ဝရမ်းပြေးမလေးရှားလုပ်ငန်းရှင် ဂျိုလိုနှင့်ပတ်သက်နေသည့် အမှုတစ်ခုအတွက် လီယိုနာဒို ဒီကာပရီယို ရုံးတော်တွင် သက်သေထွက်ဆို

ဝရမ်းပြေးမလေးရှားလုပ်ငန်းရှင် ဂျိုလိုနှင့်ပတ်သက်နေသည့် အမှုတစ်ခုအတွက် လီယိုနာဒို ဒီကာပရီယို ရုံးတော်တွင် သက်သေထွက်ဆို
Published 5 April 2023

အမေရိကန်နိုင်ငံရေးသမားများကို လွှမ်းမိုးခြယ်လှယ်ရန် ကမ္ဘာကျော်ဝရမ်းပြေး လုပ်ငန်းရှင်သူဌေးတစ်ဦးထံမှ ငွေများလက်ခံယူခဲ့မှုဖြင့် အမှုရင်ဆိုင်နေရသူ အမေရိကန်ဟစ်ဟော့အဖွဲ့ Fugees မှ အဖွဲ့ဝင် ပရက်စ်မီရှဲအတွက် ဟောလိဝုဒ်စတား လီယိုနာဒို ဒီကာပရီယိုက ရုံးတော်တွင် လာရောက်သက်သေထွက်ဆိုခဲ့သည်။

အသက် ၅၀ အရွယ်ရှိပြီဖြစ်သည့် ပရက်စ်မီရှဲသည် မလေးရှားဘီလျံနာဂျိုလိုထံမှ အမေရိကန်ဒေါ်လာသန်း ၁၀၀ ကျော်လက်ခံခဲ့သည်ဟု စွပ်စွဲခံထားရပြီး ၎င်းကမူ စွဲချက်များကို ငြင်းဆန်ထားသည်။ လီယိုနာဒိုက ထိုအမှုနှင့် မသက်ဆိုင်သော်လည်း၊ ဂျိုလိုနှင့်ပတ်သက်မှုရှိခဲ့သည့်အတွက် သက်သေထွက်ဆိုပေးခဲ့ရခြင်းဖြစ်သည်။

ဂျိုလိုက 1 MDB အရှုပ်တော်ပုံဟုခေါ်ကြသည့် မလေးရှားနိုင်ငံပိုင် ရန်ပုံငွေဘီလျံချီ အခိုးခံရမှုတွင် အဓိကသံသယရှိသူဖြစ်ပြီး ထိုအမှုက မလေးရှားနိုင်ငံသမိုင်းတွင် အကြီးမားဆုံး ငွေကြေးအလွဲသုံးစားလုပ်မှု ဖြစ်လာသည်။

အစိုးရရှေ့နေများပြောကြားချက်အရ ပရက်စ်မီရှဲသည် အမေရိကန်နိုင်ငံရေးတွင် ပြည်ပလွှမ်းမိုးမှုပါလာအောင် ဂျိုလို၏ပေးကမ်းမှုကို လက်ခံခဲ့ပြီး ဘားရက်အိုဘားမား၏ ၂၀၁၂ သမ္မတ မဲဆွယ်စည်းရုံးရေးတွင်လည်း တရားမဝင်ကွန်ရက်တစ်ခုကို အသုံးချပြီး ထောက်ပ့ံမှုများလုပ်ခဲ့သည်ဟု စွပ်စွဲခံထားရသည်။

လက်ရှိဂျိုလိုက လွတ်မြောက်နေဆဲဖြစ်ပြီး တရုတ်နိုင်ငံတွင်ရှိသည်ဟု ယူဆရသည်။ ၎င်းသည် လီယိုနာဒို၊ ပဲရစ်ဟီလ်တန်နှင့် ဘရစ်တနီစပီးယားအပါအဝင် နာမည်ကြီး ထင်ရှားသူများကို မျက်နှာသာပေး ဆက်ဆံခဲ့သည်။

ဧပြီ ၃ ရက်က ၀ါရှင်တန်ဒီစီရုံးတော်တွင် လီယိုနာဒိုက ဂျိုလိုနှင့်ပတ်သက်မှုကို ထွက်ဆိုခဲ့ပြီး ၂၀၁၀ ခုနှစ်က လက်စ်ဗီးဂတ်စ်ပါတီတစ်ခုတွင် စသိခဲ့သည်ဟုဆိုသည်။ နောက်ပိုင်းနှစ်များတွင် လီယိုနာဒိုသည် ဂျိုလို၏ဖိတ်ကြားချက်ဖြင့် အခြားအနုပညာရှင်များနှင့်အတူ ပါတီများ တက်ခဲ့သည်။ “သူက အဆက်သွယ်များတဲ့ ဒိတ်ဒိတ်ကြဲလုပ်ငန်းရှင်တစ်ဦးလို့တော့ ကျွန်တော်သိထားတယ်” ဟု လီယိုနာဒိုက ပြောသည်။ အသံတိုးသဖြင့် အသံမြှင့်ပြောရန် လီယိုနာဒိုကို တရားသူကြီးက တစ်ကြိမ်မက တိုက်တွန်းခဲ့ရသေးသည်။

နာမည်ကျော်လူလိမ်သမားတစ်ဦးအကြောင်း ရိုက်ကူးထားသည့် လီယိုနာဒို၏ ၂၀၁၃ ရုပ်ရှင် Wolf of Wall Street ဇာတ်ကားတွင် ဂျိုလိုနှင့်ပတ်သက်သည့် ကုမ္ပဏီတစ်ခု၏ ထောက်ပံ့မှုအချို့ ပါဝင်နေသည်။

Most Read

Most Recent