ဝမ်နှင့် နီးစပ်သည်။
လေကြောင်းနှင့် ပင်လယ်တိုက်ပွဲများဖြစ် နိုင်ခြေရှိသောကြောင့် ယင်းက ထိုင်ဝမ် သို့မဟုတ် တောင်တရုတ်ပင်လယ် ပဋိပက္ခတွင် အမေရိကန်အတွက် ဖိလစ်ပိုင်နိုင်ငံသို့ စစ်ရေးဝင်ရောက်မှုမှာ အဓိကဦးစားပေးဖြစ်လာမည်ဖြစ်သည်။
■ မားကို့စ် ဂျူနီယာနှင့် ဒူတာတေးအကြား ကွာခြားချက်များ
မားကို့စ်ဂျူနီယာသည် ဒူတာတေးအစိုးရအဖွဲ့၏ နိုင်ငံခြားရေးမူဝါဒအချို့ကို ဆက်လက်ကျင့်သုံးမည်ဟု ယူဆခံခဲ့ရသည့်တိုင် စူပါပါ၀ါ နှစ်နိုင်ငံဖြစ်သည့် အမေရိကန်နှင့် တရုတ်အကြား ၎င်းတို့၏ ချဉ်းကပ်ပုံမှာ ကွာခြားလှသည်။
ဒူတာတေးသည် အမေရိကန်ဆန့်ကျင်ရေး၊ တရုတ်ကို အားပြုရေး မူဝါဒချမှတ်ခဲ့ကာ တောင်တရုတ်ပင်လယ်အရေးတွင် တရုတ်ကို အလျှော့ပေးခဲ့သည်။ မားကို့စ်ဂျူနီယာလက်ထက်တွင်မူ ထိုကဲ့သို့သော အလျှော့ပေးမည့် သဘောထားကို ပြသခြင်းမရှိခဲ့ပေ။
ထို့ကြောင့် မားကို့စ်ဂျူနီယာလက်ထက်တွင် ယခင်သမ္မတဒူတာတေးနှင့်မတူညီသည့် လုပ်ဆောင်ချက်များကို မြင်တွေ့ရဖွယ်ရှိနေသည်။ အလုံးစုံခြုံကြည့်ပါက မားကို့စ်ဂျူနီယာအတွက် အမေရိကန်နှင့် တရုတ်အကြား ရပ်တည်ရမည့် အခြေအနေသည် လုံခြုံရေးနှင့် စီးပွားရေးအကြား ခြံစည်းရိုးခတ်ရမည့် အခြေအနေနှင့် တူညီနေနိုင်သည်။
■ အမေရိကန်-တရုတ် အားပြိုင်မှုကြားမှ ဖိလစ်ပိုင်အခြေအနေ
ဖိလစ်ပိုင်အတွက် အရေးကြီးသည့်အချက်မှာ ငြိမ်းချမ်းနေသည့် အချိန်ကာလတွင်သာ အမေရိကန်- တရုတ် နှစ်နိုင်ငံစလုံးနှင့် လက်တွဲနိုင်မည်ဖြစ်သည်။
သို့သော် ၎င်းကိုယ်တိုင် တိုက်ရိုက်ပါဝင်ပတ်သက်နေသည့် တောင်တရုတ်ပင်လယ်အရေးတွင်မူ ဖိလစ်ပိုင်အနေဖြင့် ခြံစည်းရိုးကို ခွထိုင်နိုင်မည်မဟုတ်ဘဲ ရှေ့တန်းနေရာမှ ပါ ဝင်ရမည်ဖြစ်သည်။
အမေရိကန်နှင့် စစ်ရေးသဘောတူညီမှုသည် ဖိလစ်ပိုင်စစ်စခန်းများကို အဆင့်မြှင့်တင် မွမ်းမံရန်နှင့် ဖိလစ်ပိုင်၏ ကာကွယ်ရေးစွမ်းဆောင်ရည်ကို မြှင့်တင်ရာတွင် အထောက်အပံ့ဖြစ်စေမည်ဖြစ်သည်။
သို့ရာတွင် ယင်းသဘောတူညီချက်သည် တောင်တရုတ်ပင်လယ်တွင် တရုတ်၏ အနာဂတ်လှုပ်ရှားမှုများကို ဟန့်တားရာရောက်ပြီး ဖိလစ်ပိုင်၏ ကာကွယ်ရေးစွမ်းဆောင်ရည်ကို မြင့်တက်စေခြင်းရှိ မရှိ စောင့်ကြည့်ရမည် ဖြစ်သည်။ Ref;CNA










